Top News

အိန္ဒိယက နိုင်ငံတစ်ဝန်း Lockdown ချထားမှုကို နောက်ထပ်နှစ်ပတ် သက်တမ်းထပ်တိုးမည်
24htopnews | October 29, 2024 5:12 PM CST

နိုင်ငံတစ်ဝန်း Lockdown ချထားမှုကို မေ ၄ ရက်နောက်ပိုင်း နောက်ထပ်သီတင်းပတ် နှစ်ပတ် သက်တမ်းတိုးမည်ဖြစ်ကြောင်း အိန္ဒိယအစိုးရက မေ ၁ ရက်တွင် ကြေညာခဲ့သည်။ သို့သော် အဖျော်ယမကာ ရောင်းချသည့်လုပ်ငန်း အပါအဝင် အခြားသောစီးပွားရေးလုပ်ငန်းများအား ပိတ်ပင်ကန့်သတ်ထားမှုကို တစ်ချို့တစ်ဝက် ဖြေလျှော့ပေးခဲ့သည်။

မတ်လနှောင်းပိုင်းတွင် စတင်ခဲ့သော Lockdown ချမှုသည် အသေးစား စီးပွားလုပ်ငန်းများစွာရှိသည့် အိန္ဒိယ၌ သန်းနှင့်ချီသော အလုပ်သမားများကို ကံဆိုးမိုးမှောင်ကျစေခဲ့ပြီး အာရှ၏ စီးပွားရေး တတိယ အင်အားအကြီးဆုံးနိုင်ငံကို ကြီးကြီးမားမား အထိနာစေခဲ့သည်။

COVID-19 ကူးစက်ပျံ့နှံ့နေသည့် ကာလအတွင်း တိုးတက်မှုသိသိသာသာရှိခဲ့ခြင်းကို အကြောင်းပြု၍ ဗိုင်းရပ်စ်ကူးစက်မှုနှုန်း နည်းပါးသည့် သို့မဟုတ် ကူးစက်မှု လုံးဝမရှိသည့် ဒေသများတွင် အတော်အတန် ဖြေလျှော့ပေးမည်ဟု ယူဆရကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

Lockdown ချထားမှုကြောင့် လေကြောင်းခရီးသွားလာမှုနှင့် ခရီးသည်တင် ရထားပြေးဆွဲမှုများ လုံးဝ ရပ်ဆိုင်းသွားခြင်း၊ မရှိမဖြစ် လိုအပ်သော ကုန်ပစ္စည်းများသာ တင်ပို့ခွင့်ရှိခြင်းတို့ကြောင့် စက်မှုလုပ်ငန်းနှင့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများအတွက် မရေရာ ဖြစ်စေခြင်း ကြုံခဲ့ရသည်။

အထူးသဖြင့် သိန်းနှင့်ချီသော ရွှေ့ပြောင်းအလုပ်သမားများမှာ ချက်ချင်းအလုပ်လက်မဲ့ ဖြစ်သွားခဲ့ပြီး လူအများအပြားက ၎င်းတို့၏နေရပ်ကျေးရွာများသို့ အစုလိုက် အပြုံလိုက် ထွက်ခွာစေရန် တွန်းအားဖြစ်စေခဲ့ပြီး လူအများအပြားမှာ လှူဒါန်းမှုများကို မှီခိုရသည့်အဖြစ်သို့ ရောက်သွားခဲ့သည်။

သို့သော်လည်း တင်းတင်းကျပ်ကျပ် ချမှတ်ထားသော ပိတ်ဆို့ကန့်သတ်မှုများကြောင့် ဗိုင်းရပ်စ်ကူးစက်ခံရသူ အရေအတွက်နှင့် သေဆုံးသူအရေအတွက် တစ်ဟုန်ထိုး မြင့်တက်မလာရန် ထိန်းထားနိုင်ခဲ့သည်။ မေ ၂ အထိ အိန္ဒိယတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၃၇၃၃၆ ဦးရှိပြီး ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ စုစုပေါင်း ၂၁၁၃ ဦး ရှိသည်။

ကမ္ဘာပေါ်တွင် လူဦးရေအထူထပ်ဆုံး မြို့များတည်ရှိသည့် အိန္ဒိယတွင် လူတစ်ဦးနှင့် တစ်ဦး ခပ်ခွာခွာနေရန် ကိစ္စမှာ မဖြစ်နိုင်သလောက်ရှိနေပြီး လူဦးရေ ၁.၃ ဘီလျံနေထိုင်ရာ နိုင်ငံ၌ ရောဂါစစ်ဆေးမှုများကို လုံလုံလောက်လောက် မလုပ်ဆောင်နိုင်ကြောင်း ပညာရှင်အချို့က ဆိုသည်။

အထူးကိစ္စရပ်များအတွက် သွားလာခြင်းမှအပ နိုင်ငံတစ်ဝန်းတွင် လေကြောင်း ခရီးသွားလာမှု၊ ရထားဖြင့် ခရီးသွားလာမှုတို့ကို ဆက်လက်ပိတ်ပင်ထားမည်ဖြစ်ပြီး စာသင်ကျောင်းများ၊ စားသောက်ဆိုင်များ၊ ဝတ်ပြုနေရာများကဲ့သို့ လူစုဝေးနေရာများကိုလည်း ပိတ်ပင်ထားကြောင်း အစိုးရအဖွဲ့က မေ ၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အစိုးရအဖွဲ့လုပ်ဆောင်သော အဆင့်သတ်မှတ်ချက်စနစ်တွင် အရောင်များဖြင့် ခွဲခြားထားသည့် နယ်မြေဒေသများသည် အရောင်များအလိုက် ကန့်သတ်ပိတ်ဆို့မှုများ ဖြေလျှော့ခံရမည်ဖြစ်သည်။

ဗိုင်းရပ်စ်ကူးစက်မှုအန္တရာယ် မြင့်မားသော ဒေသများကို အနီရောင်ဇုန်၊ ကူးစက်မှု ကင်းစင်သော သို့မဟုတ် လွန်ခဲ့သည့် ၂၁ ရက်အတွင်း ကူးစက်မှုသစ် လုံးဝမရှိခဲ့သော ဒေသများကို အစိမ်းရောင်ဇုန်၊ အနီရောင်ဇုန်နှင့် အစိမ်းရောင်ဇုန်အကြား အခြေအနေ အသင့်အတင့်ရှိဒေသများကို လိမ္မော်ရောင်ဇုန်အဖြစ် သတ်မှတ်ထားခြင်းဖြစ်သည်။

ယင်းသို့ သတ်မှတ်လုပ်ဆောင်ခြင်းသည် နယူးဒေလီ၊ မွန်ဘိုင်း၊ ပူနီ၊ အာမက်ဒါဘတ် စသော မြို့ပြဧရိယာများ၌ ဗိုင်းရပ်စ်ကူးစက်မှုနှုန်း မြင့်မားနေသည်ကို ပြသနေပြီး ကျေးလက်ဒေသအများအပြား၌ ဗိုင်းရပ်စ် ကူးစက်မှုနှုန်း နည်းပါးခြင်း သို့မဟုတ် ကူးစက်မှု လုံးဝမရှိခြင်းကို ပြသနေသည်။

အနီရောင်ဇုန်နှင့် လိမ္မော်ရောင်ဇုန်အတွင်းတွင် ပါဝင်သော ဒေသများ၌ ရောဂါပိုးရှိသူများနှင့် ထိတွေ့မှုရှိခဲ့သူများကို ခြေရာခံခြင်း၊ တစ်အိမ်တက် တစ်အိမ်ဆင်း စစ်ဆေးခြင်း၊ မရှိမဖြစ် လိုအပ်သော ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများ ထောက်ပံ့ခြင်း၊ အရေးပေါ် ဆေးကုသရေးအဖွဲ့များ သွားလာခြင်းမှလွဲ၍ မြို့တွင်းမြို့ပြင် သွားလာလှုပ်ရှားမှုများ မရှိစေရန် အထူးကြပ်မတ်သွားမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

အနီရောင်ဇုန်နှင့် လိမ္မော်ရောင်ဇုန်များတွင် ဗိုင်းရပ်စ်ကူးစက်မှုနှင့်ပတ်သက်၍ ရာနှုန်းပြည့် သတင်းပေးပို့နိုင်ရန်အတွက် အစိုးရအဖွဲ့၏ ခြေရာခံအက်ပလီကေးရှင်း Aarogya Setu ကို ယင်းဒေသများတွင် အသုံးပြုလာစေရန် အာဏာပိုင်များက တွန်းအားပေးရမည်ဖြစ်သည်။ သို့သော် ထိုအက်ပလီကေးရှင်းသည် လုံခြုံရေးအားနည်းမှုများ ရှိနိုင်ခြင်း၊ လက်တွေ့အသုံးပြုရာတွင် အခက်အခဲများ ရှိခြင်းတို့ကြောင့် ဝေဖန်ခံနေရသည်။

အနီရောင်ဇုန်များတွင် တည်ရှိသည့် စက်မှုလက်မှုလုပ်ငန်းများ၊ အစိုးရရုံးများကို ခြွင်းချက်အနေဖြင့် လည်ပတ်ခွင့်ပြုထားပြီး အနီရောင်ဇုန်အဖြစ် သတ်မှတ်ခံထားရသော ကျေးလက်ဒေသများတွင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ၊ အုတ်ဖုတ်သည့်လုပ်ငန်းများကို လုပ်ကိုင်ခွင့်ပြုထားသည်။

လိမ္မော်ရောင်ဇုန်များတွင် ကိုယ်ပိုင်ယာဉ်များ၊ ဆိုင်ကယ်များ မောင်းနှင်ခြင်း၊ တက္ကစီပြေးဆွဲခြင်းတို့ကို ခွင့်ပြုပေးထားသည်။ သို့သော် ထိုယာဉ်များပေါ်တွင် သတ်မှတ်ထားသည့် လူအရေအတွက်ကိုသာ တင်ဆောင်ရမည်ဖြစ်သည်။

တစ်နိုင်ငံလုံးအနှံ့ တားမြစ်ပိတ်ပင်ထားသည့် လုပ်ငန်းများမှအပ အခြားလုပ်ငန်းများအားလုံးကို အစိမ်းရောင်ဇုန်များတွင် လုပ်ကိုင်ခွင့်ပြုထားည်။

မတ်လနှောင်းပိုင်းမှစ၍ ပထမဆုံးအကြိမ်အဖြစ် အစိမ်းရောင်ဇုန်များရှိ စျေးဆိုင်များတွင် အရက်သေစာ ရောင်းချခြင်း၊ ကွမ်းယာရောင်းချခြင်းတို့ကို ပြန်လည် လုပ်ကိုင်ခွင့်ပြုခဲ့ပြီး ရောင်းသူနှင့် ဝယ်သူအကြား နှစ်မီတာ ခွာနေရမည်ဖြစ်ကာ ငါးဦးထက်ပို၍ စုဝေးဝယ်ယူခြင်း မပြုရပေ။

 


READ NEXT
Cancel OK