Top News

ဆေးတက္ကသိုလ်များတွင် အခြေခံအုတ်မြစ်စာသင်နှစ်မှစ၍ ရလဒ်အခြေပြုသော ပေါင်းစည်းချိတ်ဆက်သင်ကြားခြင်း သင်ရိုးညွှန်းတမ်းသစ်ဖြင့် စတင်သင်ကြားနေ
24htopnews | October 27, 2024 4:12 AM CST

ဆေးတက္ကသိုလ်များတွင် အခြေခံအုတ်မြစ် စာသင်နှစ် (Foundation year) မှစ၍ ရလဒ်အခြေပြုသော ပေါင်းစည်းချိတ်ဆက် သင်ကြားခြင်း သင်ရိုးညွှန်းတမ်း (Outcome Based Integrated Curriculum) ဖြင့် စတင်သင်ကြားလျက်ရှိကြောင်း သိရသည်။

တစ်နိုင်ငံလုံးရှိ ဆေးတက္ကသိုလ်ငါးခုတွင် ၂၀၁၉ ခုနှစ် ဒီဇင်ဘာက စတင်ဖွင့်လှစ်ခဲ့သည့် ပထမနှစ်သင်တန်းမှစ၍ ရလဒ်အခြေပြုသော ပေါင်းစည်းချိတ်ဆက်သင်ကြားခြင်း သင်ရိုးညွှန်းတမ်းကို ကျောင်းသားဗဟိုပြုစနစ်ဖြင့် စတင်သင်ကြားလျက်ရှိကြောင်း၊ အဆိုပါ သင်ရိုးညွှန်းတမ်းအသစ်သည် ခန္ဓာဗေဒ၊  ဇီဝကမ္မဗေဒ၊ ဇီဝဓာတုဗေဒ အစရှိသည့် ဆေးလက်တွေ့ အခြေခံပညာရပ်များကို  တစ်နှစ်မှ တစ်နှစ်ခွဲကာလအထိ ယခင်ကကဲ့သို့ သီးခြား သင်ကြားခြင်းမပြုတော့ဘဲ အခြေခံအုတ်မြစ် Foundation year စာသင်နှစ်မှ နောက်ဆုံးနှစ်အထိ သင်တန်းကာလ တစ်လျှောက်လုံး၌ သက်ဆိုင်ရာအကြောင်း အရာအလိုက် ဘာသာရပ်အသီးသီးကို ပေါင်းစည်းချိတ်ဆက်၍ သင်ကြားခြင်းဖြစ်ကြောင်းနှင့် သင်ရိုးသစ်တွင် အပြန်အလှန်ဆွေးနွေးမှုပုံစံဖြင့် သင်ကြားသင်ယူမှု ပြုလုပ်ခြင်းကြောင့် သင်ယူသူများသည် ရောဂါတစ်ခု၊ ရောဂါနှင့် နှီးနွှယ်သော အကြောင်းအချက်များအပေါ် ဝေဖန်သုံးသပ်ဆင်ခြင်နိုင်မှု၊ ခွဲခြမ်းစိတ်ဖြာတွေးခေါ်နိုင်မှု၊ ဆန်းသစ်ကွဲပြားစွာတွေး ခေါ်နိုင်မှု စသည့်စွမ်းရည်များ ပိုမိုရရှိလာမည်ဖြစ်ကြောင်း သိရသည်။

“ ယခုသင်ကြားမယ့်စနစ်က သင်ကြားသူဆရာဆရာမတွေနဲ့ သင်ယူသူတွေအကြား ပွင့်လင်းရင်းနှီးတဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးကောင်းတွေကို ဖြစ်ပေါ်စေမှာဖြစ်သလို အဲဒီကနေတစ်ဆင့် သင်ယူသူတွေဆီက အခက်အခဲတွေ၊ လိုအပ်ချက်တွေကို ပွင့်လင်းစွာ ထောက်ပြပြောဆိုမှုတွေကို ရရှိနိုင်ရုံသာမက သင်ကြားသင်ယူမှုကို အထောက်အကူပြုတဲ့ ပတ်ဝန်းကျင်ကောင်းတွေကိုလည်း ဖန်တီးနိုင်မှာ ဖြစ်ပါတယ်” ဟု  သင်ရိုးညွှန်းတမ်းပေါ်ပေါက်ရေး ဗဟိုကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လက်ရှိ ဝန်ကြီးဌာနအနေဖြင့် တက္ကသိုလ်များ နိုင်ငံတကာနှင့် ချိတ်ဆက်ဆောင်ရွက်မှုများကို အထူးပံ့ပိုးအားပေးလျက်ရှိပြီး ဝန်ကြီးဌာနရှိ တက္ကသိုလ်များတွင် နိုင်ငံတကာနည်းတူ တက္ကသိုလ်ကိုယ်ပိုင် အီးမေးလ်များကို မကြာမီရရှိအသုံးပြုနိုင်မည်ဖြစ်ကြောင်းနှင့် ဝန်ကြီးဌာနအနေဖြင့် ဝန်ထမ်းများကို နိုင်ငံတကာတက္ကသိုလ်များသို့ အင်တာနက်ကွန်ရက်မှတစ်ဆင့် ပညာတော်သင် လျှောက်ထားခြင်းကိုလည်း ခွင့်ပြုထားပြီး ၂၀၁၆ ခုနှစ် ဧပြီမှ လက်ရှိအထိ ဝန်ထမ်းပေါင်း ၇၇၀၀ ကျော်ကို နိုင်ငံတကာအစည်းအဝေး၊ အလုပ်ရုံဆွေးနွေးပွဲ၊ ညီလာခံ၊ သင်တန်းများ၊ မဟာဘွဲ့နှင့် ပါရဂူဘွဲ့သင်တန်းများ တက်ရောက်ရန် စေလွှတ်ခဲ့ပြီးဖြစ်သည်။

ဆေးတက္ကသိုလ်များတွင် ၂၀၂၀ ပြည့်နှစ် ပညာသင်နှစ်မှစ၍ နိုင်ငံတကာအဆင့်မီ မျှော်မှန်းရလဒ်အခြေခံသော စုစည်းချိတ်ဆက်သင်ကြားခြင်း သင်ရိုးညွှန်းတမ်း အသုံးပြုသင်ကြားလျက်ရှိပြီး ယခင် ၂၀၁၇ -၂၀၁၈ ပညာသင်နှစ်နှင့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာတွင် စတင်တက်ရောက်ခဲ့သည့် ဆေးတက္ကသိုလ် ပထမနှစ်သင်တန်းများ၊ လက်ရှိ ဆေးတက္ကသိုလ် ဒုတိယနှစ်သင်တန်းများတွင် သင်ရိုးညွှန်းတမ်းကို Pilot study ပုံစံဖြင့် ဆောင်ရွက်ခဲ့ကြောင်း သင်ရိုးညွှန်းတမ်းပေါ်ပေါက်ရေး ဗဟိုကော်မတီမှ သိရသည်။

ဝန်ကြီးဌာနရှိ ဆေးတက္ကသိုလ်အသီးသီးမှ ၂၀၁၆ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ဆေးလက်တွေ့ပညာဘာသာရပ် ၃၂ မျိုးမှ ဆေးပညာမဟာသိပ္ပံဘွဲ့ရ ၉၆၃ ဦး မွေးထုတ်နိုင်ခဲ့ပြီး လက်ရှိတွင် ဆေးလက်တွေ့ပညာ ဘာသာရပ် ၃၂ မျိုးမှ ဆေးပညာမဟာသိပ္ပံ ပထမနှစ်၊ ဒုတိယနှစ်နှင့် တတိယနှစ်သင်တန်းများတွင် ၂၅၁၇ ဦး၊ ဆေးလက်တွေ့ အခြေခံပညာရပ်ရှစ်မျိုး၏ ပါရဂူဘွဲ့သင်တန်းများတွင်  ၁၀၂ ဦးနှင့် ဆေးလက်တွေ့ပညာရပ် ၃၅  မျိုး၏ ပါရဂူဘွဲ့သင်တန်းများတွင် ၅၃၄ ဦးကို လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။                                    

 

 


READ NEXT
Cancel OK