၂၀၂၃ ခုနှစ်သည် စံချိန်တင်အပူဆုံးနှစ် ဖြစ်ခဲ့ပြီး ကမ္ဘာ့မျက်နှာပြင်အပူချိန်သည် အလွန်အရေးပါသော စံနှုန်းဖြစ်သည့် ၁ ဒသမ ၅ ဒီဂရီ ဆဲလ်စီးယက်စ်ကို ကျော်လွန်လုနီးပါး မြင့်တက်လာခဲ့သည်ဟု အီးယူရာသီဥတု စောင့်ကြည့်သူများက ဇန်နဝါရီ ၉ ရက်တွင် ပြောကြားခဲ့သည်။
ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုသည် ကမ္ဘာတစ်ဝန်းလုံးတွင်အပူလှိုင်းများ၊ မိုးခေါင်မှုများနှင့် တောမီးများကို ပိုမိုပြင်းထန်လာစေကာ ကမ္ဘာလုံးဆိုင်ရာသာမိုမီတာကို စက်မှုမတိုင်မီစံအမှတ်အထက် ၁ ဒသမ ၄၈ ဒီဂရီ ဆဲလ်စီးယက်စ်အထိ တွန်းပို့ခဲ့သည်ဟု Copernicus Climate Change Service C3 S ကထုတ်ပြန်ထားသည်။
“ဒါက နေ့ရက်အားလုံး စက်မှုမတိုင်မီ ကာလထက် တစ်ဒီဂရီကျော် ပိုမိုပူနွေးတဲ့ ပထမဆုံးနှစ်တစ်နှစ်လည်း ဖြစ်ပါတယ်” ဟု C3 S လက်ထောက်အကြီးအကဲ ဆမန်သာဘာဂတ်စ်က ပြောကြားခဲ့သည်။
“၂၀၂၃ ခုနှစ်အတွင်း အပူချိန်တွေဟာ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၁၀၀,၀၀၀ ထက် မနည်းရဲ့ ဘယ်လိုအချိန်ကာလမျိုးထက်မဆို ကျော်လွန်သွားဖွယ်ရှိပါတယ်” ဟု ၎င်းက ဆိုသည်။
“၂၀၂၃ ခုနှစ်ဟာ အနာဂတ်ကပ်ဘေးကြီးရဲ့ အကြိုသုံးသပ်ချက်တစ်ခုဖြစ်ပြီး ကျွန်တော်တို့တွေ အခုချိန်မှာ အရေးတယူဆောင်ရွက်တာမျိုးမရှိရင် ကျွန်တော်တို့ကို ဒီကပ်ဘေးကြီးက စောင့်ကြိုနေပါတယ်လို့ ကုလ သမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ပြောကြားခဲ့ပါတယ်”ဟု ၎င်း၏ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။
၂၀၂၃ ခုနှစ်၏ နှစ်ထက်ဝက်နီးပါးသည် ၁ ဒသမ ၅ ဒီဂရီဆဲလ်စီးယက်စ် ကန့်သတ်ချက်ကို ကျော်လွန်ခဲ့ပြီး ယင်းသည်ရာသီဥတု သက်ရောက်မှုများက ကပ်ဘေးတစ်ခုအဖြစ် ရောက်ရှိစေရန် အားဖြည့်ပေးနေသဖွယ်ရှိသည်ဟု သိပ္ပံပညာရှင်များက ပြောကြားခဲ့သည်။
သို့သော် သိပ္ပံပညာရှင်အချို့ခန့်မှန်းထားသည့်အတိုင်း ကမ္ဘာ့မျက်နှာပြင်၏ ပျမ်းမျှအပူချိန်သည် ၂၀၂၄ ခုနှစ်တွင် ၁ ဒသမ ၅ ဒီဂရီဆဲလ်စီးယက်စ်ကို ချိုးဖောက်ခဲ့သည့် တိုင်ယင်းသည် ကမ္ဘာကြီးပူနွေးမှုကိုကန့် သတ်ထိန်းချုပ်မည့် ပါရီသဘောတူညီချက်ကို လိုက်နာရန်ပျက်ကွက်သည်ဟု ဆိုလိုခြင်းမဟုတ်ပေ။
၁ ဒသမ ၅ ဒီဂရီဆဲလ်စီးယက်စ်စံနှုန်းအထက်ကို နှစ်ပေါင်းများစွာဆက်တိုက် ရောက်ရှိခဲ့ပြီးနောက်တွင်သာ ယင်းအဓိပ္ပာယ် သက်ရောက်မည်ဖြစ်သည်။
၂၀၂၃ ခုနှစ်တွင် ကနေဒါနိုင်ငံ၌ တောမီးလောင်မှုကြီးဖြစ်ပွားခဲ့ပြီး အာဖရိကဦးချိုဒေသ သို့မဟုတ်အရှေ့ အလယ်ပိုင်းတွင် ဆိုးရွားသော မိုးခေါင်မှုများ၊ ဥရောပ၊ အမေရိကနှင့် တရုတ်တို့တွင်တွင်မကြုံစဖူးနွေရာ သီအပူလှိုင်းများနှင့် သြစတြေးလျနှင့်တောင်အမေရိကတို့တွင် စံချိန်တင် ဆောင်းရာသီပူနွေးမှုတို့နှင့် တွေ့ကြုံခဲ့ရသည်။
“ကျွန်တော်တို့အနေနဲ့ ရုပ်ကြွင်းလောင်စာတွေ အသုံးပြုမှုရပ်တန့်ပြီး ကာဘွန်ထုတ်လွှင့်မှုကို သုညအထိ မလျော့ချနိုင်ခင်အချိန်အထိ ဒီဖြစ်စဉ်တွေက ဆက်လက်ဆိုးရွားလာဦးမှာပဲ ဖြစ်ပါတယ်” ဟု Reading တက္ကသိုလ်မှ ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုဆိုင်ရာ ပါမောက္ခအက်ဒ်ဟောကင်းက ဆိုသည်။
“ယနေ့ကျွန်တော်တို့ရဲ့ အရေးတယူလုပ်ဆောင်မှုမရှိတဲ့ အကျိုးဆက်တွေကို အနာဂတ်မျိုးဆက်တွေက ဆက်လက်ခံစားသွားရမှာဖြစ်ပါတယ်”ဟု ၎င်းကပြောကြားခဲ့သည်။
Ref:AFP
-
အင်းလေးကန် အရှေ့ဖက်ကမ်းရှိ Inle Princess Resort ဟိုတယ် မီးလောင်မှုဖြစ်ပွား
-
ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ပါဝင်သော တက္ကသိုလ်လေ့ကျင့်ရေးတပ်များ၏ မိုးရာသီစခန်းချ လေ့ကျင့်ရေး သင်တန်းဆင်းပွဲများကျင်းပ
-
တန်ဆောင်မုန်းလပြည့်ည ရန်ကုန်မြို့ ပြည်သူ့ရင်ပြင် စျေးရောင်းပွဲတော်နှင့် ဂီတပွဲတော်မြင်ကွင်းများ
-
ပြိုင်ဆိုင်မှုပြင်းထန်ဦးမယ့် ESM ခြေလှမ်းများ
-
ရေးမြို့၊ အောင်မင်္ဂလာရပ်ကွက်လုံးကျွတ် တန်ဆောင်တိုင်ဆွမ်းကြီးလောင်းပွဲနှင့် နိဗ္ဗာန်ဈေးအလှူပွဲ မြို့ခံပြည်သူများ၊ ဒေသခံပြည်သူများဖြင့် စည်ကား