လူ၏ဆဲလ်များကို တွယ်ကပ်ကာ ရောဂါရစေသည့် ကိုရိုနာဗိုင်းရပ်စ်ပိုးအသစ်၏ အစိတ်အပိုင်းကို အက်တမ်အဆင့် 3D မြေပုံ ပထမဆုံး ဖန်တီးနိုင်ခဲ့ကြောင်းနှင့် ယင်းသည် ကာကွယ်ဆေးများနှင့် ကုထုံးများ ဖွံ့ဖြိုးလာရန် အရေးကြီးသည့် အဆင့်တစ်ဆင့်ဖြစ်ကြောင်း အမေရိကန်သိပ္ပံပညာရှင်များက ဖေဖော်ဝါရီ ၁၉ ရက်တွင် ကြေညာခဲ့သည်။
အော်စတင်မြို့ရှိ တက္ကဆက်တက္ကသိုလ်မှအဖွဲ့နှင့် အမျိုးသားကျန်းမာရေးဌာန NIH တို့သည် တရုတ်သုတေသနမှူးများထံမှ တရားဝင်ရရှိိနိုင်သော ဗိုင်းရပ်စ်၏ ဗီဇမြေပုံကို ပထမဆုံး လေ့လာခဲ့ပြီး ဆူးချွန်ပရိုတင်းဟုခေါ်သည့် အဓိကအစိတ်အပိုင်း၏ တည်မြဲသောနမူနာပုံစံတစ်ရပ် ဖွံ့ဖြိုးလာရန် အသုံးပြုခဲ့ခြင်းဖြစ်သည်။
ယင်းနောက် သူတို့သည် အအေးလွန် အီလက်ထရွန်မိုက်ခရိုစကုတ်ဟုခေါ်သော အလွန်ခေတ်မီသည့် နည်းပညာကိုအသုံးပြုကာ ဆူးချွန်ပရိုတင်းကို ပုံဖော်ခဲ့ခြင်းဖြစ်ကြောင်း Science ဂျာနယ်တွင် ဖော်ပြထားသော သူတို့၏ တွေ့ရှိချက်များ၌ ရေးသားထားသည်။
“အဲဒီဆူးချွန်ဆိုတာ တကယ်တော့ ဗိုင်းရပ်စ်ကို တိုက်ခိုက်ဖို့ရာ ပဋိပစ္စည်းထွက်လာအောင် ကိုယ်ခံအားဆိုင်ရာ တု့ံပြန်မှုကို မျှားယူဖို့ လူသားတွေထံကို ထည့်သွင်းမိတ်ဆက်ပေးဖို့ ကျွန်တော်တို့လိုလားတဲ့ ပဋိလှုံ့ပစ္စည်းပါပဲ။ အဲဒီနောက်သူတို့ဟာ တကယ့်ဗိုင်းရပ်စ်ကိုတွေ့တဲ့အခါ သူတို့ရဲ့ ကိုယ်ခံအားစနစ်တွေက အဆင်သင့်ဖြစ်နေပြီး တိုက်ခိုက်ဖို့မောင်းတင်နိုင်မှာပါ” ဟု သုတေသနကို ဦးဆောင်သည့် အော်စတင်မြို့ရှိ တက္ကဆက်တက္ကသိုလ်မှ သိပ္ပံပညာရှင် ဂျေဆင်မက်လယ်လန်က ပြောကြားခဲ့သည်။
သူနှင့် သူ၏ လုပ်ဖော်ကိုင်ဖက်များက SARS နှင့် MERS တို့အပါအဝင် ကိုရိုနာဗိုင်းရပ်စ်မျိုးရင်း၏ အခြားအဖွဲ့ဝင်ဗိုင်းရပ်စ်များကို နှစ်ပေါင်းများစွာ ကြာအောင် လေ့လာထားသောကြောင့် ယင်းက ဆူးချွန်ပရိုတင်းကို တည်မြဲပုံစံ၌ ထိန်းထားရေးအတွက် လိုအပ်သည့် အင်ဂျင်နီယာနည်းစနစ်များ ဖွံ့ဖြိုးလာရန် အထောက်အကူပြုစေခဲ့သည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။
၎င်းတို့ တည်ဆောက်လိုက်သော ဆူးချွန်ပရိုတင်းကိုယ်နှိုက်ကိုပင် ကာကွယ်ဆေးဖြစ်နိုင်ခြေအတွက် NIH က စမ်းသပ်နေသည်ဟုလည်း ပြောကြားခဲ့သည်။
ပို၍ကြီးမားသော ကိုယ်ခံအားဆိုင်ရာ တုံ့ပြန်မှုကို လှုံ့ဆော်အောင် ပြုလုပ်ခြင်းဖြင့် ယင်းကို ပိုမိုတိုးတက်လာအောင်ပြုလုပ်နိုင်ရန် ယခုအဖွဲ့သည် ဗိုင်းရပ်စ်၏ မော်လီကျူးဖွဲ့စည်းပုံ၏ မြေပုံကို ကမ္ဘာတစ်လွှားမှ ပူးပေါင်းဆောင်ရွက်သူများထံ ဖြန့်ဝေထားကြောင်းလည်း သိရသည်။
ရောဂါကူးစက်ခံရပြီးသူများကို ကုသရန် ဆူးချွန်ပရိုတင်း၏ ကွဲပြားခြားနားသော အစိတ်အပိုင်းများကို သွားရောက် တွယ်ကပ်ပြီး ယင်းအား အလုပ်မလုပ်နိုင်အောင် တားဆီးမည့် ပရိုတင်းအသစ်များ ဖွံ့ဖြိုးလာစေရေး၌ ယခုပုံစံက သိပ္ပံပညာရှင်များကို အထောက်အကူပြုနိုင်ကြောင်းလည်း သိရသည်။ ယင်းပရိုတင်းအသစ်များကို ဗိုင်းရပ်စ်သတ်ဆေးများ Antivirals ဟု ခေါ်ဆိုခြင်းဖြစ်သည်။
“ဒါဟာ အရေးအကြီးဆုံး ကိုရိုနာဗိုင်းရပ်စ်ပရိုတင်းတွေထဲက တစ်ခုရဲ့ သိပ်ကို ရှင်းလင်းတဲ့ ဖွဲ့စည်းပုံဖြစ်ပြီး ဒီကိုရိုနာဗိုင်းရပ်စ်အနေနဲ့ ဆဲလ်ထဲကို ဘယ်လိုရှာဖွေဝင်ရောက်တယ်ဆိုတာ နားလည်လိုက်တာမို့ တကယ့်ကိုအောင်မြင်မှုကြီးတစ်ရပ်ပါပဲ” ဟု ယခုသုတေသန၌ ပါဝင်ခြင်းမရှိသည့် တက္ကဆက် A & M တက္ကသိုလ်မှ ဗိုင်းရပ်စ်ဗေဒပညာရှင် ဘင်ဂျမင်နျူမန်က ပြောကြားခဲ့ကြောင်း သိရသည်။
-
အင်းလေးကန် အရှေ့ဖက်ကမ်းရှိ Inle Princess Resort ဟိုတယ် မီးလောင်မှုဖြစ်ပွား
-
ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ပါဝင်သော တက္ကသိုလ်လေ့ကျင့်ရေးတပ်များ၏ မိုးရာသီစခန်းချ လေ့ကျင့်ရေး သင်တန်းဆင်းပွဲများကျင်းပ
-
တန်ဆောင်မုန်းလပြည့်ည ရန်ကုန်မြို့ ပြည်သူ့ရင်ပြင် စျေးရောင်းပွဲတော်နှင့် ဂီတပွဲတော်မြင်ကွင်းများ
-
ပြိုင်ဆိုင်မှုပြင်းထန်ဦးမယ့် ESM ခြေလှမ်းများ
-
ရေးမြို့၊ အောင်မင်္ဂလာရပ်ကွက်လုံးကျွတ် တန်ဆောင်တိုင်ဆွမ်းကြီးလောင်းပွဲနှင့် နိဗ္ဗာန်ဈေးအလှူပွဲ မြို့ခံပြည်သူများ၊ ဒေသခံပြည်သူများဖြင့် စည်ကား