Top News

အစ္စရေး-ပါလက်စတိုင်းပဋိပက္ခကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက မေလ ၁၆ ရက်တွင် ဆွေးနွေးမည်
24htopnews | October 26, 2024 1:12 AM CST

အစ္စရေးနှင့် ပါလက်စတိုင်းကြား တိုက်ခိုက်မှုများ မြင့်တက်လာသည်ကို ဆွေးနွေးအဖြေရှာရန်  ကုလသမဂ္ဂလုံခြုံရေးကောင်စီက မေ ၁၆ ရက်တွင် အွန်လိုင်းမှဆွေးနွေးမည် ဖြစ်သည်။

မူလက ယင်းအစည်းအဝေးကို မေ ၁၄  ရက်တွင် ကျင်းပရန် စီစဉ်ထားခြင်းဖြစ်ပြီး  အမေရိကန်က ကန့်ကွက်ခဲ့သဖြင့် လာမည့်သီတင်းပတ်အစောပိုင်းမ ှကျင်းပရန် အဆိုပြုခဲ့သည်။

နောက်ပိုင်းတွင် တူနီးရှား၊ နော်ဝေနှင့် မေလ၏ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အလှည့်ကျဥက္ကဌဖြစ်သည့် တရုတ်နိုင်ငံတို့၏ မေတ္တာရပ်ခံမှုကြောင့် မေ ၁၆ ရက်နေ့၌ အစည်းအဝေးပြုလုပ်ရန် အမေရိကန်က သဘောတူခဲ့ခြင်းဖြစ်သည်။

လုံခြုံရေးကောင်စီ အစည်းအဝေးခေါ်ယူရေးအတွက် အဖွဲ့ဝင် ၁၅ နိုင်ငံလုံး၏ ထောက်ခံမှုရှိရန် လိုအပ်သည်။

မေ ၁၄ ရက်အစည်းအဝေးကို သဘောမတူခဲ့သည့်အပေါ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်က အမေရိကန်သည် အစည်းအဝေးလုပ်ရန် ကန့်ကွက်ခြင်း မဟုတ်ကြောင်းနှင့် သံတမန်ရေးအတွက် အချိန်ပေးစေလိုခြင်းဖြစ်ကြောင်း မေ ၁၃ ရက်က ၀ါရှင်တန်၌ ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

အမေရိကန်သည် အစ္စရေး၏အဓိက မဟာမိတ်နိုင်ငံဖြစ်ပြီး ယခုဖြစ်ပွားနေသည့် အစ္စရေး-ပါလက်စတိုင်းအရေးတွင် ဂါဇာကမ်းမြောင်ကို ထိန်းချုပ်ထားသည့် ပါလက်စတိုင်းဟားမာ့စ်အုပ်စုဘက်မှ ဒုံးကျည်များဖြင့် ပစ်ခတ်လာသည်ကို အစ္စရေးဘက်က တုံ့ပြန်တိုက်ခိုက်နေခြင်းအပေါ် ကာကွယ်ပေးခဲ့သည်။

သို့သော်လည်း အပြစ်မဲ့ကလေးများနှင့် ပြည်သူများကိုဆက်ပြီးသတ်နေသည့် တိုက်ခိုက်မှုများ ရပ်တန့်ရန် အမေရိကန်က ကြိုးပမ်းနေသည်ဟု နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင်က ပြောသည်။

မေ ၁၀  ရက်မှစပြီး ဂါဇာဒေသတွင် အထပ်မြင့်တာဝါ အဆောက်အအုံများ ဗုံးကြဲခံရမှုအပါအဝင် ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ကလေးငယ် ၂၇  ဦးအပါ သေဆုံးသူ ၁၀၀ ကျော်ရှိလာပြီဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူ ၆၀၀ ကျော် ရှိလာခဲ့သည်။

အစ္စရေးဘက်ကမူ မေ ၁၀ ရက်နောက်ပိုင်း သေဆုံးသူ ခုနစ်ဦးသာရှိထားသည်ဟု သတင်းများက ဖော်ပြသည်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ကလည်း အစ်ပွဲတော်ကို လေးစားသမှုပြုထောက်ရှုပြီး  ဂါဇာနှင့်အစ္စရေးတို့ ကြားရန်လိုတိုက်ခိုက်နေမှုများ ချက်ချင်းရပ်တန့်ကြရန် မေလ ၁၃ ရက် ညပိုင်းက Twitter တွင် ရေးသားပြီး မေတ္တာရပ်ခံခဲ့သည်။

“အပြစ်မဲ့အရပ်သားပြည်သူများစွာ သေဆုံးခဲ့ကြပါတယ် ၊ဒီပဋိပက္ခဟာဒေသတွင်းတစ်ခုလုံးမှာ အစွန်းရောက်ဝါဒကိုသာ ကြီးထွားလာစေနိုင်ပါတယ်” ဟု အတွင်းရေးမှူးချုပ်က သတိပေးရေးသားခဲ့သည်။

အရှေ့ဂျေရုစလင်တွင် နေထိုင်သည့် ပါလက်စတိုင်းမိသားစုများ နှင်ထုတ်ခံခဲ့ရာမှ  ဆန္ဒပြမှုများ ပေါ်ပေါက်လာသည့်အတွက် မေ ၁၀ ရက်တွင် အစ္စရေးလုံခြုံရေးတပ်များက ဖြိုခွဲနှိမ်နင်းမှုများ လုပ်ဆောင်ခဲ့ပြီး ဝတ်ပြုဆုတောင်းသူများရှိနေသည့် A1Aqsa ဗလီထဲထိ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့သည်။

ထို့နောက် မေ ၁၀ ရက်ညပိုင်းမှာတွင် ဟားမာ့စ်အုပ်စုဘက်မှ အစ္စရေးဘက်သို့ ရော့ကတ်များဖြင့် တရစပ်စတင်ပစ်ခတ်ရာမှစ၍ နှစ်ဖက်တိုက်ပွဲဖြစ်ပွားလာခြင်းဖြစ်သည်။

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန် ရာဟုကမူ ဟားမာ့စ်အစ္စလာမ်မစ်အုပ်စုဘက်က ကြီးကြီးမားမား ပြန်ပေးဆပ်ရလိမ့်မည်ဟု ကြုံးဝါးထားသည်။

ထို့ပြင် ကြားဝင်စေ့စပ်ပေးရန် တဲလ်အဗစ်မြို့သို့ ရောက်ရှိလာသည့် အီဂျစ်ကိုယ်စားလှယ်အဖွဲ့၏ နှစ်ဖက်အပစ်အခတ်ရပ်စဲရေး တောင်းဆိုချက်ကို အစ္စရေးဘက်က ပယ်ချခဲ့သည်။

အရှေ့ဂျေရုစလင်သည် ဆယ်စုနှစ်များစွာကြာ ဖြစ်ပွားခဲ့သည့် အစ္စရေး - ပါလက်စတိုင်း ပဋိပက္ခ၏ အဓိကအကြောင်းရင်းဖြစ်ပြီး ဂျေရုစလင်တစ်မြို့လုံးကို အစ္စရေးက ၎င်းတို့ မြို့တော်အဖြစ်သတ်မှတ်ထားကာ  ပါလက်စတိုင်းဘက်ကလည်း ဂျေရုစလင်အရှေ့ခြမ်းကို အနာဂတ်ပါလက်စတိုင်းနိုင်ငံ၏ မြို့တော်အဖြစ် ယူဆထားသည်။

ယခုကဲ့သို့ တင်းမာမှုများ မြင့်တက်နေချိန်တွင် အမေရိကန်နိုင်ငံသားများအနေဖြင့် အစ္စရေးသို့ သွားရောက်လည်ပတ်မည့် အစီအစဉ်ကို ပြန်လည်စဉ်းစားသုံးသပ်ရန် အမေရိကန် နိုင်ငံခြားရေးဌာနက မေလ ၁၃ ရက်တွင် အကြံပြုချုက် ထုတ်ပြန်ခဲ့သည်။

ခရီးသွားလာမှုဆိုင်ရာ အကြံပြုချက် အဆင့်သတ်မှတ်ချက်အရ လက်နက်ကိုင် ပဋိပက္ခများနှင့် မငြိမ်မသက်မှုများကြောင့် ခရီးသွားအစီအစဉ်ကို ပြန်လည်သုံးသပ်ရန် သတ်မှတ်ထားသည့် အဆင့် ၄ ဆင့်အနက် အဆင့် ၃ အထိ တိုးမြှင့်သတ်မှတ်ခဲ့သည်။

ယင်းနေ့မှာပင် လက်ဘနွန်နိုင်ငံအတွင်းမှပစ်လွှတ်ခဲ့သည့် ရော့ကတ်သုံးစင်းသည် အစ္စရေးနိုင်ငံအတွင်းသို့ ကျရောက်ခဲ့သော်လည်း ထိခိုက်မှုမရှိကြောင်း အစ္စရေးစစ်တပ်က ထုတ်ပြန်ခဲ့သည်။


READ NEXT
Cancel OK