ကမ္ဘာတစ်ဝန်းတွင် အဆိုးရွားဆုံး သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုကို ရင်ဆိုင်နေရသည့် မြို့ပေါင်း ၁၀၀ တွင် ၉၉ မြို့မှာ အာရှတိုက်မှ ဖြစ်သည်ဟု သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှု အကဲဖြတ်လေ့လာရေးအဖွဲ့က မေ ၁၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။
အသက်တိုစေနိုင်သည့် လေထုညစ်ညမ်းမှုများ၊ တစ်စတစ်စ လျော့ပါးလာသည့် ရေထောက်ပံ့မှုများ၊ သေစေနိုင်သည့် အပူလှိုင်းများ၊ သဘာဝဘေးအန္တရာယ်များနှင့် ရာသီဥတု ပြောင်းလဲမှုများကြောင့် ကမ္ဘာတစ်ဝန်းလုံးတွင် စုစုပေါင်း လူဦးရေ ၁.၅ ဘီလျံရှိသည့် မြို့ကြီး ၄၀၀ ကျော်သည် အလွန်အန္တရာယ် ရှိနေသည်ဟု အစီရင်ခံစာတွင် တွေ့ရှိခဲ့သည်။
ယင်းအန္တရာယ်ရှိသည့် နိုင်ငံများစာရင်းတွင် လေထုညစ်ညမ်းမှု၊ ရေကြီးမှုနှင့် အပူလှိုင်းများ ရိုက်ခတ်မှုနှင့်အတူ မြေကြီးထဲသို့ နိမ့်ဆင်းလာနေသည့် ဂျကာတာမြို့တော်သည် ထိပ်ဆုံးတွင် ရှိနေသည်။
သို့သော် ကမ္ဘာတစ်ဝန်း လူဦးရေ ပြွတ်သိပ်မှုအများဆုံး မြို့ ၂၀ တွင် ၁၃ မြို့ ပါဝင်နေသည့် အိန္ဒိယနိုင်ငံသည် အခြားနိုင်ငံများထက် ခြောက်ခြားဖွယ်အကောင်းဆုံး အနာဂတ်နှင့် ရင်ဆိုင်ရဖွယ် ရှိနေသည်။
စီးပွားရေးအန္တရာယ် လေ့လာသုံးသပ်သည့် Verisk Maplecroft က ကမ္ဘာတစ်ဝန်းရှိ အန္တရာယ်အရှိဆုံး မြို့ပေါင်း ၅၇၆ မြို့တွင် ဒေလီသည် ဒုတိယနေရာတွင်ရှိပြီး ချန်နိုင်း (တတိယ)၊ အာဂရာ (နံပါတ် ၆)၊ ကန်ပူရာ (နံပါတ် ၁၀)၊ ဂျေပူရာ (နံပါတ် ၂၂ )နှင့် လက်ခနောင်း (နံပါတ် ၂၄ ) နေရာတို့တွင် တည်ရှိနေသည်။
မွမ်ဘိုင်းမြို့နှင့် ၎င်း၏ လူဦးရေ ၁၂.၅ သန်းသည် နံပါတ် ၂၇ နေရာတွင် တည်ရှိသည်။
လေထုညစ်ညမ်းမှု တစ်ခုတည်းကိုသာ လေ့လာချက်အရ ကမ္ဘာတစ်ဝန်းရှိ လေထုအရည်အသွေး အဆိုးဆုံးမြို့ ၂၀ သည် အိန္ဒိယမှဖြစ်ပြီး ဒေလီမြို့သည် အဆိုးဆုံး ဖြစ်နေသည်။ နှစ်စဉ်နှစ်တိုင်း ကမ္ဘာတစ်ဝန်းတွင် လေထုညစ်ညမ်းမှုကြောင့် အရွယ်မတိုင်မီ သေဆုံးသူ ခုနစ်သန်းကျော်ရှိပြီး ၎င်းတို့ထဲမှာ သေဆုံးသူ တစ်သန်းမှာ အိန္ဒိယနိုင်ငံမှ ဖြစ်သည်။
လေထုညစ်ညမ်းမှု တိုင်းတာအကဲဖြတ်မှုများတွင် ကျောက်မီးသွေးများနှင့် အခြားလောင်စာဆီ မီးရှို့မှုများမှ လေထုညစ်ညမ်းမှုပမာဏ PM2.5 အဆင့်ထိ ရောက်ရှိနေလျှင် ကျန်းမာရေးကို ထိခိုက်စေနိုင်သည်။
အာရှ၊ အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိက အပြင်ဘက်တွင် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှု ပိုမိုဆိုးရွားသည့် မြို့အများအပြား ရှိနေသော်လည်း လီမာမြို့မှာမူ ထိပ်ဆုံး မြို့ ၁၀၀ စာရင်းတွင် ပါဝင်သည့် တစ်ခုတည်းသော အာရှမဟုတ်သည့် မြို့ဖြစ်ခဲ့သည်။
အိန္ဒိယထက် ပိုမိုချမ်းသာကြွယ်ဝသည့် တရုတ်နိုင်ငံသည်လည်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်။
ကမ္ဘာတစ်ဝန်းရှိ ရေထုညစ်ညမ်းမှု အဆိုးဆုံးမြို့ ၅၀ တွင် ၃၅ မြို့မှာ တရုတ်နိုင်ငံမှ ဖြစ်ပြီး ထိပ်ဆုံး ၁၅ မြို့တွင် နှစ်မြို့မှာ ရေရှားပါးမှုနှင့် ကြုံတွေ့နေရသည်ဟု အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။
သို့သော် တရုတ်နိုင်ငံ၌ မတူကွဲပြားသည့် နိုင်ငံရေးဆိုင်ရာ စနစ်များနှင့် ဖွံ့ဖြိုးတိုးတက်မှု အဆင့်များသည် နောက်ဆုံးတွင် အထောက်အကူ ဖြစ်စေလိမ့်မည်ဟု အစီရင်ခံစာအား ဦးဆောင်ရေးသားသူ ဝီလ်နီ ကိုးလက်စ်က အေအက်ဖ်ပီသတင်း ဌာနအား ပြောကြားခဲ့သည်။
“တရုတ်နိုင်ငံအတွက်ဆိုရင် ထွက်ပေါ်လာတဲ့ အလယ်အလတ်တန်းစား အလွှာက သန့်စင်တဲ့လေထုနဲ့ ရေထုကို တိုးမြှင့်တောင်းခံနေပြီး အစိုးရရဲ့ ရည်မှန်းချက်ကို သက်ရောက်စေမှာ ဖြစ်ပါတယ်”ဟု၎င်းက ဆိုသည်။
တရုတ်၏ စုန်ဆင်းသောပုံစံ (Top-Down) အုပ်ချုပ်မှုစနစ်နှင့် ထုတ်လွှင့်မှု ရည်မှန်းချက်များကို ပြည့်မီနိုင်ရန် စက်ရုံများကို ပိတ်သိမ်းခြင်းကဲ့သို့ ရုပ်ချည်းလုပ်ဆောင်ရန် ပြင်းပြသောဆန္ဒများ ရှိခြင်းတို့ကြောင့် ယင်းအန္တရာယ်များ လျော့ပါးသက်သာစေရန် ပိုမိုအခွင့်အရေး ရရှိမည် ဖြစ်သည်။
အိန္ဒိယ၏ အားနည်းသော အုပ်ချုပ်မှုပုံစံနှင့် ၎င်း၏ အလွတ်သဘော စီးပွားရေးစံနှုန်းများသည် သဘာဝပတ်ဝန်းကျင်နှင့် ရာသီဥတုဆိုင်ရာ ပြဿနာများကို ဖြေရှင်းနိုင်ရန် ပိုမိုခက်ခဲစေသည်။
ကမ္ဘာကြီး ပူနွေးလာမှုနှင့် ၎င်း၏ အကျိုးသက်ရောက်မှုများသည် ကမ္ဘာပေါ်တွင် ရာသီဥတုဒဏ် ခုခံနိုင်စွမ်း အနည်းဆုံးမြို့ပေါင်း ၄၅ မြို့တွင် မြို့ ၄၀ ပါဝင်နေသော ဆာဟာရ တောင်ပိုင်း အာဖရိကသို့ သိသိသာသာ ပြောင်းလဲ ဦးတည်နေသည်။
ယင်းအစီရင်ခံစာသည် အသက်ရှင်သန်နိုင်စွမ်းအပေါ် ခြိမ်းခြောက်မှု၊ အလားအလာရှိသော ရင်းနှီးမြှုပ်နှံမှု၊ အိမ်ခြေမှု ပိုင်ဆိုင်မှုများနှင့် လုပ်ငန်းလည်ပတ်နိုင်စွမ်းတို့အပေါ် အကဲဖြတ်ချင့်တွက်၍ ထုတ်ပြန်ထားခြင်း ဖြစ်သည်။
Ref: AFP
-
အင်းလေးကန် အရှေ့ဖက်ကမ်းရှိ Inle Princess Resort ဟိုတယ် မီးလောင်မှုဖြစ်ပွား
-
ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ပါဝင်သော တက္ကသိုလ်လေ့ကျင့်ရေးတပ်များ၏ မိုးရာသီစခန်းချ လေ့ကျင့်ရေး သင်တန်းဆင်းပွဲများကျင်းပ
-
တန်ဆောင်မုန်းလပြည့်ည ရန်ကုန်မြို့ ပြည်သူ့ရင်ပြင် စျေးရောင်းပွဲတော်နှင့် ဂီတပွဲတော်မြင်ကွင်းများ
-
ပြိုင်ဆိုင်မှုပြင်းထန်ဦးမယ့် ESM ခြေလှမ်းများ
-
ရေးမြို့၊ အောင်မင်္ဂလာရပ်ကွက်လုံးကျွတ် တန်ဆောင်တိုင်ဆွမ်းကြီးလောင်းပွဲနှင့် နိဗ္ဗာန်ဈေးအလှူပွဲ မြို့ခံပြည်သူများ၊ ဒေသခံပြည်သူများဖြင့် စည်ကား