Top News

ကိုရိုနာဗိုင်းရပ်စ်နှင့် ဆက်စပ်သတင်းများ
24htopnews | October 18, 2024 11:12 AM CST

အီရန်

အီရန်တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် မတ် ၂၁ ၌ လူ ၁၂၃ ဦး ထပ်မံသေဆုံးခဲ့ရာ သေဆုံးသူစုစုပေါင်း ၁၅၅၆ ဦးအထိ မြင့်တက်လာခဲ့ပြီး ကမ္ဘာတွင် အဆိုးရွားဆုံး ထိခိုက်ခဲ့သော နိုင်ငံတစ်နိုင်ငံ ဖြစ်လာခဲ့သည်။ ပြီးခဲ့သော ၂၄ နာရီအတွင်း ကူးစက်မှုသစ် ၉၉၆ မှု ဖြစ်ပွားခဲ့ပြီး ကူးစက်မှုစုစုပေါင်း ၂၀၆၁၀ ရှိလာခဲ့ကြောင်း၊ ပြန်လည်ကောင်းမွန်သွား သူ ၇၆၃၅ ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

 

တောင်အာရှ

တောင်အာရှဒေသမှ ဘင်္ဂလားဒေ့ရှ်က ဗိုင်းရပ်စ်ထိန်းချုပ်ရန် နယ်စပ်ထိန်းချုပ်မှုအား တင်းကျပ်ခဲ့ပြီး သီရိလင်္ကာက နိုင်ငံတစ်ဝန်း ချမှတ်ထားသော ကာဖျူးကို ဖောက်ဖျက်သူ နှစ်ဒါဇင်ကျော်ကို မတ် ၂၁ တွင် ဖမ်းဆီးခဲ့သည်။ လူဦးရေ ၁.၉ ဘီလျံ နေထိုင်သော ထိုဒေသတွင် ကမ္ဘာ၏အခြားဒေသ များထက် ဗိုင်းရပ်စ်ကူးစက်မှုနှုန်း နည်းပါးနေသေးသော်လည်း ပါကစ္စတန်၊ အိန္ဒိယ၊ နီပေါ၊ ဘူတန်၊ သီရိလင်္ကာတို့တွင် ဗိုင်းရပ်စ်ကူးစက်မှုနှုန်းသည် မြင့်တက်လာနေပြီး မတ် ၂၁ အထိ ကူးစက်ကြောင်း အတည်ပြုလူနာ ၈၆၉ ဦးနှင့် သေဆုံးသူ ခုနစ်ဦး ရှိထားသည်။

 

ထိုင်ဝမ်

ထိုင်ဝမ်တွင် ဗိုင်းရပ်စ်ထပ်မံကူးစက်ခံရသူ ၁၈ ဦးရှိပြီး ထိုကူးစက်သူသစ်အားလုံးသည် အမေရိကန်၊ ဗြိတိန်၊ တောင်အာဖရိကနှင့် အင်ဒိုနီးရှားတို့မှ ရောက်ရှိလာသူများနှင့် ၎င်းတို့နှင့် ထိတွေ့ဆက်သွယ်ခဲ့သူများ ဖြစ်သည်ဟု မတ် ၂၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ထိုင်ဝမ်တွင် ဗိုင်းရပ်စ်ကူးစက်ခံရသူ စုစုပေါင်း ၁၅၃ ဦး ရှိပြီဖြစ်သည်။

 

ဂါဘွန်

အာဖရိကအလယ်ပိုင်းနိုင်ငံ ဂါဘွန်တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပထမဆုံး လူတစ်ဦး သေဆုံးခဲ့သည်ဟု မတ် ၂၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။ အသက် ၅၀ အရွယ် အမျိုးသားသည် မကြာသေးမီက ပြင်သစ်နိုင်ငံသို့  သွားရောက်ခဲ့သူဖြစ်ပြီး ဆီးချိုရောဂါရှိသူ တစ်ဦးဖြစ်သည်။ ၎င်းသည် ဆာဟာရ အောက်ပိုင်းတွင် ဗိုင်းရပ်စ်ကြောင့် ဒုတိယမြောက် သေဆုံးသူလည်း ဖြစ်သည်။

 

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP                   

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကြောင့် စာသင်ကျောင်းများ ပိတ်ထားရသဖြင့်  ကျောင်းတွင် ကျွေးသည့်နေ့လယ်စာကို အမှီပြုနေရသည့် ကလေး သန်း ၃၀၀ ခန့်သည် နေ့လယ်စာ မစားရဘဲဖြစ်နေကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP က မတ် ၂၀ တွင် ထုတ်ပြန်ခဲ့သည်။

 

ရုရှား

တရုတ်တွင် ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားခဲ့ပြီးနောက် ဆေးရုံတစ်ရုံကို အချိန်တိုအတွင်း စံချိန်တင် တည်ဆောက်ခဲ့သကဲ့သို့ပင် ရုရှားကလည်း ဗိုင်းရပ်စ်ကူးစက်ခံထားရသူများအတွက် မော်စကို အနောက်တောင်ဘက် ၇၀ ကီလိုမီတာအကွာရှိ Golokhvastovo ကျေးရွာတွင် ခုတင် ၅၀၀ ဆံ့ ဆေးရုံတစ်ခုကို အမြန်တည်ဆောက်မည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။

 

ဂျပန်တွင် ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၀၀၀ ကျော်လာ

ဂျပန်နိုင်ငံတွင်း၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအရေအတွက်မှာ မတ် ၂၁ ရက်တွင် ၁၀၁၆ ဦးထိရှိလာကြောင်း NHK သတင်းဌာနက ထုတ်ပြန်ခဲ့သည်။ ပြီးခဲ့သည့် လတွင် တိုကျိုမြို့အနီး၌ ဆိုက်ကပ်ခဲ့သော အပျော်စီးသင်္ဘောပေါ်တွင် လိုက်ပါလာသည့် ဗိုင်းရပ်စ်ကူးစက်ခံရသူ ၇၁၂ ဦးကို ထည့်သွင်းတွက်ချက်ပါက ဂျပန်တွင် ဗိုင်းရပ်စ်ကူးစက်ခံရသူ အရေအတွက်မှာ ၁၇၂၈ ဦးထိ မြင့်တက်လာမည်ဖြစ်ကြောင်း NHK က ဆိုသည်။ ကပ်ရောဂါကြောင့် ဇူလိုင် ၂၄ ရက်တွင် ကျင်းပရန်စီစဉ်ထားသော တိုကျို အိုလံပစ်အားကစားပွဲကို ကျင်းပရန် မသေချာမှုနှင့် ကြုံတွေ့နေရသည်။

 

တောင်ကိုရီးယားတွင် ဗိုင်းရပ်စ် ကူးစက်မှုသစ် ၁၄၇ မှု ထပ်တိုးခဲ့ပြီး ကူးစက်မှုစုစုပေါင်း ၈၈၀၀ နီးပါးရှိလာ

မတ် ၂၁ ရက်တွင် တောင်ကိုရီးယား၌ ဗိုင်းရပ်စ်ကူးစက်မှုသစ် ၁၄၇ မှု ထပ်တိုးလာခဲ့ရာ ကူးစက်မှုစုစုပေါင်း ၈၇၉၉ ထိရှိလာခဲ့ကြောင်း ကိုရီးယားရောဂါထိန်းချုပ် ကာကွယ်ရေးဗဟိုဌာနက ထုတ်ပြန်ခဲ့သည်။ ဖေဖော်ဝါရီ ၂၉ ရက် တစ်ရက်တည်းတွင် ဗိုင်းရပ်စ်ကူးစက်မှုသစ် ၉၀၉ မှုဖြင့် အမြင့်ဆုံးပမာသို့ ရောက်ရှိခဲ့ပြီးနောက်ပိုင်း တောင်ကိုရီးယားတွင် ကူးစက်မှုသစ်အရေအတွက် လျော့ကျသွားခဲ့သော်လည်း မတ် ၂၁ ရက်တွင် ဗိုင်းရပ်စ်ကူးစက်မှုသစ် အရေအတွက်သည် ၁၀၀ အထက်သို့ တစ်ကျော့ပြန်ရောက်ရှိခဲ့ခြင်း ဖြစ်သည်။


READ NEXT
Cancel OK