Top News

အာဖဂန်နစ္စတန်တွင် နိုင်ငံတစ်ဝန်း ပိုလီယိုကာကွယ်ဆေး တိုက်ကျွေးမှု အစီအစဉ် စတင်
24htopnews | October 18, 2024 12:12 AM CST

တာလီဘန်တို့ ထိန်းချုပ်လုပ်ကိုင်နေသည့် အာဖဂန်ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက အသက်ငါးနှစ်အောက် ကလေးများကို ပိုလီယိုကာကွယ်ဆေး တိုက်ကျွေးရန်ရည်ရွယ်၍ လေးရက်ကြာ နိုင်ငံတစ်ဝန်းပိုလီယို ကာကွယ်ဆေးတိုက်ကျွေးမှု အစီအစဉ်ကို စတင်လိုက်ကြောင်း နိုဝင်ဘာ ၇ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

အာဖဂန်နစ္စတန်၏ အာဏာကိုမထိန်းချုပ်မီ လွန်ခဲ့သည့် သုံးနှစ်ခန့်က တာလီဘန်တို့သည် ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေဒေသတွင် ကုလသမဂ္ဂက စီစဉ်ပေးသည့်တစ်အိမ်တက်ဆင်း ပိုလီယိုကာကွယ်ဆေး တိုက်ကျွေးမှုများကို လုပ်ဆောင်ခွင့် တားမြစ်ပိတ်ပင်ထားသည်။တာလီဘန်တို့က ယင်းပိုလီယိုကာကွယ်ဆေး တိုက်ကျွေးနေသူများသည် ယခင်အစိုးရ သို့မဟုတ် အနောက်နိုင်ငံမှ သူလျှိုများဖြစ်နိုင်သည်ဟု သံသယရှိသောကြောင့် ဖြစ်သည်။

ယင်းကဲ့သို့ တားမြစ်ပိတ်ပင်မှုနှင့် ဆက်တိုက်ဖြစ်ပွားနေသည့် တိုက်ခိုက်မှုများကြောင့် လွန်ခဲ့သည့် သုံးနှစ်ကျော် ကာလအတွင်း ကလေး ၃.၃ သန်းကျော်ကို ပိုလီယိုကာကွယ် ဆေးတိုက်ကျွေးခွင့် မရရှိခဲ့ပေ။

“ပိုလီယိုဟာ ရောဂါတစ်မျိုးဖြစ်ပြီး ကုသတာမျိုးမလုပ်ရင် ကျွန်တော်တို့ရဲ့ကလေးတွေကို သေဆုံးစေနိုင်တဲ့အပြင် တစ်သက်လုံးဒုက္ခိတအဖြစ် နေထိုင်သွားရစေနိုင်ပါတယ်” ဟု တာလီဘန်၏ ယာယီပြည်သူ့ကျန်းမာရေးဝန်ကြီး ဒေါက်တာကွာလန်ဒါ အီဘတ်က ပြောကြားခဲ့သည်။

ကမ္ဘာပေါ်တွင် ပိုလီယိုသည် ဒေသအလိုက် ဖြစ်ပွားသည့် ကူးစက်ရောဂါအဖြစ်ဆက် လက်တည်ရှိနေသည့် နိုင်ငံနှစ်နိုင်ငံသာရှိပြီး ယင်းတို့မှာ အာဖဂန်နစ္စတန်နှင့် ပါကစ္စတန်နိုင်ငံတို့ဖြစ်သည်။ယင်းပိုလီယိုရောဂါသည် ကလေးများကိုတစ်စိတ်တစ်ပိုင်း အကြောသေမှုကို ဖြစ်စေနိုင်သည်။

အာဖဂန်နစ္စတန်တွင် ၂၀၁၀ ခုနှစ်ကတည်းက ကျန်းမာရေးဝန်ထမ်းများသည် တစ်အိမ်တက်ဆင်းဖြင့် ပိုလီယိုကာကွယ်ဆေးကို ပုံမှန်လိုက်လံတိုက်ကျွေးပေးခဲ့သည်။ကျန်းမာရေး ဝန်ထမ်းအများစုမှာ အမျိုးသမီးများဖြစ်ကြပြီး ၎င်းတို့သည်မိခင်နှင့်ကလေးများအတွက် ပိုမိုအဆင်ပြေစေနိုင်သည့်အတွက်ကြောင့် ဖြစ်သည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြုလုပ်သည့် လေးရက်ကြာ ပိုလီယိုကာကွယ်ဆေး တိုက်ကျွေးမှုအစီအစဉ်ကို နိုဝင်ဘာ ၈ ရက်တွင် စတင်ပြုလုပ်ခဲ့သည်ဟု အီဘတ်ကဆိုသည်။ ပျမ်းမျှရည်ရွယ်ထားသည့် လူဦးရေမှာ အာဖဂန်နစ္စတန်ရှိအသက် ငါးနှစ်အောက် ကလေးငယ် ၁၀ သန်းအတွက်ဖြစ်ပြီး ယင်းတို့ထဲတွင်၂၀၁၈ ခုနှစ်ကတည်းက ကာကွယ်ဆေး မတိုက်ကျွေးရသေးသည့် ကလေးငယ် ၃.၃သန်းကျော် ပါဝင်နေသည်။

“နိုင်ငံတစ်ဝန်း ပိုလီယိုကာကွယ်ဆေး တိုက်ကျွေးတဲ့နေ့အတွင်းမှာ အသက်ငါးနှစ်အောက် ကလေးတွေကို ကာကွယ်ဆေးတိုက်ကျွေးရတာဟာ ကြီးမားတဲ့လုပ်ငန်းတာဝန်တစ်ခုဖြစ်ပါတယ်။ ဒီအတွက် ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန တစ်ခုတည်းလုပ်ဆောင်ဖို့ ဘယ်လိုမှအောင်မြင်မှာမဟုတ်ပါဘူး။ အဲ့ဒါကြောင့် သက်ဆိုင်ရာဌာနတွေ အားလုံးကလည်း ကူညီထောက်ပံ့ပေးကြဖို့ လိုအပ်ပါတယ်” ဟု ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ နက်ဝါလီရှား မိုမင်က ပြောကြားခဲ့သည်။

တာလီဘန်တို့၏ ယင်းပိုလီယိုကာကွယ်ဆေး တိုက်ကျွေးမှုအစီအစဉ်သည် တာလီဘန်တို့အနေဖြင့် နိုင်ငံတကာအေဂျင်စီများနှင့် ပူးပေါင်းဆောင်ရွက်လိုစိတ်ရှိကြောင်းပြသရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ပုံရသည်ဟု ကျွမ်းကျင်သူများက သုံးသပ်ထားကြသည်။                                                             


READ NEXT
Cancel OK