Top News

ကပ်ရောဂါအပေါ် စီမံခန့်ခွဲမှုလွဲမှားခြင်းကြောင့် ဝေဖန်မှုများ၊ စုံစမ်းစစ်ဆေးမှုများနှင့် ရင်ဆိုင်နေရသည့် ကမ္ဘာ့နိုင်ငံများ
24htopnews | October 18, 2024 12:12 AM CST

ကမ္ဘာတစ်ဝန်းတွင် COVID-19 ကပ်ရောဂါကြောင့် သေဆုံးသူ အရေအတွက် ငါးသန်းကျော်ရှိလာခဲ့ချိန်တွင် ကမ္ဘာတစ်ဝန်းရှိ ခေါင်းဆောင်အများအပြားနှင့် တာဝန်ရှိသူများသည် ကပ်ရောဂါအပေါ်စီမံခန့်ခွဲမှု လွဲမှားနေမှုများအတွက် ဝေဖန်ပြစ်တင်ခံနေရပြီး အချို့မှာစွဲချက်များနှင့် တရားဥပဒေအရ စစ်ဆေးမှုများနှင့် ရင်ဆိုင်ကြုံတွေ့နေကြသည်။

COVID-19 ကြောင့်သေဆုံးသူ ၆၀၀,၀၀၀ ကျော်ရှိပြီးကမ္ဘာတစ်ဝန်းတွင် ဗိုင်းရပ်စ်ကူးစက်မှုနှုန်း အဆိုးဆုံးနိုင်ငံများတွင် ပါဝင်သည့် ဘရာဇီးနိုင်ငံတွင် သမ္မတဂျိုင်ယာဘော် ဆိုနာရိုအား ၎င်း၏ကိုရိုနာဗိုင်းရပ်စ် မူဝါဒများအပေါ် စွဲချက် ၁၀ ခုထက် မနည်းရင်ဆိုင်ရနိုင်သည့် အကြံပြုချက်အစီရင်ခံစာကို လွှတ်တော်ကော်မရှင်တစ်ရပ်က အောက်တိုဘာ ၂၇ ရက်တွင် အတည်ပြုခဲ့သည်။

ဗိုင်းရပ်စ်၏ ပြင်းထန်မှုအပေါ် ထပ်တလဲလဲလျှော့တွက်နေသည့် လက်ယာယိမ်းခေါင်းဆောင် ဘော်ဆိုနာရိုက COVID-19 ကပ်ရောဂါကို သေးငယ်သည့် အဖျားရောဂါတစ်ခုဟု ခေါ်ဆိုပြီး အလားအလာရှိသည့် ကုထုံးများ၊သိပ္ပံပညာရှင်များကို ထိရောက်မှုမရှိဟု ပြောဆိုကာ lockdown စည်းမျဉ်းများနှင့် ကာကွယ်ဆေးထိုးနှံမှုများအပေါ် ဆန့်ကျင်သည့် စုရုံးမှုများပြုလုပ်ခဲ့သည်။

ဘော်ဆိုနာရိုအပေါ်စွဲချက်များတွင် ကျန်းမာရေးဆိုင်ရာစည်းကမ်းချက်များကို ချိုးဖောက်မှုနှင့် ရာဇဝတ်မှုဖြစ်ပွားအောင် လှုံ့ဆော်ခြင်း၊ လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုစွဲချက်များပါဝင်သည်။

စွဲချက်များမှာ ပြင်းထန်သော်လည်းဘော်ဆိုနာရိုသည် စွပ်စွဲပြစ်တင်အမှုဖွင့်တရားစွဲဆိုမှုများကို ရှောင်ရှားရန် လွှတ်တော်၏ထောက်ပံ့မှုကို အလုံအလောက်ရရှိချိန်ကတည်းက တရားစွဲဆိုမှုလုပ်ငန်းစဉ်မှာ သင်္ကေတတစ်ခုမျှသာ ဖြစ်လာဖွယ်ရှိသည်။

ပြင်သစ်နိုင်ငံတွင်လည်း ကျန်းမာရေးဝန်ကြီးဟောင်း အက်နက်စ်ဘူဇင်းသည် ၎င်း၏ကပ်ရောဂါကိုင်တွယ်မှုနှင့် ပတ်သက်၍ အခြားသူများ၏ အသက်အန္တရာယ်ကို ထိခိုက်စေမှုဖြင့် စက်တင်ဘာလက တရားစွဲဆိုခံခဲ့ရသည်။

ပြင်သစ်တွင် ပထမဆုံးဗိုင်းရပ်စ်ကူးစက်ခံရသူကို တွေ့ရှိခဲ့ပြီးနောက် သီတင်းပတ်များစွာအကြာ ဖြစ်သည့် ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလတွင် ရာထူးမှ နုတ်ထွက်ခဲ့သည့်ဘူဇင်းသည် ကပ်ရောဂါ အကျပ်အတည်းနှင့်ပတ်သက်၍ ၎င်း၏ကနဦးထုတ်ပြန်ချက်အပေါ် ဝေဖန်၊သရော်မှုများနှင့် ရင်ဆိုင်နေရသည်။

ဝန်ကြီးချုပ်ဟောင်း အက်ဒွပ်ဖိလစ်နှင့်လက်ရှိ ကျန်းမာရေးဝန်ကြီး အိုလီဗီယာ ဗီရန်တို့လည်းသည် ဝန်ကြီးများကိုတရားစွဲဆိုနိုင်ပြီး ၎င်းတို့၏ရုံးများကို ဝင်ရောက်ရှာဖွေနိုင်သည့် အထူးတရားရုံး၏ စုံစမ်းစစ်ဆေးမှုနှင့် ရင်ဆိုင်နေရသည်။

အမေရိကန်နိုင်ငံတွင်လည်း မိမိကိုယ်တိုင် COVID-19 ကူးစက်ခံခဲ့ရသည့် ဒေါ်နယ်ထရန့်သည် ၎င်း၏ကပ်ရောဂါကိုင်တွယ်မှုအပေါ် ပြင်းထန်သည့်ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။

ထရန့်အစိုးရလက်ထက်၌ အမေရိကန်တွင် COVID-19 ကြောင့် သေဆုံးမှုနှုန်းသည် အမြင့်ဆုံးဖြစ်ခဲ့ပြီး ကမ္ဘာတစ်ဝန်းတွင်ဗိုင်းရပ်စ်ကြောင့် သေဆုံးသူအများဆုံးအဖြစ် ရပ်တည်နေသော်လည်း ထရန့်ကမူ နှာခေါင်းစည်းတပ်ဆင်ရန် စည်းမျဉ်းများချမှတ်ရန်နှင့် ကန့်သတ်ချက်စည်းမျဉ်းများ ချမှတ်ရန်ခုုခံ ပြောကြားခဲ့သည်။

ဥရောပတွင် COVID-19 ကြောင့် သေဆုံးမှုနှုန်းအမြင့်ဆုံးနိုင်ငံများတွင် ပါဝင်သည့် ဗြိတိန်နိုင်ငံ၌လည်း ၎င်း၏ဝေဖန်ခံနေရသည့် ကပ်ရောဂါအပေါ် စီမံခန့်ခွဲမှုနှင့်ပတ်သက်၍ ၂၀၂၁ ခုနှစ်တွင် လွတ်လပ်သော စုံစမ်းစစ်ဆေးမှုတစ်ခုကို လုပ်ဆောင်ခွင့်ပြုသွားမည်ဟု ကတိပြုပြောကြားခဲ့သည်။

အစိုးရ၏တုံ့ပြန်ဆောင်ရွက်မှုသည် ဗြိတိန်သမိုင်းတွင်အရေးပါဆုံး ပြည်သူ့ကျန်းမာရေးကျရှုံးမှုများထဲမှ တစ်ခုဖြစ်သည်ဟု အတိုက်အခံ လွှတ်တော်အမတ်များက အောက်တိုဘာလလယ်တွင် သုံးသပ်ချက် အစီရင်ခံစာတစ်စောင် ထုတ်ပြန်ခဲ့သည်။

အလွန်ကူးစက်မြန် ဒယ်တာမျိုးကွဲကြောင့် ယခုနှစ်ဧပြီနှင့်မေလတွင် ကူးစက်မှုလှိုင်းကြီးကြုံတွေ့ခဲ့သည့် အိန္ဒိယနိုင်ငံတွင်လည်း ကျန်းမာရေးကဏ္ဍအပေါ် ငွေကြေးထောက်ပံ့မှု အားနည်းခြင်းကြောင့် ယခုကဲ့သို့  အခြေအနေဆိုးကြီးနှင့် ရင်ဆိုင်နေရသည်ဟု ဗဟိုအစိုးရ၏ကပ်ရောဂါအပေါ် စီမံခန့်ခွဲမှုနှင့်ပတ်သက်၍ ဝေဖန်ခံခဲ့ရသည်။

အီတလီနိုင်ငံတွင်လည်း ကူးစက်မှုပထမလှိုင်း၏ ဗဟိုချက်ဖြစ်သည့် ဘာဂါမိုမြို့မှအစိုးရရှေ့နေများက ၂၀၂၀ ခုနှစ်အစောပိုင်းကပ်ရောဂါ စတင်ကူးစက်ချိန်တွင် ကပ်ရောဂါအပေါ် အလားအလာရှိသည့် စီမံခန့်ခွဲမှု လွဲမှားခဲ့ခြင်းအပေါ် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်။


READ NEXT
Cancel OK