Top News

တရုတ်စက်ရုံက ရုရှားအတွက် စစ်ဘက်သုံး ဒရုန်းများ ထုတ်လုပ်ပေးနေသည်ဟူသောကိစ္စကို ဂျာမနီဝန်ကြီးချုပ် အိုလက်ဖ်ရှိုးလ်က တရုတ်သမ္မတ ရှီကျင်းပင်နှင့် ဆွေးနွေးမည်
24htopnews | November 19, 2024 10:12 PM CST

တရုတ်စက်ရုံက ရုရှားအတွက် စစ်ဘက်သုံးဒရုန်းများ ထုတ်လုပ်ပေးနေသည်ဟူသော သတင်းထွက်ပေါ်လာပြီးနောက် ဂျာမနီဝန်ကြီးချုပ် အိုလက်ဖ်ရှိုးလ်က နှစ်မျိုးသုံးကုန်စည်များကိစ္စကို ဂျီ-၂၀ အစည်းအဝေး၌ တရုတ်သမ္မတ ရှီကျင်းပင်နှင့်ဆွေးနွေးမည်ဟု နိုဝင်ဘာ ၁၈ ရက်တွင် ပြောကြားခဲ့သည်။

ရုရှားသည် ယူကရိန်းနှင့်ဖြစ်ပွားနေသောစစ်ပွဲတွင် အသုံးပြုရေးအတွက် တာဝေးပျံတိုက်ခိုက်ရေး ဒရုန်းများ ဖန်တီးထုတ်လုပ်ခြင်းအတွက် တရုတ်နိုင်ငံ၌ လက်နက်အစီအစဉ်တစ်ရပ်ကို ထူထောင်ထားသည်ဟု ဥရောပထောက်လှမ်းရေးအေဂျင်စီတစ်ခုရှိ သတင်းအရင်းအမြစ်နှစ်ခုက ရိုက်တာကို ပြောကြားခဲ့ကြောင်း စက်တင်ဘာလထဲတွင် ထုတ်ပြန်ခဲ့သော အစီရင်ခံစာ၌ ဖော်ပြထားသည်။

၂၀၂၂ ခုနှစ်တွင် ယူကရိန်းကို အင်အားအပြည့်သုံးသော ကျူးကျော်မှုစတင်ခဲ့သောရုရှားအတွက်ကုန်းကြမ်း သို့မဟုတ် အခြားအထောက်အပံ့များမပေးရန် တရုတ်အပါအဝင် နိုင်ငံအားလုံးကို ဥရောပသမဂ္ဂက ကြိမ်ဖန်များစွာ တိုက်တွန်းခဲ့သည်။

တရုတ် ဒရုန်းအကူအညီသည် အကျိုးဆက်များရှိလာမည်ဖြစ်ပြီး၊ အကျိုးဆက်များရှိလာလိမ့်မည်ဟု နိုဝင်ဘာ ၁၈ ရက် စောစောပိုင်းတွင် ဂျာမနီနိုင်ငံခြားရေးဝန်ကြီး အန်နာလီနာဘဲဘော့က ပြောကြားခဲ့သည်။

ဂျာမနီ နိုင်ငံခြားရေး ဝန်ကြီးပြောခဲ့သော စကားကိုသဘောတူပါသလား၊ ယင်းကိစ္စကို တရုတ်သမ္မတရှီကျင်းပင်နှင့်ဆွေးနွေးမည်လောဆိုသည်ကို သတင်းထောက်များက ရှိုးလ်အားမေးမြန်းခဲ့သည်။ လူသေစေနိုင်သောလက်နက်များကို ရုရှားထံပေးပို့မှုများအား အမြဲတမ်းသတိပေးခဲ့ကြောင်း၊ ဂျီ-၂၀ အစည်းအဝေးတွင် နှစ်မျိုးသုံးကုန်စည်များအကြောင်းကို ဆွေးနွေးမည်ဖြစ်ကြောင်း ဂျာမနီဝန်ကြီးချုပ်က ပြန်လည် ဖြေကြားခဲ့သည်။

“ပြောတိုင်း ယုံနေရမှာမဟုတ်ပေမယ့် ကျွန်တော်တို့ကတော့ နှစ်မျိုးသုံးထုတ်ကုန်တွေကို အသုံးပြုတာနဲ့ပတ်သက်လို့ ကွဲပြားမှုတွေရှိနေတာကြောင့် အဲဒီကုန်စည်တွေရဲ့ ပြဿနာကို အမြဲတမ်း ဖြေရှင်းခဲ့ပါတယ်”ဟု ရှိုးလ်က ပြောကြားခဲ့သည်။

ယူကရိန်းစစ်ပွဲတွင် မြောက်ကိုရီးယားစစ်သားများ ဖြန့်ကြက်မှုကိုလက်မခံနိုင်ဟု တရုတ်သမ္မတအားပြောကြားမည်ဖြစ်ကြောင်း ရှိုးလ်က ပြောကြားခဲ့သည်။ ရုရှားအတွက် မြောက်ကိုရီးယားက စစ်သားများစေလွှတ်ပေးခြင်းသည် ဆိုးရွားသော အပြောင်းအလဲဖြစ်သည်ဟု ဆိုသည်။

ရုရှားနိုင်ငံထဲက ပစ်မှတ်များကို ယူကရိန်းတိုက်ခိုက်ရာတွင် တာဝေးပစ်ဒုံးကျည်များအသုံးပြုရေးကိို အမေရိကန်က ခွင့်ပြုလိုက်ခြင်းနှင့်ပတ်သက်၍ မေးမြန်းသည့်အခါရှိုးလ်က “ဂျာမနီကတော့ အဲဒီအတိုင်းလိုက် လုပ်မှာမဟုတ်ပါဘူး။ ဒါမှမဟုတ် တာဝေးပစ်တော်ရက်စ် ခရုစ်ဒုံးကျည်တွေကို ယူကရိန်းကို ပေးမှာမဟုတ်ပါဘူး”ဟု ဖြေကြားခဲ့သည်။

ပစ်မှတ် ထိန်းချုပ်ရေးအတွက် ဂျာမနီက တာဝန်ယူမှုကို မျှဝေယူသည့်အခါ တော်ရက်စ်ဒုံးကျည်များကို ဖြန့်ကြက်နိုင်သည်ဟု ၎င်းင်းက ပြောကြားခဲ့ပြီး ယင်းသို့လုပ်ဆောင်ခြင်းသည် တရားဝင်သည်ဖြစ်စေ၊ တရားမဝင်သည်ဖြစ်စေ စစ်ပွဲတွင် ပါဝင်သည့်အနေအထားဖြစ်လာမည်ဟု ဆိုသည်။

“အဲဒါဟာ ကျွန်တော် မလုပ်နိုင်တဲ့အရာပါ။ ကျွန်တော် မလုပ်ချင်တဲ့အရာပါ”ဟု ဂျာမနီဝန်ကြီးချုပ်က ပြောသည်။ Ref: Reuters

 

 


READ NEXT
Cancel OK