Top News

ရေနံကို ကျိန်စာအဖြစ် မှတ်ယူထားသည့် မေ့လျော့ခံ အိုင်ဗရီကို့စ် နိုင်ငံသားများ
24htopnews | October 18, 2024 12:12 AM CST

အာဖရိကအစိုးရများက ရေနံနှင့်ဂက်စ် ရှာဖွေတွေ့ရှိမှုအပေါ် ကောင်းချီးပေးခံရသည်ဟု ဂုဏ်ယူပြောကြားနေသော်လည်း အိုင်ဗရီကို့စ် နိုင်ငံတောင်ပိုင်းရှိ ဆင်းရဲသောရွာသားများမှာမူ ယင်းတွေ့ရှိမှုအား ကျိန်စာတစ်ရပ်အဖြစ်မှတ်ယူထားကြသည်။

အိုင်ဗရီကို့စ်၏ စီးပွားရေးအချက်အချာမြို့ဖြစ်သည့် အဘစ်ဂျန်မှ မိုင် ၆၀ အကွာရှိ ရေနံပေါကြွယ်ဝသည့် ဂျက်ကွင်းဗယ်လီမြို့မှဒေသခံများက ၎င်းတို့သည် ဆယ်စုနှစ်ပေါင်းများစွာရှိ ရှေးဟောင်းရတနာသိုက်မှ အကျိုးအမြတ်ခံစားရခြင်းမရှိသေးကြောင်း ပြောကြားခဲ့သည်။

အလုပ်သမားများမှာ ကမ်းလွန်တူးစင်များမှ ဓာတ်ငွေ့များကိုဓာတ်အားပေးစက်ရုံများသို့ ပို့ဆောင်ရာတွင် အထောက်အကူဖြစ်စေရန် လယ်ယာများနှင့် ကျေးရွာများကို ဖြတ်သန်းသွားသည့်တတိယမြောက် ပိုက်လိုင်းကိုတပ်ဆင်ရန် အလုပ်ရှုပ်နေကြသည်။

သို့သော်ကြမ်းတမ်းပြီး ဖုန်များဖြင့်ပြည့်နေသည့် လမ်းများရှိသော အက်ဒါကျေးရွာတွင် ရွာသားများကမူ ဖြစ်ထွန်းမှု တစ်စုံတစ်ရာကိုမတွေ့ မြင်ရသေးပေ။

“ကျွန်တော်နားမလည်တာက ရေနံနဲ့ဓာတ်ငွေ့ထွက်တဲ့ ရွာတစ်ရွာမှာ ဘာကြောင့် မီးသတ်စခန်းတွေ၊ အလယ်တန်းကျောင်းတွေ မရှိတဲ့အပြင် ဆေးရုံတွေမှာလည်း လိုအပ်တဲ့ ပစ္စည်းအပြည့်အစုံ မရှိရတာလဲ” ဟု အသက် ၃၂ နှစ်အရွယ်ယန်း ဘိုင်ယာချွန်းနန်ဒရင်းကဆိုသည်။

“ရေနံကနေ ကျွန်တော်တို့ရဲ့ ဘဝတွေကို အကျိုးကျေးဇူးတစ်စုံတစ်ရာ ဖြစ်ပေါ်စေတာမျိုး မမြင်ရသေးပါဘူး။ ကျွန်တော်မွေးကတည်းက သူတို့တွေ ရေနံထုတ်နေကြတာပါ။ကျွန်တော်တို့တွေ အခုထိ ဆင်းဆင်းရဲရဲနေနေရတုန်းပါပဲ” ဟု အသက် ၂၇ နှစ်အရွယ် ဒူဗယ်နက်ဗ်ရီက ပြောကြားခဲ့သည်။

ရေနံနှင့် ဓာတ်ငွေ့ထုတ်လုပ်မှုသည် ငါးဖမ်းအထွက်နှုန်းအပေါ်ထိခိုက်မှု ရှိစေသည်ဟု တံငါသည်ဂျက်စတင်ဒါဂရီ ရက်ဆော့ကဆိုသည်။

ဂျက်ကွင်းဗယ်လီအနီးရှိလယ်ကွင်းမှ၂၀၁၉ ခုနှစ်တွင် တစ်ရက်လျင် ရေနံစည် ၃၆,၀၀၀ ထုတ်လုပ်ပြီး အိုင်ဗရီကို့စ်တွင် ရေနံထုတ်လုပ်သူ အနည်းငယ်သာကျန်ရှိတော့သည်။

ရေနံမှရရှိသည့်အကျိုးအမြတ်များကို အသုံးပြု၍ အများပြည်သူဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆောင်ရွက်ရန် ၂၀၀၈ ခုနှစ်ကရွေးကောက်ခံအရာရှိများနှင့်အဖွဲ့ဝင်များဖြင့် ရေနံနှင့်ဓာတ်ငွေ့ကောင်စီတစ်ရပ်ကို ဖွဲ့စည်းတည်ထောင်ခဲ့သည်။

ကောင်စီဥက္ကဌ လီယွန်လိုဘိုက ကောင်စီအနေဖြင့် ရန်ပုံငွေများကို အသုံးပြု၍ နေအိမ်များ၊ဆေးခန်းများ၊ရေလှောင်တာဝါများနှင့် စာသင်ကျောင်းများကို တည်ဆောက်ပေးခဲ့ပြီး စုစုပေါင်းကုန်ကျစရိတ်ဒေါ်လာ ၈၇၆ သန်းကျော် ရှိသည်ဟုဆိုသည်။သို့သော် ကောင်စီသည်နိုင်ငံတော်က ချပေးသည့်ရန်ပုံငွေအပေါ် မှီခိုနေရသည်ဟု ၎င်းကဆိုသည်။

“ကျွန်တော်တို့စီမံကိန်းတွေအတွက် ရေနံကုမ္ပဏီတွေကနေ ကျွန်တော်တို့ငွေကြေးမရပါဘူး” ဟု ၎င်းကပြောကြားခဲ့သည်။

“အခွန်ပြေစာတွေ ခန်းခြောက်လာတဲ့အခါ၊ ရေနံကဏ္ဍဟာကျန်တဲ့ စီးပွားရေးတွေနဲ့ ပေါင်းစည်းမှုမပြုလုပ်တဲ့အခါနဲ့ ရေနံကရလာတဲ့ အရင်းအမြစ်တွေဟာ အုပ်ချုပ်ရေးနဲ့ အဖွဲ့အစည်းတွေရဲ့အရည်အသွေးတွေအပေါ် အပျက်သဘောဆောင်တဲ့ အကျိုးရလဒ်တွေရှိလာတဲ့အခါ ရေနံရဲ့ကျိန်စာဟာ ဖြစ်ပေါ်လာပါတယ်” ဟု စီးပွားရေးပညာရှင် ယန်းအက်တီးက ပြောကြားခဲ့သည်။

ဆယ်ကျော်သက်အရွယ်များအကြား စိတ်တိုဒေါသဖြစ်မှုများရှိလာပြီး လူမှုဆိုင်ရာ ချိန်ကိုက်ဗုံးကို ဖြုတ်နိုင်ရန် အလျင်အမြန်ဆောင်ရွက်ရမည်ဟု ၎င်းကဆိုသည်။

ဂျက်ကွင်းဗယ်လီတွင်ရေနံမှ အကျိုးအမြတ်မရရှိသည့်အတွက် လွန်ခဲ့သည့်နှစ်ပေါင်းများစွာက ဆန္ဒပြမှုများဖြစ်ပွားခဲ့သည်။

“ကျွန်တော်တို့အနေနဲ့ ရေနံထုတ်လုပ်မှုကနေရတဲ့ အကျိုးအမြတ်ကိုခံစားရပြီး ရေနံကုမ္ပဏီတွေနဲ့ငြိမ်းချမ်းစွာ အတူယှဉ်တွဲတည်ရှိနေဖို့လိုပါတယ်။ဒီနေရာမှာ ရေနံဟာကျိန်စာတစ်ခုအနေနဲ့ရှိမနေသင့်ပါဘူး” ဟု လိုဘိုကပြောကြားခဲ့သည်။


READ NEXT
Cancel OK