တရုတ်မှ ထွက်ခွာရန် စဉ်းစားနေသော ကုန်ထုတ်လုပ်ငန်းများအတွက် ဗီယက်နမ်သည် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ နေရာသစ် ဖြစ်လာစေရေး ကူညီပေးနိုင်ရန် ဗီယက်နမ် အမျိုးသားလွှတ်တော်က ဥရောပသမဂ္ဂနှင့် လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီချက်ကို ဇွန် ၈ တွင် အတည်ပြုပေးခဲ့သည်။
ထိုသဘောတူညီချက် EVFTA အား လွှတ်တော်တွင် တစ်ညီတစ်ညွတ်တည်း အတည်ပြုပေးခဲ့ပြီး တရားဝင် အတည်ပြု လက်မှတ်ထိုးပြီးပါက အစောဆုံးအနေဖြင့် သြဂုတ်တွင် စတင် အသက်ဝင်မည် ဖြစ်သည်။
ထိုသဘောတူညီချက်အား ဥရောပသမဂ္ဂက အတည်ပြု လက်မှတ်ထိုးထားပြီးဖြစ်ပြီး အရှေ့တောင်အာရှတွင် စင်ကာပူပြီးလျှင် ဗီယက်နမ်သည် ဥရောပသမဂ္ဂနှင့် အလားတူ ကုန်သွယ်ရေး သဘောတူညီချက် ရရှိသည့် ဒုတိယမြောက်နိုင်ငံ ဖြစ်လာမည် ဖြစ်သည်။
ထိုသဘောတူညီချက်အား ဗီယက်နမ် လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ခဲ့ရာ တက်ရောက်လာသည့် ဥပဒေပြု လွှတ်တော်အမတ် ၄၅၇ ဦးစလုံးက ထောက်ခံခဲ့ကြပြီး မဲပေးရန် အရည်အချင်းပြည့်မီသူ အားလုံးအနက် ဥပဒေပြုအမတ် ၉၄.၆၂ ရာခိုင်နှုန်းက အတည်ပြုခဲ့ကြသည်။
အမျိုးသားလွှတ်တော် ဥပဒေပြုအမတ်များအား အာရုံဆွဲဆောင်နိုင်ခဲ့သည့် အကြောင်းအရာတစ်ခုမှာ ဗီယက်နမ်သည် COVID-19 ကပ်ရောဂါအပြီးတွင် ၎င်း၏ စီးပွားရေးပုံစံကို ပြောင်းလဲရမည်ဖြစ်ပြီး ဥရောပစျေးကွက်တွင် ဖောက်သည်များ ရရှိစေရေး လုပ်ဆောင်ရန်ဖြစ်ကြောင်း မဲခွဲမှုမပြုလုပ်မီ အမျိုးသားလွှတ်တော် သတင်းဌာနက ၎င်း၏ဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။
ထိုအကျိုးကျေးဇူးများနှင့်အတူ EVFTA သည် စိန်ခေါ်မှုအချို့လည်း ရှိကြောင်း၊ ထိုသဘောတူညီချက်အရ ဗီယက်နမ်၏ စီးပွားရေး၊ ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများသည် ဥရောပသမဂ္ဂထံမှ ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများ၏ ယှဉ်ပြိုင်မှုဆိုင်ရာဖိအားများ ကြုံရမည်ဖြစ်ကြောင်း ထိုဝက်ဘ်ဆိုက်တွင် ထောက်ပြခဲ့သည်။
ယင်းသဘောတူညီချက် အာဏာသက်ဝင်သည်နှင့် တစ်ပြိုင်နက် ဥရောပသို့ တင်ပို့သော ဗီယက်နမ် ကုန်ပစ္စည်း ၇၁ ရာခိုင်နှုန်းနှင့် ဗီယက်နမ်သို့ ဥရောပ၏ ပို့ကုန် ၆၅ ရာခိုင်နှုန်းတို့သည် အခွန်ကင်းလွတ်ခွင့် ရရှိမည် ဖြစ်သည်။ ကျန်ရှိသော စည်းကြပ်ခွန် ၉၉ ရာခိုင်နှုန်းအထိကို ဗီယက်နမ်က ၁၀ နှစ်ကျော်အတွင်းနှင့် ဥရောပသမဂ္ဂက ခုနစ်နှစ်ကျော်အတွင်း အဆင့်လိုက် ဖယ်ရှားပေးကြမည် ဖြစ်သည်။
လူဦးရေ ၉၆ သန်းခန့်ရှိသော ဗီယက်နမ်သည် အဖွဲ့ဝင် ၁၀ နိုင်ငံရှိ အာဆီယံတွင် လူဦးရေ တတိယအများဆုံး နိုင်ငံဖြစ်ပြီး တစ်ဦးချင်း ဝင်ငွေသည် ၂၀၁၉ ခုနှစ်တွင် ခန့်မှန်းခြေ ဒေါ်လာ ၃၅၀၀ နီးပါးရှိခဲ့ရာ ကားနှင့် အိမ်သုံးပစ္စည်းများ ပိုင်ဆိုင်မှုအညွှန်းကိန်း ဒေါ်လာ ၃၀၀၀ ကို ကျော်သွားခဲ့သည်။
ဥရောပသမဂ္ဂ၏ ကုန်သွယ်ရေး အထူးအခွင့်အရေးအစီအစဉ်မှ အကျိုးအမြတ် ရရှိနေပြီဖြစ်သော ဗီယက်နမ်သည် ထိုကုန်သွယ်ရေး သဘောတူညီချက်ကြောင့် လတ်တလောတွင် ဥရောပသမဂ္ဂသို့ ဗီယက်နမ် ကုန်ပစ္စည်း ၁၅ ရာခိုင်နှုန်းခန့် တင်ပို့နေရာမှ ပိုမိုများပြားစွာ တင်ပို့နိုင်တော့မည် ဖြစ်သည်။
ဥရောပသမဂ္ဂ စျေးကွက်သို့ ဗီယက်နမ် အထည်အလိပ်ကုမ္ပဏီများ ဝင်ရောက်ရန် ကြိုတင်ပြင်ဆင်နေကြစဉ် လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီချက် အသက်ဝင်သည်နှင့်တစ်ပြိုင်နက် ဥရောပသမဂ္ဂသည် ဗီယက်နမ် အထည်အလိပ်နှင့် အဝတ်အစား ပို့ကုန်များ၏ ၇၇.၃ ရာခိုင်နှုန်းအား စည်းကြပ်ခွန်များ ရုပ်သိမ်းပေးမည်ဖြစ်ပြီး ကျန်သော ၂၂.၇ ရာခိုင်နှုန်းအား ၇ နှစ်ပြီးနောက် ရုပ်သိမ်းပေးမည် ဖြစ်သည်။
ကပ်ရောဂါကြောင့် ဗီယက်နမ် အထည်ချုပ်လုပ်ငန်းများ အထိနာခဲ့ပြီး အဖွဲ့ဝင် ၇၀ ရာခိုင်နှုန်းသည် ပြီးခဲ့သော မတ်တွင် အလုပ်သမားများ လျှော့ချရန် ညွှန်ကြားခံရပြီး ဧပြီနှင့်မေတွင် ထပ်မံ၍ လျှော့ချခဲ့ရသည်။
ကပ်ရောဂါမတိုင်မီ တိုးတက်မှု ၇ ရာခိုင်နှုန်းရှိရာမှ အထိနာခဲ့ရသော ဗီယက်နမ် စီးပွားရေးသည် ထိုကုန်သွယ်ရေး သဘောတူညီချက်ကြောင့် အလွန်အမင်း လိုအပ်သည့် အရှိန်အဟုန်မြှင့်တင်မှုကို ရရှိစေမည်ဟု မျှော်လင့်ထားကြသည်။
ဥရောပသမဂ္ဂသို့ ဗီယက်နမ်ပို့ကုန် တင်ပို့မှုသည် ၂၀၁၉ ခုနှစ်တွင် ဒေါ်လာ ၄၂ ဘီလျံအထိရှိခဲ့ပြီး ဗီယက်နမ်သို့ ဥရောပသမဂ္ဂ၏ တင်ပို့မှုသည် စုစုပေါင်း ဒေါ်လာ ၁၅ ဘီလျံရှိကြောင်း ဗီယက်နမ်အစိုးရက ထုတ်ပြန်ခဲ့သည်။ ဥရောပသမဂ္ဂသို့ ဗီယက်နမ် ပို့ကုန်ဝင်ငွေရရှိမှုသည် ၂၀၂၅ ခုနှစ် မတိုင်မီ ၄၂ .၇ ရာခိုင်နှုန်းနှင့် ၂၀၃၀ ပြည့်နှစ် မတိုင်မီ ၄၄.၃၇ ရာခိုင်နှုန်းအထိ မြင့်တက်မည်ဟု အစိုးရက ခန့်မှန်းထားသည်။
-
ရွှေတိဂုံ စေတီတော်မြတ်ကြီးအား လုံးတော်ပြည့် ရွှေစင်ရွှေပြားသင်္ကန်းတော်များ ကပ်လှူပူဇော်ရန် ရွှေစင်ရွှေပြား ၄၇၃၉ ချပ် အလှူခံရရှိ
-
ပိုးမွှားကင်းရှင်းကြောင်း သတ်မှတ်ချက်များနှင့် ကိုက်ညီသဖြင့် မြန်မာနာနတ်သီး တရုတ်သို့ တင်သွင်းခွင့်ပြုမည်
-
မူဆယ်မြို့ရှိ ဆင်ဖြူဂိတ်တွင် မြန်မာဘက်အခြမ်းသို့ ကုန်ပစ္စည်းများတင်သွင်းခွင့် တရုတ်ဘက်က ခွင့်ပြု
-
မြန်မာနိုင်ငံတွင် ပဋိပက္ခကြောင့် ထိခိုက်ခံစားနေရသည့် ကလေးငယ်များအားပံ့ပိုးကူညီရန် ဒေါ်လာ ၂၀၈ သန်း အရေးပေါ်လိုအပ်နေကြောင်း UNICEF Myanmar ထုတ်ပြန်
-
သန်လျင်မြို့နယ်၊ ကုလားဝဲကျေးရွာ၊ ကုလားဝဲတံတားအဆင်းတွင် ဆီဘောက်ဆာယာဉ် မီးလောင်မှု ဖြစ်ပွား