Top News

ပဲခူးရိုးမကိုဖြတ်၍ ဖောက်လုပ်ထားသော ကားလမ်းမကြီးများ၏ လမ်းဘေးဝဲယာတွင် လမ်းသွယ်များ ပြုပြင်ဖောက်လုပ်ပြီး သစ်ခိုးထုတ်မှုများ ပြုလုပ်နေဟုဆို
24htopnews | October 7, 2024 3:12 PM CST

ပဲခူးရိုးမကိုဖြတ်၍ ဖောက်လုပ်ထားသော ကားလမ်းမကြီးများ၏ လမ်းဘေးဝဲယာတွင်  လမ်းသွယ်များ ပြုပြင်ဖောက်လုပ်ပြီး သစ်ခိုးထုတ်မှုများ ပြုလုပ်နေကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမင်းသိန်းက ပြောကြားသည်။ 

ဇန်နဝါရီ ၂၂ ရက်က နေပြည်တော်၌ ပြုလုပ်သည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့တွင် တောင်တွင်းကြီးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမင်းသိန်းက ပဲခူးရိုးမကိုဖြတ်၍ ဖောက်လုပ်ထားသော ကတ္တရာ ကားလမ်းမကြီးများ၏ လမ်းဘေးဝဲယာတွင် ကျေးရွာချင်းဆက်လမ်း မဟုတ်သော မြေသားတစ်ကြောင်းထိုးလမ်းများ ဖောက်လုပ်ထားခြင်း ၊ ဖောက်လုပ်နေခြင်းများကို တားဆီးရန် မည်သို့ စီစဉ်ထားသည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်းမေးမြန်းရာတွင် ထည့်သွင်း ပြောကြားသည်။ 

ပဲခူးရိုးမတွင် အစိုးရ၏ သစ်ထုတ်လုပ်ခြင်း ၁၀ နှစ် ရပ်ဆိုင်းထားမည်ဟု သိရကြောင်း၊ ပဲခူးရိုးမအား ကယ်တင်လိုက်ခြင်းကို အများပြည်သူက လှိုက်လှဲစွာ ကြိုဆိုကြောင်း၊ ထို့ကြောင့် ရိုးမကြီးသည် နောက် ၁၀ နှစ်ကြာပါက  စိန်းလမ်းစိုပြည်သည့် သစ်တောကြီးများဖြင့် ဖုံးလွှမ်းလာလိမ့်မည်လားဟု မျှော်လင့်မိကြောင်း၊ သို့သော် မျှော်လင့်၍ မရကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်က ဆိုသည်။ 

“အဲဒီ ပဲခူးရိုးမရဲ့ ဖြတ်လမ်းကြီး ငါးလမ်းရဲ့ လမ်းဘေးဝဲယာတွေမှာ လမ်းသွယ်၊ လမ်းမြောင်တွေ ရှိပါတယ်။ အဲဒီလမ်းသွယ် လမ်းမြောင်လေးတွေဆိုတာဟာ လမ်းမကြီးကို အခြေပြုပြီးတော့မှ ဖြစ်ပေါ်လာတဲ့ လမ်းသွယ်၊ လမ်းမြောင်လေးတွေ ဖြစ်ပါတယ်။ ဟိုယခင်ကတော့ ဒီလမ်းသွယ် လမ်းမြောင်လေးတွေဟာ လှည်းသာမောင်းလို့ရတဲ့ လမ်းသွယ်ကျဉ်းကျဉ်း လမ်းကြမ်းတွေ ဖြစ်ခဲ့ပါတယ်။ ရှင်းရှင်းပြောရရင် သစ်ခုတ်၊ ၀ါးခုတ်တဲ့ လမ်းလေးတွေပါ။ ဒါပေမဲ့ အခုတော့ လှည်းလမ်းကြီးတွေဟာ အဆင့်မြင့်သွားပါပြီ” ဟု ဦးမင်းသိန်းက ပြောကြားသည်။  

လယ်ထွန်စက်များ၏ နောက်တွင် လယ်ယာထွန်နိုင်သည့် ထွန်သွားများသာမက စက်၏ရှေ့တွင် မြေကိုပြုပြင်နိုင်သည့် မြေပြင်ဒိုဇာများလည်း ပါလာပြီ ဖြစ်ကြောင်း၊ အဆိုပါစက်များဖြင့် သစ်ခိုးသမားများက သစ်တောထဲသို့ ဝင်သည့် သစ်ခိုးလမ်းကြောင်းများ ပြုပြင် ဖောက်လုပ်နေသည်ကို တွေ့ရှိရကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမင်းသိန်းက  လွှတ်တော်၌ မေးခွန်းမေးမြန်းရာတွင် ထည့်သွင်းပြောဆိုသည်။ 

“သစ်ခိုးတဲ့ ယာဉ်ကြီးတွေဟာ အခုလိုနွေရာသီ ခြောက်သွေ့တဲ့ ကာလမှာ အလွယ်တကူ ဝင်ရောက်နေနိုင်ပါပြီ။ ယာဉ်ကြီးတွေ မပြောနဲ့။ PAJERO ၊ SURF  လူနာတင်ယာဉ်ကား စသည်တို့ဟာ အဲဒီလမ်းသွယ်တွေထဲမှာ သစ်ကို ပေါ်ပေါ်တင်တင် ခုတ်၊ ပေါ်ပေါ်တင်တင် သယ်ယူနေကြတာကို တွေ့ရပါတယ်။ ဒီလို သစ်ခိုးတဲ့မြေသား တစ်ကြောင်းထိုးလမ်းတွေအကြောင်းကို သက်ဆိုင်ရာက မသိကြဘူးလားလို့ မေးချင်ပါတယ်” ဟု လွှတ်တော်ကိုယ်စားလှယ်က ပြောကြားသည်။  

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၏ မေးခွန်းမေးမြန်းခြင်းနှင့် ပတ်သက်၍ ပဲခူးရိုးမဖြတ်လမ်းပေါ်ရှိ လမ်းသွယ်လေးများမှ တစ်ဆင့် ယခင် သစ်ထုတ်လုပ်သော လမ်းဟောင်းများသည် ယခုအခါ ရိုးမတစ်လျှောက်ရှိ ကျေးရွာများဖြစ်သော တောင်ကွဲကြီးရွာ၊ လေးဒူးရွာ၊ ထိပ်တမ်းရွာ၊ ကြက်လျှာရွာ၊ တံခွန်တိုင်ရွာ အစရှိသည့်ရွာများမှ ဆက်သွယ် အသုံးပြုလျက်ရှိသော လမ်းသွယ်လေးများ ဖြစ်ပြီး ၀ါးထုတ်လုပ်မှုအတွက် အဓိကထား အသုံးပြုလျက်ရှိသဖြင့် လမ်းပေါက်များမှ တရားမဝင် သစ်နှင့် သစ်တောထွက် ပစ္စည်းများ ခိုးထုတ်မှု မရှိစေရေးအတွက် ဆောင်ရွက်လျက် ရှိသည်ဟု ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဖြေကြားချက်များ ပေးပို့လာကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြန်လည် ဖြေကြားသည်။ 

ဆောက်လုပ်ရေးဝန်ကြီးဌာန အနေဖြင့် ဝန်ကြီးဌာနပိုင်လမ်းများ ပျက်စီးမှု မဖြစ်ပေါ်စေရန်အတွက် လမ်းနယ်နိမိတ်အတွင်း ဝန်ကြီးဌာနမှ ခွင့်ပြုချက်မရှိဘဲ တစ်ကြောင်းထိုး မြေသားလမ်းများ ဖောက်လုပ်သွားလာခြင်း၊ လမ်းမကြီးများ၏ ဝဲယာ လမ်းနယ်နိမိတ်အတွင်း၌ လမ်းမကြီးများကို ထိခိုက်ပျက်စီးစေသော ကိစ္စရပ်များ ဖြစ်ပေါ်လာလျှင် ကျူးလွန်သူ မည်သူ့ကိုမဆို အတည်ပြု ရေးဆွဲထားသည့် လမ်းမကြီးများ ဥပဒေ အခန်း(၅)  ၊ပုဒ်မ (၇)၊ (၈) (၉) တို့ပါ တားမြစ်ချက်များအရ ဥပဒေနှင့်အညီ အရေးယူခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း ဒုတိယဝန်ကြီးက ဆိုသည်။ 

ဒုတိယဝန်ကြီး၏ ပြောကြားချက်အပေါ် “ဒီလမ်းကြီးတွေကို အခြေပြုပြီးတော့ တောထဲကို ဝင်သွားတဲ့ လမ်းတွေဟာ ကျေးရွာချင်းဆက်လမ်း လုံးဝမဟုတ်ပါဘူး။ အခု ဝန်ကြီးဖြေဆိုရာမှာလည်းပဲ လမ်းမကြီးများ ဥပဒေအရ ထိခိုက်ပျက်စီးမှုနဲ့ လမ်းနယ်နိမိတ်အတွင်း မြေသားလမ်း ဖောက်လုပ်ခြင်းကိုသာ ဆိုလိုပါတယ်။ ဒါ လမ်းနယ်နိမိတ် မဟုတ်ပါဘူး။ သစ်တောနယ်မြေထဲမှာ  ဖောက်ထားတဲ့လမ်းပါ။ သစ်ခိုးတဲ့လမ်းကို ဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့ ဆိုင်သလား၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနနဲ့ ဆိုင်သလား။ သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ဆိုင်သလား။  ဒီလိုအငြင်းပွားဖွယ် သူ့တာဝန်လိုလို၊ ကိုယ့်တာဝန်လိုလို ဖြစ်နေမယ်ဆိုရင်တော့ သဘာဝမကျတဲ့အတွက်ကြောင့် သက်ဆိုင်ရာဝန်ကြီးဌာနနဲ့ အစိုးရအဖွဲ့များ ပေါင်းစပ် ဆောင်ရွက်ပေးနိုင်ပါရန် အစီအစဉ် ရှိ၊ မရှိ ဆက်စပ်မေးခွန်း ကျွန်တော် မေးမြန်းအပ်ပါတယ်” ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်က ပြောကြားသည်။ 

လွှတ်တော် ကိုယ်စားလှယ်၏ ဆက်စပ် မေးခွန်းနှင့် ပတ်သက်၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနကို ပေးပို့ပြီး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ဆိုသည်။  

 


READ NEXT
Cancel OK