Top News

မလေးရှားမှ မြန်မာ့ရေဘေးသင့်ဒေသများသို့ လှူဒါန်းသည့် ကီလို (၅၀၀၀)ရှိ လှူဒါန်းပစ္စည်းများ ရန်ကုန်သို့ ရောက်ရှိ
24htopnews | September 30, 2024 2:12 PM CST

မလေးရှားနိုင်ငံရှိ လူမှုရေးပရဟိတအသင်းအဖွဲ့များမှ မြန်မာနိုင်ငံရှိရေဘေးသင့်ဒေသများသို့ လှူဒါန်းသည့် ကီလို (၅၀၀၀)ရှိ လှူဒါန်းပစ္စည်းများအား မြန်မာသံရုံး၊ ကွာလာလမ်ပူမြို့၏ အစီအစဉ်ဖြင့် ပထမအကြိမ် ပေးပို့လိုက်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာသံအမတ်ကြီး ဦးအောင်စိုးဝင်းဦးဆောင်သော သံရုံးကိုယ်စားလှယ်အဖွဲ့သည် မလေးရှားနိုင်ငံရှိ လူမှုရေး ပရဟိတအသင်းများမှ မြန်မာရေဘေးသင့်ပြည်သူများထံ လှူဒါန်းသည့် လှူဒါန်းပစ္စည်းများအနက် ပထမအသုတ်အဖြစ် ကီလို (၅၀၀၀) အား စက်တင်ဘာ (၂၈)ရက်၊ နံနက် (၁၀)နာရီခွဲတွင် မလေးရှားအပြည်ပြည်ဆိုင်ရာ လေဆိပ်၌ လက်ခံရရှိခဲ့ကြောင်း သိရသည်။

ယင်းလှူဒါန်းပစ္စည်းများတွင် အဝတ်အထည် (လူကြီး/ကလေး)၊ အနွေးထည်၊ ဖိနပ်မျိုးစုံ (လူကြီး/ကလေး) နှင့် စောင်တို့ ပါဝင်ကြောင်း လှူဒါန်းပစ္စည်းများအား မြန်မာ သံရုံး၊ ကွာလာလမ်ပူမြို့၏ အစီအစဉ်ဖြင့် စက်တင်ဘာ(၂၈)ရက်တွင် မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

၎င်းလှုဒါန်းပစ္စည်းများအား မြန်မာနိုင်ငံ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏ အစီအစဉ်ဖြင့် မြန်မာနိုင်ငံတစ်ဝှမ်းရှိ ရေဘေးသင့်ပြည်သူများထံသို့ ဆက်လက်ဖြန့်ဝေပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာသံရုံးအနေဖြင့်လည်း လှူဒါန်းပစ္စည်းများအား ဒုတိယအကြိမ် ဆက်လက်ပို့ဆောင်နိုင်ရေးနှင့် မြန်မာနိုင်ငံရှိ ရေဘေးသင့်ပြည်သူများထံသို့ အဆင်ပြေချောမွေ့စွာရောက်ရှိစေရေး မလေးရှားနိုင်ငံရှိ ပရဟိတအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


READ NEXT
Cancel OK