Top News

မန်ယူကစားသမားဘဝ ပထမဆုံးအနီကတ်နှင့် ဘရူနိုဖာနန်ဒက်စ် ရင်ဆိုင်ခဲ့ရပြီး မိမိ အနီကတ်အပြမခံရသင့်ဟု မတ်ဒီဆန် ပြောကြားခဲ့ကြောင်း ပွဲအပြီးတွင် ဖွင့်ဟ
24htopnews | September 30, 2024 4:12 PM CST

မန်ယူအသင်းခေါင်းဆောင် ကွင်းလယ်တိုက်စစ်ကစားသမား ဘရူနိုဖာနန်ဒက်စ်သည် စပါးအသင်းအား (၀-၃)ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့်ပွဲတွင် မန်ယူကစားသမားဘဝ ပထမဆုံးအနီကတ်နှင့် ရင်ဆိုင်ခဲ့ရကြောင်း သိရသည်။

ဘရူနိုဖာနန်ဒက်စ်သည် ပွဲချိန် (၄၂)မိနစ်တွင် ပြိုင်ဘက်ကစားသမား မတ်ဒီဆန်ကို တားဆီးရာမှ တိုက်ရိုက်အနီကတ်ဖြင့် ထုတ်ပယ်ခံခဲ့ရခြင်းဖြစ်သည်။

ယင်းပွဲတွင် မန်ယူအသင်းသည် ပွဲအစ (၃)မိနစ်မပြည့်မီမှာပင် ဂိုးပေးခဲ့ရသောကြောင့် နောက်မှလိုက်ကစားခဲ့ရပြီး ဘရူနိုဖာနန်ဒက်စ် ထုတ်ပယ်ခံလိုက်ရသည့်အတွက် ဒုတိယပိုင်းတွင် ပိုမိုအားလျော့သွားခဲ့ပြီး ဂိုးပြတ်ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။

ဘရူနိုဖာနန်ဒက်စ်(၃၀ နှစ်)သည် ၂၀၂၀ ခုနှစ်တွင် စပို့တင်းလစ္စဘွန်းအသင်းမှ မန်ယူအသင်းသို့ ပြောင်းရွှေ့ရောက်ရှိခဲ့သူဖြစ်ပြီး ပြိုင်ပွဲစုံ(၂၄၂)ပွဲမြောက်၌ ပထမဆုံးအနီကတ်ပြသခံခဲ့ရခြင်းဖြစ်သည်။

၎င်းသည် မန်ယူကစားသမားဘဝတစ်လျှောက် အဝါဝတ် (၄၅)ကြိမ်သာ ပြသခံခဲ့ရဖူးသူဖြစ်ပြီး ယခုအနီကတ်မှာ ၎င်း၏ ကစားသမားဘဝတစ်လျှောက် တတိယမြောက်အနီကတ်အဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်းလည်း သိရသည်။

စပါးနှင့်ပွဲမှ ဘရူနိုဖာနန်ဒက်စ်၏ အနီကတ်ပြစ်ဒဏ် နှင့်ပတ်သက်၍ ပြင်းထန်လွန်းသည်ဟု ကျွမ်းကျင်သူများနှင့် ဘောလုံးသုံးသပ်သူအများစုက ထင်ကြေးပေးခဲ့ကြောင်း သိရသည်။

ဘရူနိုဖာနန်ဒက်စ်၏ ဖျက်ထုတ်မှုကို ကိုယ်တိုင်ရင်ဆိုင်ခဲ့ရသော ပြိုင်ဘက်ကစားသမား မတ်ဒီဆန်ကပင် အနီကတ်နှင့် ထိုက်တန်ခြင်းမရှိဟု ပြောကြားခဲ့ကြောင်း ဘရူနိုဖာနန်ဒက်စ်က ပွဲအပြီးတွင် ဖွင့်ဟခဲ့သည်။

''ဒါဟာ ပြစ်ဒဏ်ကျူးလွန်ခဲ့တာမှန်ပေမဲ့ အနီကတ် မဟုတ်ပါဘူး။ မတ်ဒီဆန်ကလည်း ဒါဟာ ပြစ်ဒဏ်ဘောဖြစ်ပေမဲ့ အနီကတ်တော့ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။ ဒါသာ အနီကတ်ဆိုရင် တခြားမတော်တဆဖြစ်ရပ်တွေကိုလည်း ကျွန်တော်တို့ ပြန်ကြည့်ရမှာပါ။ ကျွန်တော်ကတော့ ဒါကို အနီကတ်လို့ လုံးဝမထင်ပါဘူး။ မတ်ဒီဆန်ကလည်း အဝါကတ်ပဲ ပြစေချင်ခဲ့ပါတယ်။ ကျွန်တော် နားမလည်တာကတော့ VAR က ဒီဖြစ်ရပ်ကို Screen မှာ ပြန်ကြည့်ဖို့ ဘာကြောင့် မတောင်းဆိုခဲ့သလဲ ဆိုတာပါပဲ''ဟု ဘရူနိုဖာနန်ဒက်စ်က ပြောကြားခဲ့သည်။

မန်ယူနည်းပြ တန်ဟက်ဂ် ယင်းပွဲတွင် မိမိတို့အနေဖြင့် အမှားအယွင်းများစွာ ပြုလုပ်ခဲ့သော်လည်း ဘရူနိုဖာနန်ဒက်စ်၏အနီကတ်က အရာအားလုံးကို ပြောင်းလဲသွားစေခဲ့သည်ဟု သုံးသပ်ခဲ့သည်။

ဘရူနိုဖာနန်ဒက်စ်သည် ပရီးမီးယားလိဂ်ပွဲစဉ်တစ်ပွဲ၌ အိုးလ်ထရက်ဖို့ဒ်ကွင်းတွင် ထုတ်ပယ်ခံရသည့် စတုတ္ထမြောက် မန်ယူအသင်းခေါင်းဆောင်အဖြစ် မှတ်တမ်းဝင်သွားခဲ့ကြောင်းလည်း သိရသည်။

၎င်းမတိုင်မီ အိုးလ်ထရက်ဖို့ဒ်ကွင်း၌ ထုတ်ပယ်ခံခဲ့ရသည့် မန်ယူအသင်းခေါင်းဆောင်များမှာ ရွိုင်ကင်း(၂၀၀၁၊ မန်စီးတီးနှင့်ပွဲ)၊ ဗီဒစ်(၂၀၁၄၊ လီဗာပူးလ်နှင့်ပွဲ)၊ ၀ိန်းရွန်နီ(၂၀၁၄၊ ဝက်စ်ဟမ်းနှင့်ပွဲ) တို့ ဖြစ်ကြောင်း သိရသည်။

စပါးအသင်းသည် မန်ယူအသင်းကို အိုးလ်ထရက်ဖို့ဒ်ကွင်း၌ ၂၀၂၀ နောက်ပိုင်း ပထမဆုံးအကြိမ် အနိုင်ရရှိခြင်းဖြစ်ပြီး ပွဲအစ(၁၅၅)စက္ကန့်အကြာမှာပင် ဂိုးသွင်းယူနိုင်ခဲ့ခြင်းမှာ ၂၀၁၂ ခုနှစ်က (၁၁၃)စက္ကန့်တွင် ဂိုးသွင်းယူခဲ့ပြီးနောက်ပိုင်း အိုးလ်ထရက်ဖို့ဒ်ကွင်း၌ အမြန်ဆုံးသွင်းယူနိုင်သည့်ဂိုးအဖြစ် မှတ်တမ်းဝင်သွားခဲ့ကြောင်းလည်း သိရသည်။ 


READ NEXT
Cancel OK