Top News

အကြမ်းဖက်အဖွဲ့များ အခြေပြုသည့် လားရှိုးမြို့တွင်းနေရာများသို့ တပ်မတော်က တန်ပြန်တိုက်ခိုက်မှု ခပ်စိတ်စိတ်ဖြစ်လာ
24htopnews | September 30, 2024 4:12 PM CST

ရှမ်း/မြောက် လားရှိုးမြို့အတွင်း အကြမ်းဖက်အဖြစ် ကြေညာထားသည့် (MNDAA) အဖွဲ့များ အခြေပြုသည့်နေရာများကို တပ်မတော်က လေကြောင်းမှတိုက်ခိုက်လျက်ရှိရာ ယနေ့ စက်တင်ဘာလ (၃၀)ရက် နံနက်အစောပိုင်း(၁၂)နာရီ (၃၅)မိနစ်အချိန်တွင် ထပ်မံ တိုက်ခိုက်ခဲ့ကြောင်း သိရပြီး ယခုလအတွင်း တပ်မတော်ဘက်က တန်ပြန်တိုက်ခိုက်မှု ခပ်စိတ်စိတ်ရှိလာသည်။

ယနေ့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ရပ်ကွက်(၁၁)အောင်စေတနာလမ်းသွယ် (၂)လမ်းထိပ်ရှိ နေအိမ် ၂ လုံးပေါ်သို့ကျရောက်ပေါက်ကွဲပြီး ထိခိုက်ဒဏ်ရာသူ ၁ ဦး ရှိခဲ့‌ကြောင်း လားရှိုးအခြေစိုက်လွတ်လပ်သောလူငယ်စေတနာ့ဝန်ထမ်း (FYV)၏ လူမှုကွန်ယက်စာမျက်နှာတွင် ဖော်ပြထားသည်ကိုတွေ့ရသည်။

“ဒီနေ့က သုံးကြိမ် ကြဲချတာပေါ့။ လူထိခိုက်တာရှိတယ်လည်းကြားတယ်။ လားရှိုးမှာက ဘယ်လိုပြောရမလဲ။ တိုက်ပွဲတွေစဖြစ်ထဲက အခက်အခဲရှိလို့နေတဲ့ သူတွေက လွဲပြီး ကျန်တာတွေက မြို့ကနေ ရှောင်သွားပြီ။ အခုလို ခပ်စိတ်စိတ်ဖြစ်လာပြီဆိုတော့ ကျန်သူတွေလည်း အဝေးကြီးမဟုတ်တောင် အနီးတဝိုက်ရှောင်ကြဖို့ပြင်ဆင်နေကြတယ်”ဟု တိုက်ပွဲရှောင် ဒေသခံတစ်ဦးကပြောသည်။

ယခုလအတွင်း တပ်မတော်ဘက်မှ လေကြောင်းဖြင့်တန်ပြန်တိုက်ခိုက်မှုသည် ယ‌နေ့ နံနက် တိုက်ခိုက်မှုအပါအဝင် (၉)ကြိမ်မြောက်ရှိခဲ့ပြီဖြစ်သည်။

“တပ်မတော် ပြောထားတာရှင်းတယ်။ ယာယီသိမ်းပိုက်ခံထားရတဲ့ မြို့တွေကို သတင်းရရှိမှု အပေါ်မူတည်ပြီး ချေမှုန်းမယ်လို့ ပြောထားတယ်။ အကြမ်းဖက်အဖွဲ့အစည်း အဖြစ်နဲ့လည်း ကြေညာထားပြီး ဖြစ်တယ်။ ခပ်ရှင်းရှင်းပြောရရင် EAO ဆိုတဲ့ တံဆိပ်တောင် ကပ်ခွင့်မရှိတဲ့အခြေအနေမှာ ပေါင် ၁၀၀၀ ဗုံး သုံးလည်း အကျုံးဝင်တယ်။ စစ်ပွဲတစ်ပွဲ ဆိုတာ နိုင်တဲ့သူကပဲ သမိုင်းရေး‌လေ့ရှိတယ်။ တပ်မတော်က ပြန်မတိုက်နိုင်ရင် ….ဒါက တပ်မတော် သမိုင်းပဲ။ ဘယ်သူမှ ကြားက လာပြီး သမိုင်းမရေးဘူး။ ဒီလိုပဲ တိုက်လို့နိုင်ရင် နယ်မြေအပိုင်ဖြစ်ကြေးလို့ ဆိုထားမှတော့၊ တပ်မတော်ကလည်း လက်လွှတ်ပေးပြီလို့ မပြောသရွေ့တော့ ဒီစစ်ပွဲက အဆုံးမသတ်သေးဘူး။”ဟု စစ်ရေး လေ့လာသုံးသပ်သူ တစ်ဦးက သူ၏ သဘောထားအမြင်ကို မှတ်ချက်ပြု ရေးသားထားသည်ကိုတွေ့ရသည်။

MNDAA က ဒေသခံများ မြို့အတွင်း ဝင်ရောက်နေထိုင်လိုပါက နေထိုင်၍ရပြီဖြစ်ကြောင်း ပြောထားသော်လည်း လေကြောင်းဖြင့် တန်ပြန်တိုက်ခိုက်လာမှုများကြောင့် မြို့ခံစစ်ရှောင်များအနေဖြင့် မြို့အတွင်း ပြန်လည်နေထိုင်ရန် စိုးရိမ်မှုများရှိနေကြောင်း ဒေသခံများထံက သိရသည်။


READ NEXT
Cancel OK