Top News

ကွင်းလယ်ဒိုင် မိုက်ကယ်အိုလီဗာအား ဝေဖန်နေသည့် အာတီတာအနေဖြင့် အဆင့်အတန်းနည်းနည်းပြပြီး ကိုယ်တိုင်ရှေ့ဆက်သင့်သည်ဟု ရွိုင်ကင်း ဝေဖန်
24htopnews | September 24, 2024 5:12 PM CST

မန်ယူအသင်း၏ ဂန္ထဝင်ကွင်းလယ်ကစားသမားဟောင်းနှင့် လက်ရှိအချိန်တွင် Sky Sports ရုပ်သံ၏ ဘောလုံးသုံးသပ်သူအဖြစ် ဆောင်ရွက်နေသည့် ရွိုင်ကင်းက မန်စီးတီးအသင်းနှင့်ပွဲတွင် တာဝန်ယူခဲ့သည့် နာမည်ကြီး ကွင်းလယ်ဒိုင်တစ်ဦးဖြစ်သူ မိုက်ကယ်အိုလီဗာအား ဝေဖန်ပြစ်တင်မှုများ ပြုလုပ်နေသည့် အာဆင်နယ်အသင်းနည်းပြ အာတီတာကို အဆင့်အတန်းနည်းနည်း ပြသင့်သည်ဟုဆိုကာ ကိုယ်တိုင်ရှေ့ဆက်ရန်သာ ကြိုးစားသင့်ကြောင်း ပြောကြားခဲ့သည်။

ယင်းပွဲစဉ်တွင် အာဆင်နယ်အသင်း၏ ကွင်းလယ်တိုက်စစ်ကစားသမား လီယန်ဒရိုထရိုဆက်ဒ်သည် မိုက်ကယ်အိုလီဗာ၏ (၂ ၀ါ ၁ နီ)ဖြင့် ထုတ်ပယ်ခြင်းခံခဲ့ရပြီး ယင်းကဲ့သို့ အနီကတ်ပြခံခဲ့ရခြင်းကို အာတီတာက  မကျေမနပ် ပေါက်ကွဲခဲ့ခြင်းလည်းဖြစ်သည်။

အာတီတာက ပွဲအပြီး Sky Sports နှင့် တွေ့ဆုံရာတွင် ''ဒီပွဲမှာ အတော်လေးဆင်တူတဲ့ ဖြစ်ရပ် (၂) ခု ဖြစ်ခဲ့ပါတယ်။ အတော်လေးကို ဆင်တူပါတယ်။ ဒါပေမဲ့ တစ်ခုက အဝါကတ် အပြခံခဲ့ရပြီး နောက်တစ်ခုကတော့ အဝါကတ်အပြမခံခဲ့ရဘူး။ ပုံမှန်အားဖြင့်တော့ အခြေအနေ ဖြစ်ရပ်တစ်ခုမှာ တစ်ခုကို ပုံစံတစ်မျိုး ဆုံးဖြတ်နေမယ်ဆိုရင် ဒီဂိမ်းကို ဘယ်သူကမှ ကြည့်ချင်ကြမှာ မဟုတ်ပါဘူး။ ထရိုဆက်ဒ် အနီကတ်အပြခံရခြင်းနဲ့ ပတ်သက်ပြီး ခင်ဗျား ကျွန်တော့်ကို မေးနိုင်ပါ တယ်။ ဒါပေမဲ့ သေချာတာကတော့ ကျွန်တော် မဖြေချင်ပါဘူး''ဟု ပြောကြားခဲ့သည်။

ယင်းကဲ့သို့ အာတီတာ၏ ဝေဖန်မှုနှင့် ပတ်သက်ပြီး Sky Sports ၏ ဘောလုံးသုံးသပ်သူဖြစ်သည့် ရွိုင်ကင်းကမူ ''မန်နေဂျာတွေကတော့ အပတ်တိုင်းလိုလို ရှေ့ထွက်လာပြီး သူတို့ အလိုမကျတဲ့၊ သူတို့ကို ဆန့်ကျင်တဲ့ ဆုံးဖြတ်ချက်တိုင်းကို ဝေဖန်နေတော့တာပဲ။ လုပ်စမ်းပါ။ အရှိတရားကို လက်ခံလိုက်စမ်းပါ။ ရှင်းရှင်းပြောရရင် ဒီပွဲမှာ သူတို့ တစ်မှတ်ရခဲ့တာကို ကျေနပ်သင့်ပါတယ်။ အဆင့်အတန်းနည်းနည်းတော့ ပြစမ်းပါ။ ကိုယ်က အာဆင်နယ်အသင်းကြီးရဲ့ နည်းပြဖြစ်နေတာလေ။ ထရိုဆက်ဒ်ဟာ အနီကတ်နဲ့ ထိုက်တန်တာလည်း ဖြစ်နိုင်တာပဲ။ ဒါကို ကောင်းကောင်းမွန်မွန်တုံ့ပြန်ပြီး ကောင်းကောင်းမွန်မွန်ရှေ့ဆက်ပေါ့။ ပြီးပြီပေါ့။ အနာရှိရင်တော့ ဆေးကုရမှာပဲ။ ပြီးရင် ရှေ့ဆက်ဖို့ ကြိုးစားစမ်းပါ။ အဆင့်အတန်းလေး ဘာလေး ပြစမ်းပါ။ ဒီပွဲအပြီးမှာ သူ ရှေ့ကို ထွက်လာမယ်။ ဟုတ်တယ်။ သူ ဒီလို မလုပ်သင့်ဘူး။ ဒါဟာ အဝါကတ်ပဲလို့ ပြောလိုက်တာက ပိုမကောင်းဘူးလား။ အခုက နည်းပြတိုင်းက ရှေ့ထွက်လာပြီးရင် မဟုတ်ဘူး။ ဒါက ပြစ်ဒဏ်ဘော မဟုတ်ဘူး၊ ဒါက အဝါကတ်မဟုတ်ဘူး၊ ဒါဘာမှ မဟုတ်ဘူး။ ဒါတွေချည်းပဲ ပြောနေကြတယ်''ဟု ပြောကြားခဲ့့သည်။

အာဆင်နယ်အသင်းသည် ဒုတိယပိုင်းတစ်ပိုင်းလုံးကို တစ်ဦးလျော့ဖြင့်ကစားခဲ့ပြီးနောက် နာကျင်အချိန်ပိုနောက်ဆုံးမိနစ်တွင် ချေပဂိုး အသွင်းခံခဲ့ရသည်။ 


READ NEXT
Cancel OK