Top News

အာဆင်နယ်နှင့်ပွဲ၌ ဒူးဒဏ်ရာ ပြင်းထန်စွာရရှိခဲ့သည့် မန်စီးတီးကွင်းလယ်လူ ရိုဒရီ ရာသီကုန်အထိ အနားယူရဖွယ်ရှိကြောင်း ဗြိတိန်မီဒီယာများ ဖော်ပြ
24htopnews | September 24, 2024 5:12 PM CST

တနင်္ဂနွေနေ့က ယှဉ်ပြိုင်ကစားခဲ့သော အာဆင်နယ်နှင့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ဒူးဒဏ်ရာ ပြင်းထန်စွာရရှိခဲ့သည့် မန်စီးတီးကွင်းလယ်လူ ရိုဒရီသည် ရာသီကုန်အထိ အနားယူရဖွယ်ရှိကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြခဲ့ကြသည်။

လက်ရှိအချိန်၌ မန်စီးတီးအသင်း၏ အမာခံကစားသမားတစ်ဦးအဖြစ် ရပ်တည်နေသော ရိုဒရီသည် အာဆင်နယ်နှင့်ပွဲ၌ ပါတေးနှင့် ဘောလုံးယှဉ်လုရင်း ညာဘက်ဒူးဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ပွဲချိန်(၂၁)မိနစ်မှာပင် ကိုဗာချစ်နှင့် လူစားလဲခဲ့ရသည်။

ရိုဒရီ၏ ဒဏ်ရာကို စမ်းသပ်စစ်ဆေးမှုများ ထပ်မံပြုလုပ်ရဦးမည်ဖြစ်သော်လည်း ဒူးအရွတ်စုတ်ပြဲသည့် ACL ဒဏ်ရာဖြစ်ရန် အလားအလာများနေသည့်အတွက် ယခုရာသီအတွင်း ပြန်ကစားနိုင်ဖွယ်မရှိတော့ဟု မန်စီးတီးအသင်းနှင့် နီးစပ်သူများထံမှ သတင်းထွက်လာကြောင်း သိရသည်။

စပိန်ကွင်းလယ်လူ ရိုဒရီ(၂၈ နှစ်)သည် ၂၀၁၉ နွေရာသီတွင် အက်သလက်တီကိုအသင်းမှ မန်စီးတီးအသင်းသို့ ရောက်ရှိလာသူဖြစ်ပြီး ၂၀၁၉-၂၀ ရာသီမှစ၍ မန်စီးတီးအသင်း၏ အမာခံကစားသမားအဖြစ် ရပ်တည်လာသူ ဖြစ်သည်။

၎င်းသည် မန်စီးတီးအသင်းနှင့်အတူ ပရီးမီးယားလိဂ်ချန်ပီယံဆု (၄)ရာသီဆက်အပါအဝင် ချန်ပီယံလိဂ်၊ FA ဖလားနှင့် လိဂ်ဖလားများ ရယူထားသည့်အပြင် စပိန်လက်ရွေးစင်အသင်းနှင့်လည်း ယူရို-၂၀၂၄ ချန်ပီယံဆုနှင့် UEFA Nations League ချန်ပီယံဆုများ ရရှိထားသည်။

ပြီးခဲ့သည့်ရာသီတွင် ကလပ်အသင်းတွင်ရော လက်ရွေးစင်အသင်းတွင်ပါ အဓိကကစားသမားတစ်ဦးအဖြစ် ခြေစွမ်းပြနိုင်ခဲ့သည့်အတွက် Ballon d'Or ဆု ရရှိရန် ရေပန်းစားနေသူလည်းဖြစ်သည်။

ထို့ကြောင့် ၎င်းအား ရာသီကုန်အထိ လက်လွှတ်ရမည့်အခြေအနေမှာ မန်စီးတီးအသင်းအတွက် ပြင်းထန်သည့် ထိုးနှက်ချက်ဖြစ်လာဖွယ်ရှိကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။

မန်စီးတီးအသင်းသည် ရိုဒရီပါဝင်သည့် ပွဲများတွင် နိုင်ပွဲ ပိုမိုရယူနိုင်လေ့ရှိသည့် မှတ်တမ်းကောင်းရှိနေကြောင်းလည်း သိရသည်။

ရိုဒရီသည် ဘောလုံးရာသီတစ်ခုအတွင်း ပွဲပေါင်းများစွာ ယှဉ်ပြိုင်ကစားနေရခြင်းကြောင့် ကစားသမားများအနေဖြင့် ဒဏ်ရာရရှိရန် အလားအလာပိုများလာကြောင်း ဝေဖန်ထားသူဖြစ်ပြီး ယခုအခါ ၎င်းကိုယ်တိုင် ပြင်းထန်သည့် ဒဏ်ရာပြဿနာနှင့် ရင်ဆိုင်ခဲ့ရခြင်းဖြစ်သည်။

မန်စီးတီးအသင်းသည် ရိုဒရီကို ရာသီကုန်အထိ လက်လွှတ်ရရန် သေချာသွားပါက  ဇန်နဝါရီအပြောင်းအရွှေ့တွင် အစားထိုးရန်ကစားသမားသစ် ခေါ်ယူဖွယ်ရှိကြောင်း သိရသည်။


READ NEXT
Cancel OK