Top News

အစ္စရေးက ဘေရွတ်မြို့ရှိ မြေအောက်ခန်းကို တိုက်ခိုက်ခဲ့ခြင်းကြောင့် ဟစ်ဇဘိုလာ တပ်မှူးကြီးအချို့ သေဆုံး
24htopnews | September 22, 2024 11:12 PM CST

လစ်ဘနွန်နိုင်ငံ ဘေရွတ် အမာခံနယ်မြေ၌ပြုလုပ်သော ဟစ်ဇဘိုလာ အစည်းအဝေးကို အစ္စရေးက တိုက်ခိုက်ခဲ့ရာတွင် ဟစ်ဇဘိုလာထိပ်တန်း ကွပ်ကဲရေးတပ်ဖွဲ့၏ တပ်မှူးကြီးနှစ်ဦး သေဆုံးသွားခဲ့ပြီးနောက် စက်တင်ဘာ ၂၁ ရက်တွင် ဟစ်ဇဘိုလာ အဖွဲ့သည် ဖရိုဖရဲ ဖြစ်ခဲ့ရသည်။

အစ္စရေး တိုက်ခိုက်မှုကြောင့် ၃၁ ဦး သေဆုံးခဲ့သည်ဟု လက်ဘနွန် အာဏာပိုင်များက ပြောကြားခဲ့သည်။

မြေအောက် အစည်းအဝေးခန်းကို စက်တင်ဘာ ၂၀ ရက် တိုက်ခိုက်မှုတွင် သေဆုံးသွားသူများထဲ၌ ကလေးသုံးဦး ပါဝင်ခဲ့သည်ဟု လက်ဘနွန်ကျန်းမာရေးဝန်ကြီး ဖိုက်ယက်အဘီယက်က ပြောကြားခဲ့သည်။

မြို့တော်ဘေရွတ်၏လူနေထူထပ်သော တောင်ပိုင်း ဆင်ခြေဖုံးရပ်ကွက်၌ မြေကျင်းကြီးဖြစ်သွားခဲ့သည်ဟု အေအက်ဖ်ပီ သတင်းထောက်များက ပြောကြားခဲ့သည်။

ယင်းတိုက်ခိုက်မှုကြောင့် ဟစ်ဇဘိုလာ ထိပ်တန်းတပ်ဖွဲ့ ရက်ဝမ်၏အကြီးအကဲ အီဗရာဟင်အာကယ်နှင့်အခြားတပ်မှူးအချို့သေဆုံးသွားခဲ့သည်ဟု အစ္စရေးကပြောကြားခဲ့သည်။

အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များသည် သေဆုံးသူများနှင့်ဒဏ်ရာရသူများကို အပျက်အစီးများထဲမှ ဆွဲထုတ်ရန် ညလုံးပေါက် အလုပ်လုပ်ခဲ့ကြရသည်ဟု အဘီယက်က ပြောကြားခဲ့သည်။

ရက်ဝမ်တပ်ဖွဲ့သည် ဟစ်ဇဘိုလာ၏မြေပြင်စစ်ဆင်ရေးများကို ဦးဆောင်လျက်ရှိသည်။ ရက်ဝမ် တိုက်ခိုက်ရေးသမားများကို နယ်စပ်မှ ရုပ်သိမ်းပေးရန် အစ္စရေးက နိုင်ငံတကာစေ့စပ်သူများထံမှတစ်ဆင့် အကြိမ်ကြိမ်တောင်းဆိုခဲ့သည်။

ဟစ်ဇဘိုလာ အမာခံနယ်မြေများ၌ ၃၇ ဦးသေဆုံးခဲ့ရသော ဆက်သွယ်ရေးကိရိယာများ ပေါက်ကွဲခဲ့ရသည့် တိုက်ခိုက်မှုများဖြစ်ပွားပြီး မကြာမီ အစ္စရေးတိုက်ခိုက်မှုးများကဟစ်ဇဘိုလာ၏လုံခြုံရေး အစီအစဉ်များကို မေးခွန်းထုတ်စရာ ဖြစ်စေခဲ့ပြီး ဟစ်ဇဘိုလာတိုက်ခိုက်ရေးသမားများ၏ စိတ်ဓာတ်ကို ကြီးမားသော ထိုးနှက်ချက်ဖြစ်ခဲ့ရသည်။

ဒုတိယတပ်မှူးကြီးသည်လည်းသေဆုံးသွားခဲ့သည်ဟု ဟစ်ဇဘိုလာကပြောကြားခဲ့ပြီး ၎င်း၏အမည်မှာ အာမက်မာမွတ်ဝါဘီဖြစ်သည်ဟုဆိုသည်။

၎င်းသည် အောက်တိုဘာတွင်စတင်ခဲ့သော ဂါဇာစစ်ပွဲအစမှသည် ယခုနှစ်အစပိုင်းအထိ အစ္စရေးကို တိုက်ခိုက်သောဟစ်ဇဘိုလာစစ်ဆင်ရေးများ၏အကြီးအကဲဖြစ်သည်ဟု ဆိုသည်။

၁၉၈၃ ခုနှစ်တွင် ဘေရွတ်ရှိ အမေရိကန်သံရုံးဗုံးခွဲမှုတွင် ပါဝင်ပတ်သက်မှုအတွက် အမေရိကန်ပြည်ထောင်စုက အလိုရှိနေသော အာကယ် သေဆုံးသွားကြောင်း အတည်ပြုခဲ့သောဟစ်ဇဘိုလာအဖွဲ့က ၎င်းကို ဟစ်ဇဘိုလာ၏ကြီးမြတ်သောခေါင်းဆောင်အဖြစ် ဂုဏ်ပြုခဲ့သည်။

Ref:AFP

Photos:AFP


READ NEXT
Cancel OK