Top News

ဒီအာကွန်ဂိုတွင် အောက်တိုဘာ ၂ ရက်တွင် mpox ကာကွယ်ဆေးထိုးနှံမှုအစီအစဉ် စတင်မည်
24htopnews | September 21, 2024 10:12 PM CST

ဒီအာကွန်ဂိုတွင် အောက်တိုဘာ ၂ရက် ၌ mpox ကာကွယ်ဆေးထိုးနှံမှုအစီအစဉ် စတင်မည်ဟု ပြည်သူ့ကျန်းမာရေးဌာနက စက်တင်ဘာ ၁၉ ရက်တွင် ပြောကြားခဲ့သည်။

ဒီအာကွန်ဂိုတွင် mpox ဗိုင်းရပ်စ်ကူး စက်ခံရသူ ၂၄,၀၀၀ ကျော်ရှိကြောင်း တရားဝင် ထုတ်ပြန်ထားသည်။

ယင်းကာကွယ်ဆေးထိုးနှံမှုအစီအစဉ် သည် ၁၀ ရက်ကြာမြင့်မည်ဖြစ်ကြောင်း mpox တုံ့ပြန်ရေးအဖွဲ့ကို ဦးဆောင်သည့်ဆရာဝန် အဒီလာဒ့်လိုဖန်ဂိုလာက ကင်ရှာဆာမြို့တော် တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

“ကျွန်တော်တို့အနေနဲ့ ကျန်းမာရေးဝန်ထမ်းတွေ၊ ကလေးတွေနဲ့ လိင်လုပ်သားတွေလို အဓိကအုပ်စုတွေကို ပထမဆုံး ဦးစားပေးသွားမှာ ဖြစ်ပါတယ်”ဟု လိုဖန်ဂိုလာက ပြောကြားခဲ့သည်။

ကာကွယ်ဆေး ဖြန့်ချိထိုးနှံမှုတွင် ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ စိန်ခေါ်မှုများ ရှိနေချိန် ကျန်းမာရေး အာဏာပိုင်များက အချို့သောလူများကို မိမိကိုယ်ကိုယ် ဆေးထိုးနှံခြင်းများ မပြုလုပ်ရန် တိုက်တွန်းပြောကြားခဲ့ သည်ဟု ၎င်းကဆိုသည်။

ကာကွယ်ဆေးများကို အပူချိန် အနုတ် ၂၀ ဒီဂရီဆဲလ်စီးယက်(အနုုတ်လေး ဒီဂရီဖရင်ဟိုက်)တွင် ထားရှိရမည်ဖြစ်ကာ ပြင်သစ်နိုင်ငံအကျယ်အဝန်း၏ လေးဆကျော်ရှိသည့် နယ်မြေတစ်ဝန်းတွင် ပို့ဆောင်၍ ဖြန့်ချိထိုးနှံရမည် ဖြစ်သည်။

ဒီအာကွန်ဂိုသည် mpox ကူးစက်မှု၏ ဗဟိုချက်ဖြစ်ပြီး ဇန်နဝါရီနောက်ပိုင်း ဗိုင်းရပ်စ်ကူးစက်မှုဖြစ်စဉ် ၂၄,၀၃၅ ဦးရှိကာ သေဆုံးသူ ၇၈၉ ဦးရှိသည်ဟု စက်တင်ဘာ ၁၉ ရက်က တရားဝင် ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

ဒိန်းမတ်ဆေးကုမ္ပဏီ Bavarian Nordic က ထုတ်လုပ်ထားသည့် mpox ကာကွယ်ဆေးများကို ဥရောပသမဂ္ဂ နှင့် အမေရိကန်တို့က ဒီအာကွန်ဂိုထံ ကာကွယ်ဆေးအလုံးရေ ၂၆၅,၀၀၀ ကို လှူဒါန်းပေးခဲ့သည်။

သို့သော် Bavarian Nordi က ယင်းကာကွယ်ဆေးကို အရွယ်ရောက်ပြီးသူများအတွက်သာ ရည်ရွယ်ထားသည်။

ဒီအာကွန်ဂိုနိုင်ငံခြားရေးရာဝန်ကြီးဌာနက ကလေးများကိုပါ ထိုးနှံပေးနိုင်သည့် ကာကွယ်ဆေးအလုံးရေ ငါးသန်းပေးပို့ပေးရန် စက်တင်ဘာ ၁၈ ရက်တွင် ဂျပန်နိုင်ငံ၌ သဘောတူစာချုပ်တစ်ရပ် လက်မှတ်ရေးထိုး ခဲ့သည်ဟု ဆိုသည်။

“ကလေးတွေကို ထိုးနှံပေးနိုင်တဲ့ ဒီကာကွယ်ဆေးတွေက အောက်တိုဘာ ၂ ရက်မတိုင်မီ ရောက်လာမယ်လို့ မျှော်လင့်ပါတယ်”ဟု လိုဖန်ဂိုလာက ပြောကြားခဲ့ကာ လတ်တလော mpox ကြောင့် သေဆုံးမှုဖြစ်စဉ်နှစ်ခု သည် ရောဂါကူးစက်ဖြစ်ပွားလေ့မရှိသည့် နိုင်ငံအရှေ့ပိုင်းရှိ မြောက်ကီဗူးမှဖြစ်သည်ဟု ဆိုသည်။

“၁၄ ရက်သာ မွေးကင်းစကလေးငယ်နဲ့ အသက်ရှစ်နှစ်ကလေးတို့ သေဆုံးခဲ့ကြတာ ဖြစ်ပါတယ်။ ပထမဆုံးဖြစ်စဉ်ကတော့ မိခင်ကနေကလေးကို ကူးစက်တာဖြစ်ပြီး နောက်ပိုင်းကျမှ ဒီကူးစက်မှုဖြစ်စဉ်ကို တွေ့ရှိခဲ့တာပါ”ဟု ၎င်းက ပြောကြားခဲ့ကာ လက်ရှိတွင် ဒေသအဆင့်အနေဖြင့် အခြေအနေကို ထိန်းချုပ်နိုင် ပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

အာဖရိကတွင် လက်ရှိအချိန်၌ mpox ကူးစက်မှုများ ကြုံတွေ့ခံစားနေရသော်လည်း ဒီအာကွန်ဂိုတွင် Clade 1 b ဗိုင်းရပ်စ်မျိုးကွဲ ပေါ်ပေါက်မှုကြောင့် ကူးစက်မှုအခြေအနေများ ပိုမိုရှုပ်ထွေးလာခဲ့သည်။

ယင်းမျိုးကွဲသစ်သည် မည်မျှအန္တရာယ်များကြောင်းနှင့် ကူးစက်မြန်ကြောင်း အကဲဖြတ်သုံးသပ်ရန် ခက်ခဲသည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

အာဖရိကတွင် mpox သည် လက်ရှိအချိန်၌ ဘူရန်ဒီ၊ကွန်ဂို-ဘရက်ဇ်ဇာဗေးလ်နှင့် ဗဟိုအာဖရိကသမ္မတနိုင်ငံ အပါအဝင်နိုင်ငံ ပေါင်း ၁၄ နိုင်ငံထက်မနည်းတွင် ကူးစက်ပျံ့နှံ့လျက်ရှိသည်။                                  

Ref:AFP


READ NEXT
Cancel OK