Top News

ထိုင်းနိုင်ငံတွင် တန်းစီဝယ်ယူခဲ့ရသည့် iPhone 16S ကို ပထမဆုံးဝယ်ယူနိုင်ခဲ့သူမှာ မြန်မာအမျိုးသမီးတစ်ဦးဖြစ်
24htopnews | September 21, 2024 7:12 PM CST

ထိုင်းနိုင်ငံတွင် တန်းစီဝယ်ယူခဲ့ရသည့် iPhone 16S ကို ပထမဆုံးဝယ်ယူနိုင်ခဲ့သူမှာ မြန်မာအမျိုးသမီးတစ်ဦးဖြစ်ကြောင်း ဘန်ကောက်ပို့စ်သတင်းတွင် ဖော်ပြထားသည်။

အဆိုပါ iPhone 16S ကို ဝယ်ယူရန် ထိုင်းနိုင်ငံသားများနှင့်အတူ ပြည်ပနိုင်ငံသားအများအပြားလည်း တန်းစီကာ ပထမဆုံးပိုင်ဆိုင်နိုင်ရန် နာရီပေါင်းများစွာ တန်းစီစောင့်ဆိုင်းခဲ့ကြသည်။

ဝယ်ယူရန် တန်းစီစောင့်ဆိုင်းသူများမှာ စက်တင်ဘာ ၂၀ ရက် နံနက် ၈ နာရီတွင် CentralWorld နှင့် Iconsiam ဈေးဝယ်စင်တာများရှိ Apple Stores အပြင်ဘက်တွင် တန်းစီစောင့်ဆိုင်းခဲ့ခြင်းဖြစ်သည်ဟု ဘန်ကောက်ပို့စ်က ဖော်ပြသည်။

Central World တွင် တန်းစီစောင့်ဆိုင်းခဲ့သူများအနက် မြန်မာနိုင်ငံမှ အမျိုးသမီးမှာ ဖုန်းဝယ်ယူသည့် ပထမဆုံးဖောက်သည်ဖြစ်ကြောင်း၊ ဗီယက်နမ်မှ Vu Thi Ming Trang ဆိုသူသည် Iconsiam တွင် စက်ပစ္စည်းဝယ်ယူသည့် ပထမဆုံးဖောက်သည်ဖြစ်ခဲ့ကြောင်း Thairath Online ၏ ဖော်ပြချက်ကို ကိုးကားပြီး ဘန်ကောက်ပို့စ်တွင် ဖော်ပြထားသည်။

ထိုင်းနိုင်ငံမှာ iPhone 16 နှင့် iPhone 16 Plus တို့ကို ပွဲဦးထွက်ရောင်းချခဲ့သည့် နိုင်ငံပေါင်း ၆၀ ခန့်တွင် ပါဝင်ပြီး အခြားနိုင်ငံများမှာ အမေရိကန်၊ တရုတ်၊ အိန္ဒိယ၊ တောင်ကိုရီးယားနှင့် စင်ကာပူတို့လည်း ပါဝင်သည်။ Apple အနေဖြင့် လာမည့်သောကြာနေ့တွင် ဗီယက်နမ်နှင့် အခြားနိုင်ငံများတွင် စက်ပစ္စည်းများကို မိတ်ဆက်မည်ဖြစ်သည်ဟု သတင်းတွင် ဆက်လက်ဖော်ပြထားသည်။

Apple ဝဘ်ဆိုဒ်၏ အဆိုအရ မျက်နှာပြင် ၆ ဒသမ ၁ လက်မရှိ iPhone 16 ကို ဘတ် ၂၉၉၀၀ မှ စတင်မည်ဖြစ်ပြီး ၆ ဒသမ ၇ လက်မ မျက်နှာပြင်ရှိ iPhone 16 Plus သည် ၃၄၉၀၀ ဘတ်၊ ၆ ဒသမ ၃ လက်မ မျက်နှာပြင်ရှိ iPhone 16 Pro သည် ဘတ် ၃၉၉၀၀ နှင့် ၆ ဒသမ ၉ လက်မ မျက်နှာပြင်ပါသော Pro Max သည် ဘတ် ၄၈၉၀၀ ဖြစ်သည်ဟု သတင်းတွင် ဖော်ပြထားသည်။


READ NEXT
Cancel OK