Top News

■ ပရီးမီးယားလိဂ်ပွဲစဉ် (၅) ပွဲကြိုသုံးသပ်ချက်
24htopnews | September 21, 2024 3:12 AM CST

ဝက်စ်ဟမ်း - ချယ်လ်ဆီး (မြန်မာစံတော်ချိန် စက်တင်ဘာလ ၂၁ ရက် ညနေ ၆:၀၀ နာရီ)

ဝက်စ်ဟမ်းအသင်းက ရာသီသစ်မှာ အိမ်ကွင်းနှစ်ပွဲစလုံး ဗီလာ၊ မန်စီးတီးအသင်းတွေနဲ့ ရင်ဆိုင်ရပြီး အရေးနိမ့်ခဲ့တယ်။ စပိန်နည်းပြ လိုပယ်တယ်ဟီရဲ့ဝက်စ်ဟမ်းအသင်းက ရလဒ်ပိုင်းအရ မကောင်းသေးပေမဲ့ စောင့်ကြည့်ရမယ့် အနေအထားပါပဲ။ ဝက်စ်ဟမ်းကွင်းမှာ ကစားတဲ့ နောက်ဆုံး(၇)ရာသီမှာလည်း ချယ်လ်ဆီး တစ်ပွဲပဲ အနိုင်ရခဲ့တယ်။ ဝက်စ်ဟမ်းနဲ့ စွန့်စားတာ ပိုကောင်းမယ်။



အက်စတွန်ဗီလာ - ဝုလ်ဗ် (မြန်မာစံတော်ချိန် စက်တင်ဘာလ ၂၁ ရက် ည ၈:၃၀ နာရီ)

ချန်ပီယံလိဂ်ဂိုးပြတ်နိုင်ပွဲက အက်စတွန်ဗီလာရဲ့ယုံကြည်မှုကို အမြင့်ဆုံးဆွဲတင်ပေးနိုင်လောက်တယ်။ လတ်တလောရလဒ်ပိုင်းအရလည်း ပြီးခဲ့တဲ့ရာသီကလို ချန်ပီယံလိဂ်ဝင်ခွင့်ကို ခြိမ်းခြောက်နိုင်ဦးမယ်ထင်တယ်။ ချန်ပီယံလိဂ်ပွဲကျပ်တွေ ဝင်လာချိန်မှ ဗီလာရဲ့ ဟန်ချက်ကို စောင့်ကြည့်ရမယ်။ လက်ရှိပုံစံအတိုင်းတော့ ဗီလာအသင်း အိမ်ကွင်းမှာ နိုင်ပွဲဆက်ဦးမယ်။



ဖူလ်ဟမ် - နယူးကာဆယ် (မြန်မာစံတော်ချိန် စက်တင်ဘာလ ၂၁ ရက် ည ၈:၃၀ နာရီ)

နယူးကာဆယ်အသင်းက ရာသီအစမှာ ရလဒ်ကောင်းတွေ ဆက်တိုက်ရနေတယ်။ ဥရောပပြိုင်ပွဲ ကစားဖို့မရှိတာကလည်း Big Six ပြိုင်ဘက်တွေထက် ပရီးမီးယားလိဂ်ကိုပဲ လုံးလုံးလျားလျား အာရုံစိုက်ခွင့်ရနေတာဖြစ်တယ်။ ဖူလ်ဟမ်အသင်းရဲ့ အိမ်ကွင်းကစားပုံ မဆိုးဘူး။ နယူးကာဆယ်ကို ဒုက္ခပေးနိုင်လောက်တဲ့ လူစာရင်းလည်း ရှိနေတယ်။ ဖူလ်ဟမ် အမှတ်ရနိုင်တယ်။



လက်စတာ - အဲဗာတန် (မြန်မာစံတော်ချိန် စက်တင်ဘာလ ၂၁ ရက် ည ၈:၃၀ နာရီ)

အဲဗာတန်အသင်းနည်းပြ ရှောင်ဒိုက်ရဲ့နည်းပြရာထူးကို အသင်းတာဝန်ရှိသူတွေ အာမခံချက်ပေးထားပေမဲ့ သိပ်တော့စောင့်ဆိုင်းမယ်မထင်ဘူး။ အဲဗာတန်အသင်း နောက်ဆုံးပရီးမီးယားလိဂ်နှစ်ပွဲမှာ ခြေတက်လာတာ တွေ့ရပြီး နှစ်ဂိုးပြတ်ဦးဆောင်ထားပြီးမှ အရေးနိမ့်ခဲ့ရတာပါ။ လက်စတာအသင်းက ကြိုးစားမှုအတော်ကောင်းတယ်။ ဒါပေမဲ့ ဒီပွဲတော့ အဲဗာတန် မရှုံးပါဘူး။



လီဗာပူးလ် - ဘုန်းမောက် (မြန်မာစံတော်ချိန် စက်တင်ဘာလ ၂၁ ရက် ည ၈:၃၀ နာရီ)

လီဗာပူးလ်အသင်းက အိုးလ်ထရက်ဖို့ဒ်မှာ မန်ယူအသင်းကို ဂိုးပြတ်သွင်းပြီးမှ အန်ဖီးလ်မှာ နော်တင်ဟမ်အသင်းကို ပြန်ရှုံးခဲ့တယ်။ ဒီပုံစံအတိုင်းဆို မန်စီးတီး၊ အာဆင်နယ်အသင်းတို့နဲ့ အပြိုင်သွားရမယ့် ချန်ပီယံခရီးရှည်ကနေ လီဗာပူးလ်အသင်း စောစောစီးစီး လွင့်ထွက်သွားနိုင်တယ်။ အေစီမီလန်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲမှာတော့ လီဗာပူးလ်အသင်း အသင်းပုံစံမှန်ကို ပြန်လည်ပြသနိုင်ခဲ့တယ်။ ဘုန်းမောက်အသင်းကတော့ ဆိုလန်ကီနေရာ အစားထိုးထားတဲ့ အီဗန်နီလ်ဆင်က ပယ်နယ်တီတောင် ဝင်အောင်မကန်နိုင်ခဲ့ဘူး။ အဓိကကစားသမားပိုင်း အပြောင်းအလဲသိပ်မရှိပေမဲ့ ဘုန်းမောက်ရဲ့စုစည်းမှုက ပြီးခဲ့တဲ့ရာသီကလောက် အင်အားမကောင်းတော့ဘူး။ အန်ဖီးလ်ကွင်းမှာလည်း လီဗာပူးလ်က နောက်ဆုံး(၅)ပွဲဆက် အနိုင်ယူထားခဲ့တယ်။ လီဗာပူးလ် ဂိုးပြတ်ဖို့များတယ်။



ဆောက်သမ်တန် - အစ်ဝစ်ချ် (မြန်မာစံတော်ချိန် စက်တင်ဘာလ ၂၁ ရက် ည ၈:၃၀ နာရီ)

ဆောက်သမ်တန်အသင်း လေးပွဲဆက်တိုက် အရေးနိမ့်ထားပြီး တစ်ဂိုးပဲ သွင်းထားနိုင်ခဲ့တယ်။ တန်းတက်အသင်းချင်းတူပေမဲ့ ပရီးမီးယားလိဂ်ပြင်ဆင်မှုမှာ အစ်ဝစ်ချ်အသင်းက နှာတစ်ဖျားပိုသာနေတယ်။ အစ်ဝစ်ချ် နိုင်ပွဲမရသေးပေမဲ့ ရာသီအဖွင့်နှစ်ပွဲမှာ လီဗာပူးလ်၊ မန်စီးတီးတို့နဲ့ ဆက်တိုက်ကစားခဲ့ရတာကိုတော့ ထည့်တွက်ရမယ်။ အစ်ဝစ်ချ် အမှတ်ရလိမ့်မယ်။



စပါး - ဘရန့်ဖို့ဒ် (မြန်မာစံတော်ချိန် စက်တင်ဘာလ ၂၁ ရက် ည ၈:၃၀ နာရီ)

ဘရန့်ဖို့ဒ်အသင်းရဲ့ရှုံးပွဲနှစ်ပွဲက လီဗာပူးလ်၊ မန်စီးတီးအသင်းကို အရေးနိမ့်ထားခဲ့တာဖြစ်တယ်။ ဒါပေမဲ့ ဝစ်ဆာ ဒဏ်ရာကြောင့် ကာလရှည်နားရတော့မှာဖြစ်လို့ အမ်ဘူမိုနဲ့ တိုက်စစ်အတွဲအဖက် ပျောက်ဆုံးသွားတယ်။ ဒီရာသီ နိုင်ပွဲတစ်ပွဲသာ ရထားသေးတဲ့ စပါးအသင်းက မဖြစ်မနေ နိုင်ပွဲရှာဖွေရတော့မယ့် အနေအထားပါပဲ။ စပါး ဂိုးပြတ်၊ မပြတ်ပဲ ကြည့်ရမှာပါ။



ခရစ္စတယ်ပဲလေ့စ် - မန်ယူ (မြန်မာစံတော်ချိန် စက်တင်ဘာလ ၂၁ ရက် ည ၁၁:၀၀ နာရီ)

ပြီးခဲ့တဲ့ရာသီ ပဲလေ့စ်ကွင်းမှာ မန်ယူအသင်း ဂိုးပြတ်အရေးနိမ့်ခဲ့သလို၊ နှစ်ကျော့စလုံး အရှုံးပေးခဲ့ရတယ်။ ပဲလေ့စ်ရဲ့အိမ်ကွင်းက နောက်ပိုင်းနှစ်တွေမှာ မန်ယူအတွက် အမြဲတစေ ဒုက္ခတွေ့စေခဲ့ပြီး လေးရာသီဆက်တိုက် နိုင်ပွဲပျောက်ထားတယ်။ ဒါပေမဲ့ ဒီရာသီမှာ ပဲလေ့စ်အသင်းက အနည်းငယ်လျော့ကျနေတယ်။ မန်ယူအသင်း အနိမ့်ဆုံးသရေကစားမယ်။


READ NEXT
Cancel OK