Top News

လက်ဘနွန်နိုင်ငံတွင် ဟစ်ဇ်ဘိုလာအဖွဲ့ အသုံးပြုနေသည့် စကားပြောစက်များ ပေါက်ကွဲမှုဖြစ်ပွားပြီး လူ ၂၀ ခန့် သေဆုံး
24htopnews | September 20, 2024 5:12 PM CST

လက်ဘနွန်နိုင်ငံတွင် စက်တင်ဘာ ၁၈ ရက်က ဟစ်ဇ်ဘိုလာအဖွဲ့အသုံးပြုနေသည့် စကားပြောစက်များ ပေါက်ကွဲမှုဖြစ်ပွားခဲ့ကာ လွန်ခဲ့သည်တစ်နှစ်နီးပါးအတွင်း ဟစ်ဇ်ဘိုလာနှင့် အစ္စရေးအကြား နယ်စပ်ဖြတ်ကျော် ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီးကတည်းက သေဆုံးသူအများဆုံးနေ့ဖြစ်ခဲ့သည်။

စက်တင်ဘာ ၁၇ ရက်က ဟစ်ဇ်ဘိုလာအဖွဲ့အသုံးပြုနေသည့် ပေဂျာများ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် တစ်ရက်အကြာတွင် စကားပြောစက်များပေါက်ကွဲမှုထပ်မံဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တင်းမာမှုများမြင့်တက်စေခဲ့ သည်။

စက်တင်ဘာ ၁၈ ရက်က ဘေရွတ်မြို့တော်ဆင်ခြေဖုံးရပ်ကွက်များနှင့် ဘက်ကာတောင်ကြားဒေသတွင် စကားပြောစက်များပေါက်ကွဲခဲ့သဖြင့် လူ ၂၀ သေဆုံးကာ ၄၅၀ ဒဏ်ရာရရှိခဲ့ကြောင်း လက်ဘနွန်ကျန်းမာ ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

စက်တင်ဘာ ၁၇ ရက်က ပေဂျာပေါက်ကွဲများကြောင့် ကလေးနှစ်ဦးအပါအဝင် လူ ၁၂ ဦးသေဆုံးခဲ့ကာ လူပေါင်း ၃၀၀၀ နီးပါး ဒဏ်ရာရရှိခဲ့သည်။

ထိုပေါက်ကွဲမှုများနှင့်ပတ်သက်ပြီး အစ္စရေးအရာရှိများက မှတ်ချက်မပေးခဲ့သော်လည်း ထိုပေါက်ကွဲမှုများသည် အစ္စရေး၏ မော့ဆက်ထောက်လှမ်းရေးအေဂျင်စီ၏ လုပ်ဆောင်မှုများဖြစ်သည်ဟု လုံခြုံရေးသ တင်းရင်းမြစ်များတွင် ဖော်ပြခဲ့သည်။

ထိုဖြစ်စဉ်များသည် ဟစ်ဇ်ဘိုလာအဖွဲ့၏ သမိုင်းတွင် အကြီးမားဆုံးလုံခြုံရေးချိုး ဖောက်ခံရမှုဖြစ်ကြောင်း ဟစ်ဇ်ဘိုလာအရာရှိတစ်ဦးက ပြောကြားခဲ့သည်။

ဟစ်ဇ်ဘိုလာအဖွဲ့ကို ကစဉ့်ကလျားဖြစ် စေရန်ရည်ရွယ်ခြင်းဖြစ်နိုင်သည့် ထိုစစ်ဆင်ရေးများသည် ဂါဇာတွင် ၁၁ လကြာဖြစ်ပွားနေသည့် အစ္စရေး-ဟားမာ့စ်စစ်ပွဲနှင့်အတူ  တင်းမာမှုများကို ပိုမိုမြင့်တက်စေခဲ့ပြီး ဒေသတွင်း ကျယ်ပြန့်သည့်စစ်ပွဲဖြစ်ပွားမည့်အန္တရာယ်အတွက် စိုးရိမ်မှုများမြင့်တက်စေခဲ့သည်။

“ကျွန်တော်တို့ဟာ စစ်ပွဲအတွင်း ကဏ္ဍအသစ်တစ်ခုကို ဖွင့်လှစ်နေပါတယ်။ အဲဒီအတွက်ကျွန်တော်တို့ရဲ့ ရဲစွမ်းသတ္တိ၊ သန္နိဋ္ဌာန်နဲ့ဇွဲလုံ့လတွေ လိုအပ်ပါတယ်”ဟု အစ္စရေး ကာကွယ်ရေးဝန်ကြီး ယိုအက်ဂဲလန့်ကလေ တပ်စခန်းတစ်ခုတွင် ပြောကြားခဲ့သည်။

ဂျော်ဒန်နိုင်ငံခြားရေးဝန်ကြီး အိုင်မန်ဆာဖာဒီကမူ အစ္စရေးသည် အန္တရာယ်များသည့် စစ်မျက်နှာများကို ဖွင့်နေပြီး ဒေသတွင်းစစ်ပွဲဖြစ်ပွားမည့်အရေးကို တွန်းပို့နေသည်ဟု စွပ်စွဲခဲ့သည်။

အမေရိကန်ကမူ ထိုပေါက်ကွဲမှုများတွင် ပါဝင်ပတ်သက်မှုမရှိကြောင်း ငြင်းဆိုထားပြီး တင်းမာမှုကိုလျှော့ချရန် သံတမန်နည်းလမ်းဖြင့်ဆောင်ရွက်နေကြောင်း ပြောကြားခဲ့သည်။

အမည်မဖော်လိုသည့် အမေရိကန်အရာရှိတစ်ဦးကမူ အစ္စရေးသည် လက်ဘနွန်တွင် တစ်စုံတစ်ရာ လုပ်ဆောင်တော့မည့်အကြောင်းကို အမေရိကန်အား စက်တင်ဘာ ၁၇ ရက်တွင် ပြောကြားခဲ့သည်ဟု ဆိုသည်။

သို့သော် အစ္စရေးသည် ၎င်း၏စစ်ဆင်ရေးနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို ပြောကြားခဲ့ခြင်းမရှိကြောင်း အဆိုပါအမေရိကန်အရာရှိက ပြောကြားခဲ့သည်။

ပေါက်ကွဲမှုဖြစ်ပွားသည့် စကားပြောစက်များသည် ဂျပန်နိုင်ငံ၏ ရေဒီယိုဆက်သွယ်ရေးနှင့် တယ်လီဖုန်းကုမ္ပဏီ ICOM ၏ အမှတ်တံဆိပ်များဖြစ်ပြီး ထိုပေါက်ကွဲမှုဖြစ်စဉ်များကို စုံစမ်းစစ်ဆေးနေကြောင်းနှင့် နောက်ဆုံးရ သတင်းအချက်အလက်များကို  ဝက်ဘ်ဆိုက်တွင် တင်ပြသွားမည်ဖြစ်ကြောင်း ICOM ကုမ္ပဏီက ပြောကြားခဲ့သည်။

Ref: Reuters


READ NEXT
Cancel OK