Top News

အပစ်ရပ်စောင့်ကြည့်ရေးတွင် တရုတ်နိုင်ငံ ပါဝင်ရန် မြောက်ပိုင်းလေးဖွဲ့ကလိုလားနေပြီး ပဋိပက္ခ ဖြေရှင်းရေးယန္တရား ဟူသောအမည်ဖြင့် ဆက်လက်ဆွေးနွေးရန် အစိုးရနှင့်မြောက်ပိုင်းလေးဖွဲ့ သဘောတူ
24htopnews | September 20, 2024 2:12 PM CST

ပစ်ခတ်တိုက်ခိုက်မှု စောင့်ကြည့်ရေးတွင် တရုတ်နိုင်ငံက ပါဝင်ရန် မြောက်ပိုင်း မဟာမိတ်လေးဖွဲ့က လိုလားနေပြီး အဆိုပါကိစ္စနှင့်ပတ်သက်၍ ပဋိပက္ခဖြေရှင်းရေး ယန္တရားဟူသော အမည်ဖြင့် ဆက်လက်ဆွေး နွေးရန် အစိုးရနှင့် မြောက်ပိုင်းမဟာမိတ် လေးဖွဲ့တို့ သဘောတူခဲ့ကြောင်း သိရသည်။

အစိုးရနှင့် မြောက်ပိုင်းမဟာမိတ်လေး ဖွဲ့ဖြစ်သည့် ကချင်အဖွဲ့ (KIA)၊ တအာင်း အဖွဲ့ (TNLA)၊ ကိုးကန့်အဖွဲ့ (MNDAA)၊ ရခိုင်အဖွဲ့ (AA) တို့ စက်တင်ဘာ ၁၇ ရက် တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ၊ ကျိုင်းတုံမြို့ တွင် Bilateral လက်မှတ်ရေးထိုးရန် တွေ့ဆုံ ဆွေးနွေးခဲ့ပြီး အထက်ပါအချက် အပါအဝင် ရှေ့ဆက်ဆွေးနွေးရန် သဘောတူညီချက် (၇) ချက်ကို ရရှိခဲ့ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားသည်။ 

“စောင့်ကြည့်ရေးကော်မတီ၊ ကျွန်တော် တို့ စောင့်ကြည့်ရေးကော်မတီ အပိုင်းပေါ့နော်။ စောင့်ကြည့်ရေးကော်မတီအပိုင်းမှာတော့ အခု ကျွန်တော်တို့ သဘောတူတာက စောင့်ကြည့်ရေး ယန္တရားမဟုတ်ဘူး။ ပဋိပက္ခ ဖြေရှင်းရေး ယန္တရား။ ဟိုဟာကတော့ ပစ် ခတ်တိုက်ခိုက်မှု စောင့်ကြည့်ရေးပေါ့နော်။စောင့်ကြည့်ရေး ယန္တရားကို အစကဆွေးနွေး တယ်။ ဒါပေမဲ့ နှစ်ဖက်ဆွေးနွေးပြီးတော့ အခုနောက်ဆုံး ကျွန်တော်တို့ သဘောတူလိုက်တာက ပဋိပက္ခဖြေရှင်းရေးပေါ့နော်။ တကယ်လို့ ကျွန်တော်တို့နှစ်ဖက်ကြားမှာ  အငြင်းပွားမှုတွေ ဖြစ်လာပြီဆိုရင် ဘယ်လို ဖြေရှင်းကြမလဲ။ အဲဒီဖြေရှင်းတဲ့စနစ်ပေါ့ နော်။ အဲဒါကို ကျွန်တော်တို့ သဘောတူလိုက် ပြီ။ စောင့်ကြည့်ရေးမဟုတ်ဘူး။ ဟိုလိုမျိုး ပူးတွဲစောင့်ကြည့်ရေးမဟုတ်ဘူး။ အဲဒါကျတော့ NCA ကျရင်ပါသွားမှာ။ JMC တို့ ဘာတို့ပေါ့။ ဒီကြားကာလမှာဖြစ်လာတဲ့ အငြင်းပွားမှု တွေပေါ့နော်။ အဲဒါပြီးရင်တောင်မှ ဟိုဘက်ဒီဘက် စည်းမျဉ်း သတ်မှတ်ချက်တွေနဲ့ အငြင်းပွားလာရင် ဘယ်လိုဖြေရှင်းမလဲ ဆိုတဲ့ Conflict Resolution Mechanism ။ ဒါကို ကျွန်တော်တို့ သဘောတူလိုက်တာ”ဟု ဦးဇော်ဌေးက ပြောကြားသည်။

အဆိုပါ စောင့်ကြည့်ရေးကော်မတီတွင် တရုတ်နိုင်ငံက ပါဝင်ရန် တောင်းဆိုမှု နှင့်ပတ်သက်၍ သတင်းမီဒီယာများ၏ မေးမြန်းမှုအပေါ် တအာင်းလက်နက်ကိုင်အဖွဲ့ (TNLA) အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ် တားဘုန်းကျော်ကဆွေးနွေးဆဲကာလဖြစ်၍ ရှင်းပြရန် ခက်ခဲကြောင်း ဖြေကြားခဲ့သည်။

“အကုန်လုံးပါပါတယ်။ ကျွန်တော်ထင်တယ်။ ဒီအချိန်မှာ ကျွန်တော်တို့ဆွေးနွေးနေဆဲ ကာလဖြစ်တာကြောင့် အများကြီးတော့ ရှင်းပြဖို့ခက်မယ်”ဟု တားဘုန်းကျော်က ပြောကြားသည်။

ထို့ပြင် စောင့်ကြည့်ရေး ယန္တရားတွင် တရုတ်နိုင်ငံပါဝင်မှုနှင့် ပတ်သက်၍ အောက်တိုဘာလတွင် ပြန်လည်တွေ့ဆုံမည့် ဆွေးနွေးပွဲ၌ အသေးစိတ် ဆွေးနွေးမည်ဖြစ်ကြောင်း လက်ရှိတွင် မည်သို့ သွားမည်ဆို သည့် နည်းလမ်းကိုသာ ဆွေးနွေးခြင်းဖြစ်ကြောင်း ဦးဇော်ဌေးက ဆိုသည်။

Bilateral ရေးထိုးပြုလုပ်မည်ဆိုပါက အပစ်အခတ်ရပ်စဲရေးမပျက်စီးအောင် ဒိုင်လူကြီးလိုပြီး ထိုသို့လိုအပ်မှုအပေါ်မည်သို့ထားမည်ကို ဆွေးနွေးရာတွင် ပြေလည်မှုမရှိကြောင်း TNLA အဖွဲ့ အတွင်းရေးမှူး တားဘုန်းကျော်က ပြောကြားသည်။

“အဓိက အပစ်အခတ်ရပ်စဲရေး လုပ်မယ်ဆိုရင် စောင့်ကြည့်မယ်အဖွဲ့ထားဖို့သင့် မသင့် ကျွန်တော်တို့က ထားချင်တယ်။ အစိုးရဘက်ကပုံစံတစ်မျိုး အဲဒါတွေဆွေးနွေးညှိနှိုင်းလို့ ခက်ခဲတဲ့အချက်အလက်တွေ ဖြစ်တယ်။ အဓိကတော့ ကျွန်တော်တို့က အပစ်အခတ်ရပ်စဲရေး စာချုပ်လုပ်ပြီဆိုရင်  စာချုပ်က ဒီအတိုင်းပဲမပြီးဘူး။ အသက်ဝင်ဖို့ လိုတယ်။ နှစ်ဖက်လိုက်နာဖို့လိုတယ်။ အဲဒါ ကိုဘယ်သူကစောင့်ကြည့်မလဲ။ ကျွန်တော် တို့လိုချင်တဲ့ပုံစံပေါ့။ ဒါပေမဲ့ အခုကျွန်တော် တို့ ဆွေးနွေးတဲ့ပုံစံက အဲဒီအဆင့်အထိ မရောက်ဘူး။ အခက်အခဲတွေ ရှိနေဆဲပဲ။ အဲဒါကို နောက်တစ်ကြိမ်အစည်းအဝေးမှာ ထပ်ဖြေရှင်းဖို့လိုတယ်”ဟု တားဘုန်းကျော်က ပြောကြားသည်။

ယခု ပြုလုပ်ခဲ့သည့် ကျိုင်းတုံ ဆွေးနွေး ပွဲသို့ တက်ရောက်လာသည့် မြောက်ပိုင်း လေးဖွဲ့နှင့်အတူ တရုတ်နိုင်ငံမှ တာဝန်ရှိသူ အချို့ လိုက်ပါလာခဲ့ပြီး ဆွေးနွေးပွဲပြုလုပ်သည့် ဟိုတယ်သို့ ရောက်ရှိချိန်တွင် ဆွေးနွေး ပွဲအတွင်း ဝင်ရောက်ဆွေးနွေးမှု မရှိဘဲ သီးသန့်အခန်းတစ်ခုတွင် စောင့်ဆိုင်းခဲ့ပြီး ဆွေး နွေးပွဲ ခေတ္တနားချိန်တွင် မြောက်ပိုင်းလေးဖွဲ့ နှင့် အဆိုပါ တရုတ်ကိုယ်စားလှယ်အဖွဲ့တို့ သီးသန့်တွေ့ဆုံမှုများ ပြုလုပ်သည်ကို တွေ့ရသည်။

သို့ရာတွင် တရုတ်နိုင်ငံ ပါဝင်မှုနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးပွဲအပြီး မီဒီယာများ၏ မေးမြန်းမှုအပေါ် ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက တရုတ်နိုင်ငံအနေဖြင့် ဆွေးနွေးပွဲတွင် ပါဝင်ခြင်း မရှိဘဲ မြောက်ပိုင်း အဖွဲ့များ သွားလာရေးနှင့် နေထိုင်ရေးအတွက်ကိုသာ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။


READ NEXT
Cancel OK