Top News

■ မိုးဇလဌာနက အထူးမိုးလေဝသသတင်းများဆက်တိုက်ထုတ်ပြန်နေ
24htopnews | September 20, 2024 12:12 PM CST

မိုးဇလဌာနက အထူးမိုးလေဝသသတင်းများဆက်တိုက်ထုတ်ပြန်နေ

 

အပူပိုင်းမုန်တိုင်း၏ လေပွေလှိုင်းကြောင့် စက်တင်ဘာ ၂၀ မှ ၂၅ ရက်အတွင်း ကချင်နှင့် စစ်ကိုင်းမှလွဲပြီး တနိုင်ငံလုံး မိုးရွာမည်

 

 

မိုးဇလဌာနက အထူးမိုးလေဝသသတင်းများဆက်တိုက်ထုတ်ပြန်နေပြီး စက်တင်ဘာ ၂၀ မှ ၂၅ ရက်အတွင်း ကချင်နှင့် စစ်ကိုင်းမှလွဲပြီး တနိုင်ငံလုံး မိုးရွာမည်ဟု ခန့်မှန်းထားသည်။

စက်တင်ဘာ ၁၉ ရက် တစ်ရက်တည်းမှာပင် အထူးမိုးလေဝသ သတင်းကို သုံးကြိမ်တိတိ ဖော်ပြလာခြင်းဖြစ်သည်။

ညနေ ၅ နာရီခွဲတွင် ထုတ်ပြန်ထားသည့် မိုးလေဝသ ခန့်မှန်းချက် အရ တောင်တရုတ် ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော အပူပိုင်းမုန်တိုင်း “ဆိုးလစ်ခ်(SOULIK)”သည် အနောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ ဗီယက်နမ် နိုင်ငံကမ်းခြေကို ဒါနန်းမြို့(Da Nang)၏ မြောက်ဘက်မှ ဖြတ်ကျော်လျက်ရှိ သည်ဟု ဖော်ပြထားသည်။

အဆိုပါ အပူပိုင်းမုန်တိုင်း “ဆိုးလစ်ခ်(SOULIK)”သည် ဗီယက်နမ်နိုင်ငံကုန်းတွင်းပိုင်းဒေသများကို ဆက်လက်ဖြတ်ကျော် နိုင်ကာ၊ စက်တင်ဘာ ၂၀-၉-၂၀၂၄ ရက်တွင် အပူပိုင်းမုန်တိုင်း၏ အကြွင်းအကျန် တိမ်တိုက်များနှင့် လေပွေလှိုင်းသည် မြန်မာနိုင်ငံ အရှေ့‌တောင်ပိုင်းဒေသများသို့ စတင်ဖြတ်ကျော်ပြီးနောက်၊ အနောက်-အနောက်တောင်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိအားနည်း ရပ်ဝန်းအဖြစ် ပြန်လည်အစပျိုးအားကောင်း လာနိုင် သည်ဟု မိုးဇလက ခန့်မှန်းသည်။

အဆိုပါ လေပွေလှိုင်းအရှိန်ကြောင့် ကချင်ပြည်နယ်နှင့် စစ်ကိုင်း တိုင်းမှလွဲပြီး ကျန်နေရာများတွင် နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာပြီး၊ အချို့ဒေသများတွင် ဒေသအလိုက် မိုးကြီးခြင်းများ၊ နေရာကွက်၍ မိုးကြီးခြင်းများနှင့် လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်သည်ဟု မိုးဇလက ခန့်မှန်းသည်။

စက်တင်ဘာ ၂၀ ရက်နေ့မှ ၂၅ ရက်အတွင်း မိုးရွာမည့်ဒေသများမှာ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန် တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင် ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့ဖြစ်သည်ဟု မိုးဇလက ဖော်ပြသည်။

 မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်း နှင့် မြေပြိုခြင်းစသည့် သဘာဝဘေး အန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြ သူများအနေဖြင့် မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့်ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန်နှင့် ပြည်တွင်းရေကြောင်း သွားလာရေးနှင့် လေကြောင်း ပျံသန်းရေးအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် သတိပေးနှိုးဆော်အပ်သည်ဟု မိုးဇလက ထုတ်ပြန်သည်။


READ NEXT
Cancel OK