Top News

ပြည်ပသို့ ကိုးလနီးပါးအတွင်း ဆန်နှင့်ဆန်ကွဲ တန်ချိန် ၁ ဒသမ ၇ သန်းကျော်တင်ပို့မှုမှ ဒေါ်လာသန်း ၅၈၀ ခန့် ရရှိထားသော်လည်း ယခင်နှစ်ကာလတူထက် တန်ချိန်ရှစ်သိန်းကျော်အထိ လျော့ကျသဖြင့် ဝင်ငွေ ဒေါ်လာသန်း ၂၀၀ ကျော်အထိ ကျဆင်း
24htopnews | September 19, 2024 11:12 PM CST

၂၀၁၈ ခုနှစ် ဧပြီမှ ဒီဇင်ဘာလအကုန်အထိ ပြည်ပသို့ ဆန်တန်ချိန် ၁ ဒသမရ သန်း ကျော်တင်ပို့မှုမှ ဒေါ်လာသန်း ၅၈၀ ခန့်ရရှိိထားသော်လည်း ယခင်နှစ်ကာလတူထက် တန်ချိန် ရှစ်သိန်းကျော်အထိလျော့ကျသဖြင့် ဝင်ငွေ ဒေါ်လာသန်း ၂၀၀ ကျော်အထိ ကျဆင်းခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

၂၀၁၈ ခုနှစ် ဧပြီ ၁ ရက်မှ ဒီဇင်ဘာ ၂၉ ရက်အထိ ပြည်ပသို့ ဆန်နှင့်ဆန်ကွဲ တန်ချိန် ၁  ဒသမ ၇၁၇ သန်းကျော်တင်ပို့မှုမှ ဒေါ်လာ ၅၇၈ ဒသမ ၈၀၇ သန်းရရှိထားပြီး ယခင်နှစ် ကာလတူတွင်မူ တန်ချိန်၂ ဒသမ ၅၄၂ သန်း ကျော် တင်ပို့မှုမှ ဒေါ်လာ ၇၈၉ ဒသမ ၇၈၀ သန်းအထိ ရရှိထားကြောင်း စာရင်းများအရ သိရသည်။

ထို့ကြောင့် ယခုကိုးလအတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတင်ပို့မှုသည် ယခင်နှစ်ကာလတူထက် တန်ချိန် ၈၂၄,၅၁၃ ကျော် လျော့ကျခဲ့ပြီး ဝင်ငွေဒေါ်လာ ၂၁၀ ဒသမ ၉၇၅ သန်း အထိ လျော့ကျခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ ဆန်တင်ပို့ရာတွင် ပင်လယ်ရေးကြောင်းမှ သင်္ဘောဖြင့် လည်းကောင်း၊ မူဆယ် ၁၀၅ မိုင်နယ်စပ် ကုန်သွယ်ရေးစခန်းများမှ တစ်ဆင့်  တရုတ် နိုင်ငံသို့လည်း တင်ပို့နေခြင်းဖြစ်သည်။

ပြီးခဲ့သည် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း စျေးကွက်သစ်များ တိုးချဲ့တင်ပို့နိုင်ခြင်း ကြောင့်  ပြည်ပသို့ မြန်မာ့ဆန်တန်ချိန် ၃ ဒသမ ၆ သန်းနီးပါးတင်ပို့နိုင်ခဲ့ပြီး နှစ်ပေါင်း ၅၀ ကျော်အတွင်း စံချိန်တင်တင်ပို့ နိုင်ခဲ့ခြင်းဖြစ် သည်။

ဆန်တင်ပို့ရာတွင် စျေးကွက်တစ်ခုတည်းကိုသာ မှီခိုထားခြင်းက စွန့်စားမှုကြီးမားခြင်းကြောင့် အရည်အသွေးမြင့်စျေးကွက်များကို တိုးချဲ့ရှာဖွေခဲ့သည့်အတွက် လက်ရှိအချိန်တွင် နိုင်ငံပေါင်း ၆၀ ကျော်အထိ စျေး ကွက်တိုးချဲ့ထားနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် အထွေထွေအတွင်းရေးမှူး ဦးရဲမင်းအောင်က ပြောကြားသည်။

နိုင်ငံတကာနဲ့ ထိတွေ့ရောင်းချ ဆက်ဆံတဲ့အခါမှာ စျေးကွက်တစ်ခုနှစ်ခုကိုပဲ မှီခိုထားခြင်းက ကျွန်တော်တို့အတွက် စွန့်စားရမှု များပါတယ်။ ဒါကြောင့်မို့ ကမ္ဘာ့နိုင်ငံ လေးဆယ်၊ ငါးဆယ်လောက်ကို ရောင်းနိုင်မယ်ဆိုရင် တစ်နိုင်ငံနှစ်နိုင်ငံမှာ အခက်အခဲဖြစ်သည့်တိုင်အောင် လုံးဝပျက်မသွားဘူးပေါ့နော်။ ဒါကြောင့်မျိုး စျေးကွက်တော်တော် များများကို ရောင်းနိုင်တယ်။ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ဆိုရင် ယခင်ကနိုင်ငံ ၄၀ လောက်ကို ရောင်းတာကနေအခု နိုင်ငံ ၆၀ ကျော်ကို စျေးကွက်တိုးချဲ့ပြီးတော့ မြန်မာ့ဆန်ကို မိတ်ဆက်နိုင်တယ်။ ဒါကလည်း အရည်အသွေးကို ဦးစားပေးပြီး ဆောင်ရွက်လာတဲ့အတွက်ကြောင့်ပါ  ဟု ဦးရဲမင်းအောင်က ပြောကြားသည်။

လာမည့်နှစ်များတွင်လည်း မြန်မာနိုင်ငံမှ တင်ပို့မည့် ဆန်များအပေါ် ဥရောပသမဂ္ဂ (EU) က ပေးထားသည့် ကုန်သွယ်မှုဆိုင်ရာ အထူးအခွင့်အရေး (GSP) ကို သုံးနှစ်ယာယီ ရုပ်သိမ်းသွားရန်စီစဉ်နေကြောင်း မြန်မာ နိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရသည်။

GSP အခွင့်အရေး ပြန်လည်ရုပ်သိမ်းရာတွင် မြန်မာနိုင်ငံမှ တင်ပို့မည့်ဆန်လုံးရှည်အမျိုးစား (အရှည် ၁၆ မီလီမီတာ) အထက် ဆန်များသည် EU အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် အီတလီနှင့် စပိန်နိုင်ငံတို့၌ စိုက်ပျိုးထုတ်လုပ်နေသော ဆန်အမျိုးအစားဖြစ်ပြီး ယင်းနိုင်ငံများ၏ အကျိုးစီးပွားမထိခိုက်စေရန် အဆိုပါဆန်လုံးရှည်အမျိုးအစားကို GSP အခွင့်အရေး ပြန်လည်ရုပ်သိမ်းရန် စီစဉ်နေ ခြင်းဖြစ်ကြောင်း သိရသည်။


READ NEXT
Cancel OK