Top News

နည်းပြ ဒီရော့ဆီကို ရာထူးမှထုတ်ပယ်ခြင်းအတွက် ဆန္ဒပြမည်ဖြစ်ပြီး နည်းပြသစ် ဂျူရစ်၏ ပထမဆုံးပွဲကို ကန့်ကွက်သွားမည်ဟု ရိုးမားအမာခံပရိသတ်အဖွဲ့ ကြေညာ
24htopnews | September 20, 2024 6:12 AM CST

ရိုးမားအသင်း၏ အမာခံပရိသတ်အဖွဲ့သည် နည်းပြ ဒီရော့ဆီကို ရာထူးမှ ထုတ်ပယ်ခဲ့ခြင်းအတွက် ဒေါသထွက်နေကြပြီး အသင်းတာဝန်ရှိသူများ၏ ဆုံးဖြတ်ချက်ကို သဘောမတူကြောင်း ဆန္ဒပြသွားမည်ဟု ကြေညာခဲ့သည်။

ဒီရော့ဆီသည် ရိုးမားအသင်း၏ ဂန္ထဝင်ကစားသမားတစ်ဦးဖြစ်ပြီး ကစားသမားဘဝမှ အနားယူပြီးနောက် စီးရီးဘီကလပ် SPAL အသင်းကို စတင်ကိုင်တွယ်ခဲ့သည်။

ထို့နောက် ၂၀၂၄ ဇန်နဝါရီတွင် ရိုးမားအသင်း၏ နည်းပြအဖြစ် ခန့်အပ်ခံခဲ့ရခြင်းဖြစ်သည်။

ရိုးမားအသင်းသည် နာမည်ကျော်နည်းပြ မော်ရင်ဟိုကို ရာထူးမှ ထုတ်ပယ်ပြီးနောက် ဒီရော့ဆီကို ပြောင်းလဲခန့်အပ်ခဲ့ခြင်း ဖြစ်သည်။

ရိုးမားအသင်းသည် ဒီရော့ဆီ၏ ဦးဆောင်မှုကို ကျေနပ်သဘောကျသည့်အတွက် ရာသီကုန်ဆုံးချိန်တွင် ၂၀၂၇ ခုနှစ်အထိ သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့သော်လည်း ယခုရာသီတွင် (၄)ပွဲသာ ယှဉ်ပြိုင်ပြီးချိန်၌  ရာထူးမှ ထုတ်ပယ်ကာ ဂျူရစ်ကို ပြောင်းလဲခန့်အပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါဆုံးဖြတ်ချက်မှာ လက်ခံနိုင်ဖွယ်မရှိဟု ရိုးမားအသင်း၏ အမာခံပရိသတ်များက ယူဆသည့်အတွက် ဆန့်ကျင်ဆန္ဒပြရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။

''ကျွန်တော်တို့ရဲ့ အသံကို တာဝန်ရှိသူတွေ ကြားရအောင် ထုတ်ဖော်ရမယ့် အခိုက်အတန့်ပါပဲ။ ပရိသတ်အားလုံးကို ကွင်းအပြင်မှာ စုဝေးပြီး ဆန္ဒပြဖို့ ဖိတ်ခေါ်ပါတယ်။ ပွဲကစားချိန်ရဲ့ ပထမနာရီဝက်မှာ ကွင်းအပြင်မှာ စုဝေးဆန္ဒပြသွားမှာပါ''ဟု ကြေညာချက်တွင် ဖော်ပြခဲ့သည်။

ရိုုးမားအသင်းသည် ယခုတစ်ပတ် စနေနေ့တွင် အိမ်ကွင်း၌ အူဒီးနီးစ်အသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး နည်းပြသစ် ဂျူရစ်အနေဖြင့် ပွဲဦးထွက်အဖြစ် ကိုင်တွယ်သွားရမည်ဖြစ်သည်။

ရိုးမားအသင်း၏ အမာခံပရိသတ်များက အဆိုပါပွဲ၌ ဆန္ဒပြမှု ပြုလုပ်သွားရန် စီစဉ်နေခြင်းဖြစ်ပြီး ပရိသတ်အားလုံးက ကွင်းအပြင်တွင် စုဝေးဆန္ဒပြရာ၌ ပါဝင်ဖွယ်မရှိသော်လည်း အူဒီးနီးစ်နှင့်ပွဲကို လာရောက်ကြည့်ရှုခြင်းမပြုဘဲ ကန့်ကွက် ဆန့်ကျင်သွားဖွယ်ရှိကြောင်းလည်း သိရသည်။

ရိုးမားပရိသတ်များသည် မော်ရင်ဟိုကို ထုတ်ပယ်စဉ်ကလည်း အသင်းတာဝန်ရှိသူများ၏ ဆုံးဖြတ်ချက်ကို ဝေဖန်ပြစ်တင်မှု ပြုလုပ်ခဲ့ကြကြောင်း သိရသည်။


READ NEXT
Cancel OK