Top News

ပွင့်လင်းရာသီတွင် ကုန်သွယ်မှု မြင့်တက်လာနိုင်ကြောင်း မျှော်လင့်ခဲ့ကြသော်လည်း ဘဏ္ဍာနှစ်သစ် တတိယလ၌ တရားဝင်သွင်းကုန် တင်သွင်းမှုမှာ ပုံမှန်ထက် လျော့ကျလာ
24htopnews | September 19, 2024 11:12 PM CST

ပွင့်လင်းရာသီတွင် ကုန်သွယ်မှု မြင့်တက်လာနိုင်ကြောင်း မျှော်လင့်ခဲ့ကြသော်လည်း ဘဏ္ဍာနှစ်သစ် တတိယလ၌ တရားဝင်သွင်းကုန် တင်သွင်းမှုမှာ ပုံမှန်ထက် လျော့ကျလာသည့်အတွက် ပမာဏအားဖြင့် ယခင်နှစ် ကာလတူကထက် လျော့ကျလာခဲ့ကြောင်း သိရသည်။

ဘဏ္ဍာနှစ်သစ်ဖြစ်သော စက်တင်ဘာ ၁ ရက်မှ ဇန်နဝါရီ ၄ ရက်ထိ မြဝတီနယ်စပ် စခန်းက ကုန်သွယ်မှု ပမာဏမှာ ဒေါ်လာ ၂၁၆ ဒသမ ၂၀၂ သန်း ကုန်သွယ်နိုင်ခဲ့သော် လည်း ယခင်နှစ်ကာလတူကထက် ဒေါ်လာ ၁၃ ဒသမ ၅၈၂ သန်း လျော့ကျခဲ့ကြောင်း စီး ပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဌာနမှ ထုတ်ပြန်သော စာရင်းများအရ သိရသည်။

မြဝတီနယ်စပ်မှ ထိုင်းနိုင်ငံဘက်သို့ မြန်မာ့လယ်ယာ ထွက်ကုန်ပစ္စည်းများနှင့် စား သောက်ကုန်များတင်ပို့မှုမှာ ဘဏ္ဍာနှစ်သစ် ရက်ပေါင်း ၉၅ ရက်အတွင်းဒေါ်လာ ၂၈ ဒသမ ၅၈၀ သန်း တင်ပို့နိုင်ခဲ့၍ ယခင်နှစ် ကာလတူထက် ၂ ဒသမ ၅၅၃ သန်း ပိုမိုတင် ပို့နိုင်ခဲ့သော်လည်း ထိုင်းကုန်ပစ္စည်းများ တရားဝင်တင်သွင်းမှုမှ ဒေါ်လာ ၁၈၇ ဒသမ ၆၄၂ သန်းသာ တင်ပို့နိုင်ခဲ့သည့်အတွက်  ယခင်နှစ်ကာလတူကထက် ဒေါ်လာ ၁၆ ဒသမ ၁၃၅ သန်းအထိ သွင်းကုန်တင်သွင်းမှု လျော့နည်းခဲ့ကြောင်း သိရသည်။

“ယျေဘုယျကြည့်ရင် ထိုင်းကုန်စည်ကားတွေ နေ့စဉ် ရာနဲ့ချီပြီး မြဝတီကို ဝင်နေတာပါ။ ကုန်ကား ဝင်ရောက်လာတာ ယခင်ထက် ပိုတောင်များနေမလာလို့ ထင်ရတယ်။ သွင်းကုန်တန်ဖိုးပမာဏ လျော့တယ်ဆိုတော့ တရားမဝင် ကုန်သွယ်မှု ပိုမိုမြင့်တက်လာလို့ပဲ လို့ ယူဆပါတယ်။ တကယ်ဆိုရင် ကုန်သွယ်မှုက ပိုပြီးမြင့်တက်လာရမှာပါ” ဟု နယ်စပ်ကုန်သည် တစ်ဦးက ပြောကြားသည်။

ပြီးခဲ့သော နှစ်လအတွင်းက ဒေါ်လာ ၁၃၇ ဒသမ ၉၈၆ သန်းကုန်သွယ်နိုင်ခဲ့သော်လည်း သွင်းကုန်ရော ပို့ကုန်ပါ ယခင်နှစ် ကာလတူထက် မြင့်တက်လာသည့်အတွက် ယခင်နှစ် ကာလတူထက် ဒေါ်လာ ၉ ဒသမ ၂၆၅ သန်း ပိုမိုကုန်သွယ်နိုင်ခဲ့ကြောင်း၊ ထိုင်းနိုင်ငံဘက်သို ့မြန်မာ့ပို့ကုန် တရားဝင်တင်ပို့မှုမှာ ယခင်နှစ်ကထက် မြင့်တက်လာသော်လည်း ထိုင်းနိုင်ငံဘက်မှ မြန်မာနိုင်ငံဘက်သို့ တင်သွင်းသည့် ပမာဏမှာ ယခင်နှစ် ကာလတူထက် လျော့ကျလာခဲ့ကြောင်း သိရသည်။

သို့သော်လည်း ထိုင်းနိုင်ငံဘက်သို့ ပို့ကုန်ပမာဏမှာ မြန်မာနိုင်ငံဘက်သို့ သွင်းကုန်ထက်  ခုနစ်ဆခန့် လျော့နည်းနေဆဲ ဖြစ်သည်။ မြန်မာနိုင်ငံဘက်မှ ထိုင်းနိုင်ငံဘက်သို ့တရားမဝင်တင်ပို့သော လယ်ယာထွက်ကုန် ပြောင်း၊ ကြက်သွန်၊ ဆန်၊ မုန့်များ၊ လျှပ်စစ်ပစ္စည်းများကို ထိုင်းအကောက်ခွန်ဌာနမှ နိုင်ငံသား အကျိုးစီးပွားကို ကာကွယ်ရန် ဟုဆိုကာ မကြာခဏ ဖမ်းဆီးလျက်ရှိသည်။

မြန်မာနိုင်ငံဘက်သို့ တင်သွင်းရန် ခွင့်ပြုမထားသော ဂျပန်တစ်ပတ်ရစ် Without Car များ၊ ဘီယာမျိုးစုံ၊ အေးခဲအသားနှင့် ကြက်နှင့် ကြက်ထွက်အသည်း၊ အိမ်ထောင်ပရိဘောက အဟောင်း၊ ရေခဲသေတ္တာ၊ အဝတ်လျှော်စက် အဟောင်းများ တင်သွင်းမှုကို တားမြစ်ထားသော်လည်း တင်သွင်းခွင့်ရှိသော ပစ္စည်းများနှင့်အတူ တရားမဝင် တင်သွင်းလျက်ရှိသည်။

မြဝတီနယ်စပ်စခန်းမှ ပြည်တွင်းသို့ စက်ယန္တရားများ၊ မော်တော်ဆိုင်ကယ်များ၊ လုပ်ငန်းသုံးပစ္စည်းများ အပါအဝင် ကုန်ပစ္စည်းမျိုးစုံ တင်သွင်းလျက်ရှိပြီး မြန်မာနိုင်ငံဘက်မှလည်း  ရေထွက်ပစ္စည်း ငါးပုစွန်၊ ကဏန်းနှင့် လယ်ယာထွက်ပစ္စည်းများ၊ နှမ်း နနွင်း၊ ကြက်သွန် ၊ ငရုတ်၊ ပဲနှင့် ကြံများ တရားဝင် တင်ပို့နေသော်လည်း ထိုင်းနိုင်ငံသား အကျိုးစီးပွား ကာကွယ်သည့် အနေဖြင့် အချို့ကုန်ပစ္စည်းများကို အချိန်နှင့်တစ်ပြေးညီ တင်ပို့ခွင့် မရကြောင်း၊ ကျွဲ၊ နွားအပါအဝင် ကုန်ပစ္စည်းအများစုမှာ တရားဝင်တင်ပို့ရန် ခက်ခဲနေပြီး သောင်ရင်းမြစ် ဖြတ်ကျော်ဂိတ်များမှ တစ်ဆင့် တစ်ဖက်နိုင်ငံသို့ တရားမဝင် တင်ပို့လျက်ရှိကြောင်း သိရသည်။

 


READ NEXT
Cancel OK