Top News

အမေရိကန်နှင့် မြန်မာနှစ်နိုင်ငံအကြား ဆိပ်ကမ်းလုံခြုံရေး၊ ဆိပ်ကမ်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ အပါအဝင် ပို့ဆောင်ဆက်သွယ်ရေး ကဏ္ဍများ ပူးပေါင်းဆောင်ရွက်ရန် အမေရိကန်နိုင်ငံမှ စိတ်ဝင်စားမှုရှိနေ
24htopnews | September 19, 2024 11:12 PM CST

အမေရိကန်နှင့် မြန်မာနှစ်နိုင်ငံအကြား ဆိပ်ကမ်းလုံခြုံရေး၊ ဆိပ်ကမ်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ အပါအဝင် ပို့ဆောင်ဆက်သွယ်ရေး ကဏ္ဍများ ပူးပေါင်းဆောင်ရွက်ရန် အမေရိကန်နိုင်ငံမှ စိတ်ဝင်စားမှု ရှိနေကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနမှ သတင်းရရှိသည်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံ သံအမတ်ကြီး H.E Mr. Scot Marciel ဦးဆောင်သော အဖွဲ့သည် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်နေ့၊ ညနေပိုင်းတွင် နေပြည်တော်ရှိ ရုံးအမှတ် ၅ ၌ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်အား လာရောက် တွေ့ဆုံခဲ့ကြောင်း သိရသည်။

ယင်းသို့တွေ့ဆုံရာတွင် ဆိပ်ကမ်းလုံခြုံရေး၊ ဆိပ်ကမ်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ၊ ရထားပို့ဆောင်ရေး၊ လေကြောင်း ပို့ဆောင်ရေး၊ ဆိုက်ဘာလုံခြုံရေးနှင့် နည်းပညာ အကူအညီပေးရေး ကိစ္စရပ်များတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများအား ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

“သံအမတ်ကြီးနဲ့ ပြည်ထောင်စုဝန်ကြီး တို့ တွေ့ဆုံမှုမှာ အမေရိကန်နိုင်ငံ အနေနဲ့ ပုဂ္ဂလိကပိုင်းအနေနဲ့ ပို့ဆောင်ဆက်သွယ်ရေး ကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်မှုတွေ ပြုလုပ်ဖို့ ဆွေးနွေးခဲ့ပါတယ်။ ပို့ဆောင်ဆက်သွယ်ရေးလို့ ဆိုတဲ့နေရာမှာ ဆိပ်ကမ်းလုံခြုံရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေ ဆိုက်ဘာလုံခြုံရေးတွေ အပါအဝင် ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍ အားလုံးပါဝင်ပါတယ်” ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ဝန်ကြီးရုံးမှ အဆင့်မြင့် အရာရှိတစ်ဦးက ပြောပြခဲ့သည်။

အမေရိကန် အနေဖြင့် မြန်မာနိုင်ငံတွင် လေကြောင်းကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု အနေဖြင့် နိုင်ငံပိုင် မြန်မာအမျိုးသား လေကြောင်းလိုင်းမှ အမေရိကန် GE ကုမ္ပဏီ ပူးပေါင်း၍ လေယာဉ်များ ဝယ်ယူထားကြောင်း သိရသည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန အနေဖြင့် ယခုလပိုင်းအတွင်း အမေရိကန်၊ ဂျပန်၊ ဗီယက်နမ်၊ နယ်သာလန်စသည့် နိုင်ငံများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး ပို့ဆောင်ဆက်သွယ်ရေး ကဏ္ဍများ ပူးပေါင်း  ဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ ၁၃ ရက်က ဂျပန်နိုင်ငံ Ministry of Land, Infrastructure, Transport and Tourism မှ Vice Minister ဖြစ်သူ Mr. Yasuhiro Shinohara အား နေပြည်တော်တွင် လက်ခံတွေ့ဆုံပြီး မြန်မာနှင့် ဂျပန်နိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသော ဟံသာဝတီလေဆိပ်သစ် တည်ဆောက်ရေးဆိုင်ရာများ၊ သီလဝါဆိပ်ကမ်း ဖွံ့ဖြိုးတိုးတက်ရေးပူး ပေါင်းဆောင်ရွက်နေမှုများ၊ မန္တလေးဆိပ်ကမ်းသစ် တည်ဆောက်ရေး ဆောင်ရွက်နေမှုများ၊ ရန်ကုန်-မန္တလေး ရထားလမ်း အဆင့်မြှင့်တင်နေမှုနှင့် ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်နေမှုများအား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဒီဇင်ဘာ ၁၂ ရက်က နယ်သာလန်နိုင်ငံ သံအမတ်ကြီးနှင့် ပြည်ထောင်စုဝန်ကြီးတို့ တွေ့ဆုံခဲ့ပြီး ချင်းတွင်းမြစ် ရေလမ်းကြောင်း ကောင်းမွန်ရေးဆိုင်ရာ ဖြစ်မြောက်နိုင်စွမ်း လေ့လာရေး ဆောင်ရွက်ထားမှုများ၊ ပို့ဆောင်ရေး အခြေခံ အဆောက်အုံ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းဆိုင်ရာများအား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ယင်းပြင် ဒီဇင်ဘာ ၂၁ ရက်က ဗီယက်နမ်နိုင်ငံ၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ပြည်ထောင်စုဝန်ကြီးတို့ တွေ့ဆုံပြီး ဗီယက်နမ်နိုင်ငံနှင့် မြန်မာ နှစ်နိုင်ငံအကြား အကျိုးတူ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြသည်။

                                                          


READ NEXT
Cancel OK