Top News

နေပြည်တော်ရှိ သံတမန်ဇုန်တွင် ဘရူနိုင်း၊ မလေးရှားနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှ မြေကွက်ဝယ်ယူခြင်းနှင့် မြေနေရာ လဲလှယ်သည့်စာချုပ် ချုပ်ဆိုထားပြီး လက်ရှိတွင် ကာတာနိုင်ငံနှင့် ဆွေးနွေးနေကြောင်း သိရ
24htopnews | September 19, 2024 11:12 PM CST

နေပြည်တော်ရှိ သံတမန်ဇုန်တွင် ဘရူနိုင်း၊ မလေးရှားနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှ မြေကွက်ဝယ်ယူခြင်းနှင့် မြေနေရာ လဲလှယ်သည့် စာချုပ်ချုပ်ဆိုထားပြီး လက်ရှိတွင် ကာတာနိုင်ငံနှင့် ဆွေးနွေးနေကြောင်း သိရသည်။

နေပြည်တော်ရှိ စည်ပင်ဧည့်ရိပ်သာ တွင် ဇန်နဝါရီ ၁၂ ရက်က ပြုလုပ်သည့် ဗိုလ် ချုပ်ကြေးရုပ်တု ဖြစ်မြောက်ရေး အစည်းအဝေး အပြီးတွင် သံတမန်ဇုန်၌ လက်ရှိဆောင်ရွက်နေသည့် ကိစ္စရပ်များနှင့် ပတ်သက်၍ မီဒီယာများ၏ မေးမြန်းမှုကို နေပြည်တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးမင်းသူက ဖြေကြားရာတွင် ထည့်သွင်းပြောကြား ခဲ့ခြင်းဖြစ်သည်။

“ဘရူနိုင်းနိုင်ငံက၊ နှစ်နိုင်ငံ ဘရူနိုင်းမှာရှိတဲ့ မြန်မာသံရုံးမြေနေရာနဲ့ ဒီကမြေနေရာနဲ့ လဲလှယ်တဲ့ အဲဒီလို မြေလဲလှယ်တဲ့ စာချုပ်အနေနဲ့ ချုပ်ပေးရတာပါ” ဟု နေပြည်တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးမင်းသူက ပြောကြားသည်။

လက်ရှိတွင် နေပြည်တော်ရှိ သံတမန်ဇုန်တွင် သံရုံးများ ဖွင့်လှစ်ရန်အတွက် မြေကွက်နေရာ ဝယ်ယူသည့်စာချုပ် ချုပ်ဆိုထားသော နိုင်ငံများအဖြစ် မလေးရှားနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှ လက်မှတ်ရေးထိုးထားပြီး ကာတာနိုင်ငံနှင့်လည်း သံရုံးမြေနေရာအတွက် ဆွေးနွေးနေကြောင်း ဦးမင်းသူက ပြောကြားသည်။

ဦးမင်းသူက “ဘင်္ဂလားဒေ့ရှ်ရယ်၊ မလေးရှားရယ် ဘရူနိုင်းရယ်ပေါ့။ ဘရူနိုင်းကတော့ နှစ်နိုင်ငံ မြေကွက်လဲလှယ်ရေး အနေနဲ့ ဆောင်ရွက်ထားတာ။ ကျန်တဲ့ မလေးရှားနဲ့ ဘင်္ဂလားဒေ့ရှ်ကတော့ မြေကိုချုပ်ဆို ထားပြီးသား တော်တော်ကို ကြာနေပြီ။ ကာတာကတော့ ချုပ်ဆိုဖို့ တင်ထားပြီ။ ဆောင်ရွက်နေတယ်” ဟု ပြောကြားသည်။

နေပြည်တေ် ဒက္ခိဏသီရိမြို့နယ်ရှိ သံတမန်ဇုန် မြေနေရာတွင် မြေနေရာ ဝယ်ယူရန်အတွက် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် နိုင်ငံပေါင်း ၁၉ နိုင်ငံမှ အဆိုပြုလွှာ တင်သွင်းထားပြီး မြေတစ်ဧကလျှင် အမေရိကန်ဒေါ်လာ ငါးသိန်းနှုန်း သတ်မှတ်ထားကြောင်း ဦးမင်းသူက ပြောကြားသည်။

“သံတမန်ဇုန်မှာ အားလုံးနိုင်ငံပေါင်း အဖွဲ့အစည်းနဲ့ နိုင်ငံတကာ အဖွဲ့အစည်း အားလုံးပေါင်း ၁၉ နိုင်ငံလောက် ရှိသွားပြီပေါ့။ လာအဆိုပြုတာ။ မြေကွက်ပေါင်းကလည်း တချို့အများဆုံး ငါးကွက်ပေးရမယ်လို့ သတ်မှတ်ထားတာ၊ တစ်ကွက်ကိုလည်း ငါးဧကကျော်ကျော်လောက် ရှိတာပေါ့။ အဲဒါကတော့ အခု အချိန်မှာဆိုရင် တချို့ထပ်ဆင့်ပြီးမှ အရင်အိန္ဒိယနိုင်ငံ လိုမျိုးဆိုရင် တစ်ကွက်ကနေမှ နှစ်ကွက်ထပ်ပြီးတော့ အဆိုပြုတာတွေရှိတယ်။ အဲဒီအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနကနေမှ အဆိုပြုလာတဲ့ တစ်ဆင့်အဆိုပြုလာ တာတွေကို သတ်မှတ်ပေးနေတာပဲ ရှိပါတယ်” ဟု ဦးမင်းသူက ပြောကြားသည်။

နေပြည်တော် သံတမန်ဇုန် မြေနေရာများအတွက် သတ်မှတ်ငွေကြေး ပေးသွင်းပြီး စာချုပ်ချုပ်ဆိုထားသည့် နိုင်ငံသုံးနိုင်ငံမှ ဆောင်ရွက်ပြီးဖြစ်ကာ ကာတာနိုင်ငံနှင့် စာ ချုပ် ချုပ်ဆိုမှုအတွက် ဆွေးနွေးမှုများ ပြုလုပ်နေခြင်းသည် နောက်ဆုံးအဆင့် ညှိနှိုင်းမှုသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ဦးမင်းသူက ပြောကြားသည်။

သံတမန်ဇုန်တွင် နိုင်ငံတကာသံရုံးများ ရွှေ့ပြောင်းရေးနှင့် ပတ်သက်၍ မီဒီယာများ၏ မေးမြန်းမှုကို “အဲဒါတော့ သေချာမသိနိုင်သေးဘူး။ ဒီဟာကတော့ သက်ဆိုင်ရာ ဝန်ကြီးဌာနကနေတစ်ဆင့် မြေကွက်တွေ၊ သံတမန်ဇုန်အတွက် ဆောင်ရွက်ပေးပါ ဆိုတာနဲ့ ဆောင်ရွက်ပေးရတာပဲရှိတယ်။ ကျန်တာတော့ အတိအကျတော့ မသိနိုင်သေးဘူး” ဟု ဦးမင်းသူက ပြောကြားသည်။

နေပြည်တော် စည်ပင်သာယာရေး ကော်မတီအနေဖြင့် သံတမန်ဇုန်တွင် နိုင်ငံတကာ သံရုံးများအတွက် မြေနေရာချထားပေးခြင်း လုပ်ငန်းများကိုသာ ဆောင်ရွက်နေပြီး သံတမန်ဇုန်သို့ နိုင်ငံတကာသံရုံးများ ပြောင်းရွှေ့ရေး ကိစ္စရပ်များအား နိုင်ငံခြားရေး ဝန်ကြီးဌာနက ဆောင်ရွက်နေကြောင်း ဦးမင်းသူက ပြောကြားသည်။

နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ သံတမန်ဇုန်အား ပြီးခဲ့သည့် အစိုးရလက်ထက်တွင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ဧရိယာ အကျယ်အဝန်းအားဖြင့် ဧက ၁၅၅၀ ဧကရှိပြီး မြေတစ်ကွက်လျှင် မြေဧက ၅ ဒဿမ ၇၄ ဧကရှိ မြေကွက်ပေါင်း ၁၂၀ ပါဝင်ကြောင်း သိရသည်။

ရန်ကုန်မြို့၌ အခြေစိုက်ထားသည့် နိုင်ငံတကာ သံရုံးများအား နေပြည်တော်သို့ ပြောင်းရွှေ့ဖွင့်လှစ်ရန်အတွက် နိုင်ငံတော်မှ မူဝါဒများ ချမှတ်ထားပြီး သံတမန်ဇုန် အကောင်အထည် ဖော်ရာတွင် နိုင်ငံတကာ သံတမန်များ အပန်းဖြေနိုင်မည့် နေရာများနှင့် နိုင်ငံတကာ ကျောင်းများလည်း ဖွင့်လှစ်ရန်ရှိကြောင်း သိရသည်။                             


READ NEXT
Cancel OK