Top News

■ တောင်တရုတ်ပင်လယ်ပြင်၌ ဖြစ်ပေါ်နေသည့် အပူပိုင်းမုန်တိုင်းငယ်သည် ပိုမိုအားကောင်းလာကာ အပူပိုင်းမုန်တိုင်း “ဆိုးလစ်ခ်(SOULIK)” အဖြစ်သို့ ရောက်ရှိ ■ မုန်တိုင်း၏ အကြွင်းအကျန်တိမ်တိုက်များနှင့် လေပွေလှိုင်းသည် မြန်မာနိုင်ငံအရှေ့တောင်ပိုင်းဒေသများသို့ စက်တင်ဘာ
24htopnews | September 19, 2024 6:12 PM CST

တောင်တရုတ်ပင်လယ်ပြင်၌ ဖြစ်ပေါ်နေသော အပူပိုင်းမုန်တိုင်းငယ်သည် အပူပိုင်းမုန်တိုင်း “ဆိုးလစ်ခ်(SOULIK)” အဖြစ်သို့ ရောက်ရှိခဲ့ပြီး စက်တင်ဘာ ၂၀ ရက်တွင် မုန်တိုင်း၏ အကြွင်းအကျန် တိမ်တိုက်များနှင့် လေပွေလှိုင်းသည် မြန်မာနိုင်ငံအရှေ့တောင်ပိုင်းဒေသများသို့ စတင်ဖြတ်ကျော်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက စက်တင်ဘာ ၁၉ ရက်တွင် အထူးသတင်းအနေဖြင့် ထုတ်ပြန်သည်။

ထုတ်ပြန်ချက်အရ စက်တင်ဘာ ၁၉ ရက် မြန်မာစံတော်ချိန် နံနက် ၉ နာရီခွဲအချိန် တိုင်းထွာချက်များအရ တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော အပူပိုင်းမုန်တိုင်းငယ်သည် အနောက်ဘက်သို့ ရွေ့လျားခဲ့ပြီး ပိုမိုအားကောင်းလာကာ အပူပိုင်းမုန်တိုင်း “ဆိုးလစ်ခ်(SOULIK)” အဖြစ်သို့ ရောက်ရှိခဲ့ကြောင်း၊ အဆိုပါအပူပိုင်းမုန်တိုင်း “ဆိုးလစ်ခ်(SOULIK)” သည် အနောက်- အနောက်တောင်ဘက်သို့ ရွေ့လျားနိုင်ပြီး ယနေ့(စက်တင်ဘာ ၁၉ ရက်) ညနေပိုင်းတွင် ဗီယက်နမ်နိုင်ငံအလယ်ပိုင်းကမ်းခြေကို ဖြတ်ကျော်နိုင်ကြောင်း သိရသည်။

ယင်းနောက် စက်တင်ဘာ ၂၀ ရက်တွင် အပူပိုင်းမုန်တိုင်း “ဆိုးလစ်ခ် (SOULIK)” ၏ အကြွင်းအကျန် တိမ်တိုက်များနှင့် လေပွေလှိုင်းသည် မြန်မာနိုင်ငံအရှေ့တောင်ပိုင်းဒေသများသို့ စတင်ဖြတ်ကျော်ပြီး အနောက်-အနောက်တောင်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ကာ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိအားနည်းရပ်ဝန်းအဖြစ်သို့ ပြန်လည်အစပျိုး အားကောင်းလာနိုင်ကြောင်း သိရသည်။

အဆိုပါဖြတ်ကျော်လာနိုင်သည့် လေပွေလှိုင်း၏အရှိန်ကြောင့် စက်တင်ဘာ ၂၀ ရက်မှ ၂၅ ရက်အတွင်း နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ် နှင့် မွန်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး အချို့ဒေသများတွင် ဒေသအလိုက် မိုးကြီးခြင်းများ၊ နေရာကွက်၍ မိုးကြီးခြင်းများနှင့် လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။

ယင်းအတွက်ကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန်နှင့် ပြည်တွင်းရေကြောင်းသွားလာရေးနှင့် လေကြောင်းပျံသန်းရေးအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ရန် မိုးဇလက သတိပေးနှိုးဆော်ထားသည်။


READ NEXT
Cancel OK