Top News

တောင်ငူ ဝက်ဖြူကုန်း ရေဘေးရှောင် စခန်းတွင် လူ ၄၀ ကျော် အစာအဆိပ်သင့်
24htopnews | September 19, 2024 2:12 PM CST

တောင်ငူ ဝက်ဖြူကုန်းရေဘေးရှောင်စခန်းတွင် လူ ၄၀ ကျော် အစာအဆိပ်သင့်ခဲ့ကြောင်း တောင်ငူမြို့ရှိ ပရဟိတအသင်း အချို့ထံမှ သိရသည်။

ခိုလှုံသူ ၄၆၁ ဦးရှိသည့် အဆိုပါ ရေဘေးရှောင်စခန်းတွင် စက်တင်ဘာ ၁၈ ရက်ညပိုင်းက အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့ပြီး တောင်ငူမြို့သို့ရောက်ရှိနေသည့် ရေဘေးကူ ပရဟိတအသင်း များနှင့်မြို့ခံအသင်းများက ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရသည်။

"အုတ်တွင်း ဝက်ဖြူကုန်း ရေဘေးရှောင်စခန်းက လူ ၄၆၁ ယောက် လောက် ရှိပါတယ်။  အစာအဆိပ်သင့်တာ လက်ရှိ လူ ၄ဝပါ။ ကလေးနဲ့ သက်ကြီးပိုင်းတွေပါ။ စားတာက ညနေစာကို ကြာဇံကြော်နှင့် ဘဲဥကို မကျီးမှည့် နဲ့စားတယ်လို့သိရ။ ကျန်တဲ့လူ၄ဝဝကျော်ကိုလည်း Save The Trees Rescue Teamနှင့် ပရဟိတ အသင်းများမှ တောင်ငူဆေးရုံကြီးကိုပို့ဆောင်ပြီး  ကူညီသွားမှာပါ" ဟု တောင်ငူမြို့ရှိ Save The Trees Rescue အသင်းမှ ကိုကျော်သူရ ၎င်း၏လူမှုကွန်ရက်တွင် ရေးသားထားသည်။

စက်တင်ဘာ ၁၉ ရက်နံနက်တွင် ထပ်မံသိရှိရသည့် အချက်အ လက်များအရ အစာအဆိပ်သင့်သူအများစု ပြန်လည်သက်သာ လာပြီး အချို့မှာ ဆေးရုံမှ ပြန်ဆင်းခွင့်ရရှိပြီဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်ဖြစ်ပွားသည့် နေရာသို့ အုတ်တွင်းမြို့နယ် ဆေးရုံအုပ်ကြီး

အပါအဝင် ကျန်းမာရေးဝန်ထမ်း အပြည့်အစုံဖြင့် သွားရောက် စစ်ဆေးကြရာ ပထမ အလှူရှင်တစ်ဦးမှ ဘဲဥချဉ်ရည်ဟင်း နှင့်ငပိကြော်- ဒုတိယအလှူရှင်တစ်ဦးမှ  ကြာဇံကြော်များ လှူဒါန်းပေးခဲ့ရာ စားသောက်ပြီးနောက် ည ၈ နာရီခွဲခန့်တွင် မူးဝေအော့အန်မှုများစတင်ဖြစ်ပွားခဲ့သည်။

အစာအဆိပ်သင့်သူများကို တောင်ငူမှ Ambulance များ- ရေဘေးလာကူနေသော Ambulance များနှင့် ရင်ခုန်သံ Ambulance များ စုပေါင်းသယ်ဆောင်၍ တောင်ငူဆေးရုံကြီး သို့၎င်း မဆရ(၃) ဆေးရုံကြီးသို့၎င်း ပို့ဆောင်ကုသမှူခံယူထားပြီး  စစ်ဆေးနိင်ရန် လှူထားသော ထမင်းဗူး/ကြာဇံကြော်ဗူး/ ကျောင်းတွင်းရှိ စတီးကန် သောက်ရေသန့်စက်မှ ရေ စသည်တို့ကို ဓာတ်ခွဲစစ်ဆေးရန် သက်ဆိုင်ရာသို့ ပို့ဆောင်ထားကြောင်း အုတ်တွင်းမြို့ခံ ရင်ခုန်သံ ရှင်‌ရေးကူညီမှုအသင်းမှ နာယက ဆရာတော် အရှင်တေဇသိရီက လူမှုကွန်ရက်တွင် ရေးသားထား သည်။

စက်တင်ဘာ ၁၇ ရက်ကလည်း နေပြည်တော်ကောင်စီတပ်ကုန်းမြို့နယ်၊ ကြက်သွန်ခင်းကျေးရွာအုပ်စု၊ ချောင်းခြားကျေးရွာတွင် အလှူရှင်များမှ လာရောက်လှူဒါန်းသော ဒံပေါက်၊ ကြက်သားအာလူးဟင်း၊ ဘဲဥခရမ်းချဉ်သီးချက်များအား စားသောက်ပြီးနောက် လူ ၁၀၀ ကျော်အစာအဆိပ်သင့်မှု ဖြစ်ပွား ခဲ့သည်။

သဘာဝဘေးဒဏ်ခံစားရသော ပြည်သူများအား အစားအသောက်များ လှူဒါန်းရာတွင် အလှူရှင်များအနေဖြင့် ပူပူနွေးနွေးပြင်ဆင်ထားသည့် သန့်ရှင်းသောအစားသောက်များအား မြို့နယ်အလိုက် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးရှိ ကြီးကြပ်ရေးအဖွဲ့၊ စီမံခန့်ခွဲမှုအဖွဲ့များမှတစ်ဆင့် ပေးပို့လှူဒါန်းကြရန်နှင့် ယာယီကယ်ဆယ်ရေးစခန်းများတွင် တာဝန်ယူဆောင်ရွက်နေကြသော စီမံခန့်ခွဲမှုအဖွဲ့နှင့် ကျန်းမာရေးဝန်ထမ်းများမှ စခန်းများတွင် လှူဒါန်းကြသော အစားအသောက်များအား ကျန်းမာရေးနှင့် ညီညွတ်စေရန်နှင့် သန့်ရှင်းမှုရှိစေရန် ကြီးကြပ်ဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်ပေးကြပါရန် ကျန်းမာရေးဌာနက တိုက်တွန်းနှိုးဆော်ထားသည်။

 

 

ဓာတ်ပုံ -Save The Trees Rescue နှင့် ရင်ခုန်သံရှင်ရေးကူညီမှုအသင်း


READ NEXT
Cancel OK