Top News

စပိန်လက်ရွေးစင်ကွင်းလယ်လူ ဘွန်မာတီကို ဘာစီလိုနာ စာချုပ်သစ်ချုပ်ဆိုခဲ့ပြီး အမျိုးသမီးဘောလုံးလောကတွင် တစ်နှစ်လုပ်ခအမြင့်ဆုံးကစားသမားဖြစ်လာ
24htopnews | September 19, 2024 1:12 AM CST

 

ဘာစီလိုနာအမျိုးသမီးအသင်းသည် အသင်း၏အဓိကကစားသမားဖြစ်သူ စပိန်လက်ရွေးစင်ကွင်းလယ်လူ ဘွန်မာတီကို ၂၀၂၈ ခုနှစ်အထိ စာချုပ်သစ်ချုပ်ဆိုခဲ့သည်။ ဘွန်မာတီသည် ယခုစာချုပ်သစ်အရ အမျိုးသမီးဘောလုံးလောကတွင် တစ်နှစ်လုပ်ခအမြင့်ဆုံးကစားသမားအဖြစ် မှတ်တမ်းသစ်ရေးထိုးခဲ့သည်။

ဘွန်မာတီသည် အသက် ၁၁ နှစ်အရွယ်ကတည်းက ဘာစီလိုနာအကယ်ဒမီကို ရောက်ရှိလာပြီး ၂၀၁၅-၁၆ ရာသီ၌ အသင်း ကြီးနှင့်အတူ ပွဲထွက်ကစားခွင့် ရရှိခဲ့သည်။ ဘွန်မာတီ(၂၆ နှစ်)သည် ၂၀၂၃ Ballon d'Or ဆု၊ ၂၀၂၄ Laureus Sportwomen of the Year ဆုများကို ဆွတ်ခူးခဲ့ပြီး ယခုနှစ် Ballon d'Or ဆုအတွက်လည်း ဆန်ခါတင် စာရင်းဝင်လျက်ရှိသည်။ 

၎င်းသည် ကစားသမားဘဝ ဆုဖလားပေါင်း ၂၃ လုံး ဆွတ်ခူးထားပြီး ချန်ပီယံလိဂ် သုံးကြိမ်၊ စပိန်လက်ရွေးစင်အသင်းနှင့် ၂၀၂၃ ကမ္ဘာ့ဖလား တစ်ကြိမ်၊ ၂၀၂၃-၂၄ Nations League ဆုဖလား တစ်ကြိမ် ဆွတ်ခူးထားခဲ့သည်။ ဘွန်မာတီအနေဖြင့် ဘာစီလိုနာအသင်းအတွက် ပြိုင်ပွဲစုံ ၂၇၅ ပွဲ ကစားထားခဲ့ကြောင်း သိရသည်။

ဘာစီလိုနာအသင်းမှ တရားဝင်မထုတ်ပြန်သော်လည်း သတင်းများတွင် ဘွန်မာတီသည် တစ်နှစ် ယူရို ခုနစ် သိန်းနှင့် တစ်သန်းအကြား ရရှိမည်ဟု ဖော်ပြခဲ့ကြသည်။  အမျိုးသမီးလိဂ်ပြိုင်ပွဲများတွင် ထိပ်တန်းလိဂ်ပြိုင်ပွဲများဖြစ်ကြသည့် အမေရိကန်အမျိုးသမီးလိဂ် ပြိုင်ပွဲ (NWSL) နှင့် အင်္ဂလန်အမျိုးသမီးလိဂ် ပြိုင်ပွဲ (WSL) ပြိုင်ပွဲများ၌ ထိပ်တန်းလစာငွေ ရရှိသူများမှာ ယူရို လေးသိန်းနှင့် ခြောက်သိန်းအကြားသာ ရှိနေသည်။

ပြီးခဲ့သည့်နွေရာသီက ဘွန်မာတီကို ချယ်လ်ဆီးအပါအဝင် ကလပ်များစွာက ကြိုးပမ်းခဲ့ကြသည်။


READ NEXT
Cancel OK