Top News

ကျပ်တည်းလွန်းသည့် ဘောလုံးပွဲစဉ်ဇယားများကြောင့် ထိပ်တန်းကစားသမားများ ဆန္ဒပြရန် စဉ်းစားနေကြသည်ဟု မန်စီးတီးကွင်းလယ်ကစားသမား ရိုဒရီ ခြိမ်းခြောက်
24htopnews | September 19, 2024 1:12 AM CST

 

မန်စီးတီးကွင်းလယ်ကစားသမား ရိုဒရီက ကျပ်တည်းလွန်းသည့် ဘောလုံးပွဲစဉ်ဇယားများကြောင့် ထိပ်တန်းဘောလုံးသမားများအနေဖြင့် ပွဲစဉ်ဇယားရေးဆွဲသူများကို ဆန္ဒပြရန် စဉ်းစားနေကြသည်ဟု ခြိမ်းခြောက်ပြောကြားခဲ့သည်။ 

ယခုရာသီတွင် ချန်ပီယံလိဂ်ပြိုင်ပွဲကို အသင်း (၃၆) သင်းအထိ တိုးမြှင့်ကာ ပုံစံသစ်ဖြင့် ကျင်းပခြင်းကြောင့် ပွဲများတိုးလာခဲ့သည်။ မန်စီးတီးအသင်းအနေဖြင့် ယခုရာသီတွင် ပြိုင်ပွဲစုံ (၇၃) ပွဲအထိ ကစားရဖွယ်ရှိနေပြီး ပုံစံသစ်ဖြင့် ကျင်းပမည့် ဖီဖာကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲပါ ကစားမည်ဆိုပါက ဇူလိုင်လအထိ ကစားရမည်ဖြစ်သည်။ 

ရိုဒရီက ဘောလုံးသမားများသည် အရာဝတ္ထုများကဲ့သို့ ဆက်ဆံခံနေရပြီး အနားယူချိန်နည်းပါးခြင်းကို အဝတ်လဲခန်းအတွင်း ဆွေးနွေးလေ့ရှိကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ 

ရိုဒရီက "ကျွန်တော်တို့(ဘောလုံးသမားတွေ) ဆန္ဒပြဖို့ နီးစပ်နေပြီလို့ ထင်ပါတယ်။ ဘာကြောင့်လဲဆိုတာကို နားလည်ဖို့လွယ်ပါတယ်။ ဘယ်ကစားသမားကိုပဲမေးမေး တူညီတဲ့ အဖြေကိုပဲ ရမှာပါ။ ဘောလုံးပွဲစဉ်ဇယား အခုလိုပဲ ကျပ်တည်းနေမယ်ဆိုရင် ကျွန်တော်တို့ အနေနဲ့ ရွေးစရာမရှိ ဖြစ်လာပါလိမ့်မယ်။ ဒါကို ကျွန်တော် စိုးရိမ်ပါတယ်။ ကျွန်တော်တို့ကို ဂရုစိုက်မယ့်သူ လိုပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ဟာ အားကစား ဒါမှမဟုတ် ခင်ဗျားတို့ခေါ်တဲ့ စီးပွားရေးရဲ့ အဓိကဇာတ်ဆောင်တွေ ဖြစ်ပါတယ်။ အရာအားလုံးက ပိုက်ဆံ ဒါမှမဟုတ် Marketing ချည်းပဲ မဟုတ်ပါဘူး။ ကျွန်တော်တို့အနေနဲ့ ပရိသတ်တွေကို စွမ်းရည်အပြည့်နဲ့ ဖျော်ဖြေမှုပေးဖို့လည်း လိုပါတယ်"ဟု ပြောကြားခဲ့သည်။ 

UEFA ၏ ချန်ပီယံလိဂ် Format သစ်ကို လီဗာပူးလ်ဂိုးသမား အယ်လစ်ဆန်လည်း ဝေဖန်ခဲ့ပြီး ယခုအခါ ရိုဒရီကပါ ဝေဖန်ခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ရိုဒရီက ဘောလုံးသမားများ အတွက် အနားယူရန် အရေးကြီးကြောင်း ယခုရာသီတွင် ခြေစွမ်းပြနေသည့် ဟာလန်းကို ဥပမာပေးကာ ရှင်းပြခဲ့သည်။ 

ရိုဒရီက ယခုရာသီတွင် ဟာလန်းအနေဖြင့် မန်စီးတီးအသင်းအတွက် ခြေစွမ်းပြဂိုးများသွင်းနေခြင်းမှာ ယူရိုပြိုင်ပွဲ မကစားရသဖြင့် အနားယူချိန်အလုံအလောက်ရခြင်းကြောင့်ဖြစ်သည်ဟု ပြောကြားခဲ့သည်။ 


READ NEXT
Cancel OK