Top News

အသင်းဖော်များနှင့် အောင်ပွဲမခံခဲ့သဖြင့် ဂိုးမက်ဇ် အရေးယူခံရ
24htopnews | September 18, 2024 8:12 PM CST

အတ္တလန်တာအသင်းခေါင်းဆောင် ပါပူဂိုးမက်ဇ်သည် ပြီးခဲ့သည့်ဂျူဗင်တပ်စ်အသင်းနှင့် (၁-၁)ဂိုး သရေကျခဲ့သော စီးရီးအေပွဲတွင် အသင်းဖော်များနှင့်အတူ အောင်ပွဲမခံခဲ့သဖြင့်  ပွဲကစားခွင့်ပိတ်ပင်ခံခဲ့ရသည်။

ဂိုးမက်ဇ်သည် အတ္တလန်တာအသင်းနည်းပြ ဂတ်စ်ပါရီနီနှင့်  ဆက်ဆံရေးမပြေမလည်ဖြစ်နေပြီး ပုံမှန်ပွဲထွက်ခွင့်ပျောက်ဆုံးနေသလို၊ အတ္တလန်တာအသင်းမှထွက်ခွာရန်လည်း နီးစပ်နေသည်။

ဂျူဗင်တပ်စ်အသင်းနှင့်ပွဲစဉ်တွင် အတ္တလန်တာအသင်းအတွက် ချေပဂိုးကို ဖရူလာက သွင်းယူပေးခဲ့ပြီးနောက် အသင်းဖော်များအောင်ပွဲခံနေချိန်တွင် ဂိုးမက်ဇ်သည် ကွင်းလယ်စည်း၌ အောင်ပွဲမခံဘဲ တစ်ကိုယ်တည်း မတ်တပ်ရပ်နေခဲ့ကြောင်း သိရသည်။

အဆိုပါ အပြုအမူအတွက် ဂတ်စ်ပါရီနီက စိတ်ပျက်ဒေါသထွက်ခဲ့ပြီး ဂိုးမက်ဇ်၏အခြေအနေနှင့် ပတ်သက်၍ အသင်းတာဝန်ရှိသူများနှင့် တိုင်ပင်ခဲ့ပြီးနောက် ပွဲကစားခွင့်ပိတ်ပင်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ဂိုးမက်ဇ်သည် ရိုးမားအသင်းနှင့်ကစားသည့်ပွဲကို လွဲချော်ခဲ့သလို၊ သူ၏အေးဂျင့်ဖြစ်သူမှာလည်း ရက်ပိုင်းအတွင်း  အတ္တလန်တာအသင်းတာဝန်ရှိသူများနှင့် တွေ့ဆုံ၍ အပြောင်းအရွှေ့ကိစ္စဆွေးနွေးသွားဖွယ် ရှိနေသည်။

ဂိုးမက်ဇ်နှင့် ဂတ်စ်ပါရီနီသည် မစ်ဂျီလန်းအသင်းနှင့် ချန်ပီယံလိဂ်ပွဲပထမပိုင်းပြီးဆုံးချိန်တွင် အချင်းများခဲ့ခြင်း ဖြစ်သည်။

ဂတ်စ်ပါရီနီက ဂိုးမက်ဇ်နေရာအစားဝင်နိုင်သည့် အသင်းခေါင်းဆောင်များစွာရှိကြောင်း ရိုးမားနှင့်ပွဲမတိုင်မီ ပြောကြားခဲ့သည်။


READ NEXT
Cancel OK