Top News

မြန်မာ ယူ-၂၀ အသင်း ထိုင်းခရီးစဉ်အပြီး ပြန်လည်လေ့ကျင့်နေပြီး အာရှဖလားခြေစစ်ပွဲယှဉ်ပြိုင်ရန် စက်တင်ဘာ ၂၁ ရက် ထွက်ခွာမည်
24htopnews | September 18, 2024 2:12 PM CST

 

မြန်မာ ယူ-၂၀ အသင်းသည် ထိုင်းခြေစမ်းခရီးစဉ်အပြီး စက်တင်ဘာ ၁၆ ရက်မှစ၍ ရန်ကုန်မြို့၌ ပြန်လည်လေ့ကျင့်လျက်ရှိကြောင်း သိရသည်။

မြန်မာ ယူ-၂၀ အသင်းသည် ယခုလကုန်ပိုင်းယှဉ်ပြိုင်ရမည့် ၂၀၂၄ အာရှဖလား ယူ-၂၀ ခြေစစ်ပွဲအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် စက်တင်ဘာ ၁ ရက်မှ ၁၄ ရက်အထိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ သွားရောက်လေ့ကျင့်ခဲ့ပြီး ခြေစမ်းပွဲ သုံးပွဲကစား ရာ တစ်ပွဲနိုင်၊ တစ်ပွဲသရေ၊ တစ်ပွဲရှုံးနိမ့်ခဲ့သည်။

မြန်မာ ယူ-၂၀ အသင်းသည် အာရှဖလားခြေစစ်ပွဲယှဉ်ပြိုင်မည့် ဘာရိန်း ယူ-၂၀ အသင်း၊ ကမ္ဘောဒီးယား ယူ-၂၀ အသင်းအပါ အဝင် ထိုင်းလိဂ်-၃ ကလပ် ကာဆမ်ဘမ်ဒစ်တက္ကသိုလ်အသင်းတို့နှင့် ခြေစမ်းကစားခဲ့ခြင်းဖြစ်သည်။ မြန်မာ ယူ-၂၀ အသင်းသည် ထိုင်းလိဂ်-၃ ကလပ်ကို ငါးဂိုးပြတ်အနိုင်ရသော်လည်း ကမ္ဘောဒီးယား ယူ-၂၀ အသင်း နှင့် နှစ်ဂိုးစီသရေကျကာ ဘာရိန်း ယူ-၂၀ အသင်းကို (၃-၁) ဂိုးဖြင့် အရေးနိမ့်ခဲ့သည်။ 

မြန်မာ ယူ-၂၀ အသင်းသည် ထိုင်းခြေစမ်းခရီးစဉ်သို့ ကစားသမား ၂၄ ဦးခေါ်ဆောင်သွားသော်လည်း ဒဏ်ရာရကစားသမားအချို့ ရှိခဲ့သဖြင့် ဒဏ်ရာရသူများကို ချန်လှပ်ကာ အပြီးသတ်ကစားသမား ၂၃ ဦး ရွေးချယ်မည် ဖြစ်သည်။ မြန်မာ ယူ-၂၀ အသင်းသည် စက်တင်ဘာ ၂၅ ရက်မှ ၂၉ ရက်အထိ ကျင်းပမည့် အာရှဖလား ယူ-၂၀ ခြေစစ်ပွဲ ယှဉ်ပြိုင်ရမည် ဖြစ်ပြီး မြန်မာအသင်းပါဝင်သည့် အုပ်စု (I) ပွဲစဉ်များကို ကာဂျစ္စတန်နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည်ဖြစ်သည်။ 

မြန်မာအသင်းသည် ဂျပန်၊ ကာဂျစ္စတန်၊ တာ့ခ်မင်နစ္စတန်အသင်းတို့နှင့် တစ်အုပ်စုတည်း ကျရောက်နေပြီး အုပ်စုကျပ်အတွင်း ကျရောက်နေသောကြောင့် ခြေစစ်ပွဲအောင်မြင်ရန် ရုန်းကန်ရဖွယ်ရှိနေသည်။ ခြေစစ်ပွဲကို အုပ်စု ၁၀ ခုခွဲ၍ ကျင်းပမည်ဖြစ်ပြီး အုပ်စုတစ်ခုစီမှ ထိပ်ဆုံး ၁၀ သင်းနှင့် ဒုတိယနေရာရအသင်းများအနက် အကောင်းဆုံး ငါးသင်း ခြေစစ်ပွဲ အောင်မြင်မည်ဖြစ်သည်။

မြန်မာ ယူ-၂၀ အသင်းသည် ယခုနှစ်အတွင်း ဒုတိယမြောက် နိုင်ငံတကာပြိုင်ပွဲအဖြစ် အာရှဖလားခြေစစ်ပွဲ ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အာဆီယံ ယူ-၁၉ ပြိုင်ပွဲတွင် အုပ်စုအဆင့်မှ ထွက်ခဲ့ရသည်။ 


READ NEXT
Cancel OK