Top News

အနောက်အုပ်စု၏ ဆန်ရှင်ကျည်ဆန်နှင့် ရုရှား၏ စွမ်းအင်ကျည်ဆန်
24htopnews | September 18, 2024 1:12 AM CST

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်၌ စတင်ခဲ့သော ရုရှား-ယူကရိန်းစစ်ပွဲကို အကြောင်းပြု၍ အမေ ရိကန်ပြည်ထောင်စုအပါအဝင် အနောက်နိုင်ငံများက ရုရှားအပေါ် စီးပွားရေးအရ တားဆီးကန့်သတ် ပိတ် ဆို့မှုများ (Sanctions) ချမှတ်ခဲ့သည်။ ရုရှားနှင့် အဆိုပါနိုင်ငံများ အကြား ထုတ်ကုန်/သွင်းကုန်နှင့် တင်ပို့ ကုန်/တင်သွင်းကုန်ဆိုင်ရာ တားဆီးမှုမျိုးစုံ ပြုလုပ်ခဲ့သည့်တိုင် အချို့သောနိုင်ငံများက ရုရှား၏ သဘာဝ ဓာတ်ငွေ့၊ ရေနံတို့နှင့်ပတ်သက်သော ကုန်သွယ်ရေးဆိုင်ရာ အရောင်းအဝယ်အချို့ကို ဆန်ရှင်အတွင်း မထည့်သွင်းခဲ့ကြပေ။

သို့သော် စစ်ပွဲကာလတာရှည် လာသည်နှင့်အမျှ ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်အကျပ်အတည်း ပိုမိုကြီး မားလာသည်သာမက ရုရှားကလည်း သူ၏ စွမ်းအင်အရင်းအမြစ်ကို မဟာဗျူဟာမြောက် လက်နက်တစ် ရပ်အဖြစ် ထဲထဲဝင်ဝင် အသုံးချလာသည်ကို တွေ့ရသည်။

မဟာဗျူဟာမြောက် ကုန်စည်များဆိုသည်မှာ စစ်ရေးရည်ရွယ်ချက်နှင့် ပတ်သက်၍ဖြစ်စေ၊ အရပ်ဘက်၊ စစ်ဘက်ဆိုင်ရာ ရည်ရွယ်ချက်တစ်ရပ်အရဖြစ်စေ၊  လက်နက် ထုတ်လုပ်ရေးနှင့် သို့မဟုတ် အဖျက်စွမ်းအား ကြီးမားသော လက်နက်များ ထုတ်လုပ်ရာတွင်ဖြစ်စေ ထည့်သွင်း အသုံးပြုနိုင်သည့်အတွက်  တစ်နိုင်ငံနှင့်တစ်နိုင်ငံ တင်ပို့ ရောင်းချမှုပြုရာတွင် အထူးခွင့်ပြုချက် ရယူရန်လိုအပ်သော ထုတ်ကုန်များ ဖြစ် သည်။

ရုရှားအပေါ် အမေရိကန်နှင့် အနောက်နိုင်ငံများက စီးပွားရေး ပိတ်ဆို့မှုကို စစ်ရေးလက်နက်သဖွယ် အသုံးပြုလာချိန်၌ ရုရှားကလည်း ဤနိုင်ငံများ၏ နေ့စဉ်စားဝတ်နေရေးအတွက် အသက်သွေးကြောသ ဖွယ်ဖြစ်သော ဓာတ်ငွေ့ရောင်းချမှုအပေါ်ကန့်သတ်ချက်များ ‘ကိုင်တွယ်’ လာသည်ကို တွေ့မြင်ရသည်။

 

ရုရှား၏ စွမ်းအင်ရင်းမြစ်များ

ရုရှားသည် စွမ်းအင်အရင်းအမြစ် ပေါများကြွယ်ဝသော နိုင်ငံဖြစ်သည်။ ကမ္ဘာပေါ်တွင် သဘာဝဓာတ်ငွေ့နှင့် ကျောက်မီးသွေး အရန်သိုက် အကြီးမားဆုံး၊ ရေနံအဋ္ဌမမြောက် အများဆုံး ပိုင်ဆိုင်ထားသည်။ တစ်ဖန် ခရိုင်းမီးယားကို ရုရှားက သိမ်းပိုက်ပြီးနောက် ပင်လယ်နက်နှင့် ဝန်းကျင်ဒေသမှ စွမ်းအင်ဆိုင်ရာ ရင်း မြစ်များစွာ၏ ကာလတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ထရီလျံနှင့် ချီကာ ရုရှား၏ စီမံပိုင်ခွင့်အတွင်း ရောက်ရှိသွားခဲ့သည်။ ကမ္ဘာ့ဓာတ်ငွေ့ ၏  ၃၂ ရာခိုင်နှုန်း၊ ကမ္ဘာ့ရေနံ၏ ၁၂ ရာခိုင်နှုန်း၊  ကမ္ဘာ့ကျောက်မီး သွေး၏ ၁၀ ရာခိုင်နှုန်းနှင့် ကမ္ဘာ့ ယူရေနီယမ်၏ ရှစ်ရာခိုင်နှုန်းကို ရုရှားက ပိုင်ဆိုင်သည်။

ရုရှားသဘာဝဓာတ်ငွေ့၏ ၉၄ ရာခိုင်နှုန်းကို အစိုးရပိုင် Gazprom ကုမ္ပဏီက အဓိကထုတ်လုပ်သည်။ ၂၀၁၉ ခုနှစ် စာရင်းအရ ဓာတ်ငွေ့ အရောင်းတန်ဖိုး အမေရိကန် ဒေါ်လာ ၁၂၀ ဘီလျံရှိပြီး Forbes Global ၏ ၂၀၂၀ ခု၊ တန်းစီဇယား၌ ကမ္ဘာအဆင့် ၃၂ ရှိသော ကုမ္ပဏီဖြစ်သည်။ Gazprom သည် ၂၀၁၁ ခုနှစ်အတွင်း ကမ္ဘာ့ဓာတ်ငွေ့၏ ၂၅ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပြီး ကမ္ဘာ့ဓာတ်ငွေ့အထွက်၏ ၁၆ ရာခိုင်နှုန်းကို ယင်း ကုမ္ပဏီက ရောင်းချခဲ့သည်။ ရုရှား၏ ဓာတ်ငွေ့ထုတ်လုပ်မှု စုစုပေါင်းမှာ ဘီလျံပေါင်း ၆၇၇ ကုဗမီတာ ရှိပြီး ပြည်ပသို့ ဓာတ်ငွေ့ဘီလျံပေါင်း ၁၉၆ ကုဗမီတာ တင်ပို့ခဲ့၏။ အဓိကတင်ပို့ခဲ့သော နိုင်ငံများမှာ ဥရောပသမဂ္ဂနှင့် လွတ်လပ်သော ဓနသဟာယနိုင်ငံများ (The Commonwealth of Independent States-CIS) ဖြစ်သည်။ ရုရှား၏ သဘာဝဓာတ်ငွေ့အပေါ် အဓိက မှီခိုအားထားနေရသော နိုင်ငံများမှာ ဂျာမနီ၊ ယူကရိန်း၊ ဘီလာရုစ်၊ အီတလီ၊ တူရကီ၊ ပြင်သစ်နှင့် ဟန်ဂေရီတို့ ဖြစ်ကြသည်။

ကမ္ဘာ့ရေနံရောင်းနိုင်ငံများ (OPEC) အဖွဲ့ဝင်မဟုတ်သော တိုင်းပြည်များတွင် ရုရှားသည် ပြုပြင်ပြီး ရေနံအများဆုံးထုတ်လုပ်သော နိုင်ငံဖြစ်သည်။ တစ်နိုင်ငံချင်းယှဉ်သော် ဆော်ဒီအာရေဗျပြီးလျှင် ဒုတိ ယမြောက် ရေနံထုတ်လုပ်သည့်အတွက်၊ ကမ္ဘာ့ရေနံထုတ်လုပ်မှု၏ ၁၂.၁ ရာခိုင်နှုန်း၊ ကမ္ဘာလုံးဆိုင်ရာ ရေနံတင်ပို့မှု၏ ၁၁.၆ ရာခိုင်နှုန်းကို ရုရှားက စွမ်းဆောင်လျက်ရှိသည်။ ဆိုဗီယက်ယူနီယံ ခေတ်လွန်ကာလ၌ ထုတ်လုပ်မှုကို တစ်ရစ်ချင်း မြှင့်တင်နိုင်ခဲ့ရာ တစ်ရက်လျှင် ရေနံစိမ်း စည်ပေါင်း ၉.၇ သန်းအထိ ထုတ် လုပ်နိုင်ခဲ့သည်။ တစ်ဖန် ကာဇက်စတန်နိုင်ငံမှ ရေနံများကို ရုရှားနိုင်ငံမှ တစ်ဆင့် အဓိကဖြတ်သန်း ပို့ဆောင် ရသည်။ ဒေသအလိုက် ရေနံပိုက်လိုင်းများ၊ ရေနံထွက်ပစ္စည်းပိုက်လိုင်းများကို ရုရှားအစိုးရပိုင် ကုမ္ပဏီကြီးများ က အဓိကကိုင်တွယ်ထားပြီး ဆီရီးယား အရှေ့ပိုင်း၌ ဆောက်လုပ်ခဲ့သော ပစိဖိတ်သမုဒ္ဒရာ ရေနံပိုက်လိုင်းမှာ ရုရှားရေနံများကို အာရှ-ပစိဖိတ် စျေးကွက် (တရုတ်၊ ဂျပန်နှင့် ကိုရီးယား) သို့ Transneft ကုမ္ပဏီက ပို့ ဆောင်ပေးလျက်ရှိသည်။

ရုရှားသည် ကျောက်မီးသွေး တန်ချိန်ပေါင်း ၁၅၇ ဘီလျံကို ပိုင်ဆိုင်ထားပြီး ကမ္ဘာ့ဒုတိယ အကြွယ်ဝဆုံး ကျောက်မီးသွေးသိုက်ပိုင်ရှင် ဖြစ်သည်။ ပယ်ချိုရာနှင့် ကူဇနက် မြစ်ဝှမ်းဒေသများမှ ကျောက်မီးသွေး စီးပွားဖြစ်ထွက်ရှိသည်။ ကန်စ်အာ ချင့်မြစ်ဝှမ်း၌ ကျောက်မီးသွေးညိုများ တွေ့ရပြီး စီးပွားရေးအရ တွက် ခြေမကိုက်၍ မထုတ်ယူနိုင်သေးသော ကျောက်မီးသွေးသိုက်များကို ဆစ်ဘာရီယန်နှင့် တွန်ဂူဆကာ မြစ် ဝှမ်းဒေသများ၌ တွေ့ရသည်။

 

ရုရှားထံမှ စွမ်းအင်ထွက်ကုန်ဝယ်ယူသူများ

၂၀၂၀ ပြည့်နှစ်စာရင်းအရ ကမ္ဘာ့ဓာတ်ငွေ့ အများဆုံး တင်ပို့ခဲ့သော နိုင်ငံများမှာ ရုရှား (ကုဗမီတာ သန်းပေါင်း - ၁၉၉ç၉၂၈)၊ အမေရိကန် (ကုဗမီတာ သန်းပေါင်း - ၁၄၉,၅၃၈)၊ ကာတာ (ကုဗမီတာ သန်းပေါင်း - ၁၄၃,၇၀၀)၊ နော်ဝေ (ကုဗမီတာ သန်းပေါင်း - ၁၁၂,၉၅၁)၊ သြစတြေးလျ (ကုဗမီတာ သန်းပေါင်း - ၁၀၂,၅၆၂)၊ ကနေဒါ (ကုဗမီတာ သန်းပေါင်း - ၇၀,၉၃၂)၊ ဂျာမနီ (ကုဗမီတာ သန်းပေါင်း - ၅၀,၀၉၂)၊ နယ်သာလန် (ကုဗမီတာ သန်းပေါင်း - ၃၉,၉၇၆)၊ အယ်လ်ဂျီးရီးယား (ကုဗမီတာ သန်းပေါင်း - ၃၄,၄၅၉)၊ နိုင်ဂျီးရီးယား (ကုဗမီတာ သန်းပေါင်း - ၃၅,၅၈၆) တို့ဖြစ်ကြသည်။

ဓာတ်ငွေ့တင်ပို့ရောင်းချသူများ ဖိုရမ် (Gas Exporting Countries Forum-GECF) ကို ရုရှား အပါအဝင် အယ်လ်ဂျီးရီးယား၊ ဘိုလစ်ဗီးယား၊ အီဂျစ်၊ ဂါနာ၊ အီရန်၊ လစ်ဗျား၊ နိုင်ဂျီးရီးယား၊ ကာတာ၊ ထရီနီဒက်၊ တိုဘာဂိုစသော အဖွဲ့ဝင် ၁၁ နိုင်ငံဖြင့် ဖွဲ့စည်းထားသည်။

ဥရောပသည် ရုရှားထံမှ ဓာတ်ငွေ့နှင့် ရေနံကို အဓိက မှီခိုနေသူများ ဖြစ်သည်။ ၂၀၂၁ ခုနှစ်စာရင်း အရ ဥရောပတိုက်သားတို့ သုံးစွဲနေသော ဓာတ်ငွေ့၏ ငါးပုံနှစ်ပုံကို ရုရှားထံမှ ရရှိသည်။ တစ်ဖန် ဥရောပသမဂ္ဂ (EU) မှ တင်သွင်းသော ရေနံစိမ်း၏ လေးပုံတစ်ပုံကို ရုရှားထံမှ ဝယ်ယူသည်။

ဥရောပသမဂ္ဂအဖွဲ့ဝင်များထဲမှ ရုရှား၏ဓာတ်ငွေ့ကို အဓိက တင်သွင်းနေရသော နိုင်ငံများမှာ ဂျာမနီ နှင့် အီတလီတို့ ဖြစ်ကြပြီး EU တင်သွင်းမှု၏ ထက်ဝက်နီးပါးမှာ ထိုနှစ်နိုင်ငံက ဝယ်ယူခြင်းဖြစ်သည်။ ရုရှား ဓာတ်ငွေ့ကို တင်သွင်းရသော အခြား နိုင်ငံများမှာ ပြင်သစ်၊ ဟန်ဂေရီ၊ ချက်သမ္မတနိုင်ငံ၊ ပိုလန်၊ သြစတြီး ယားနှင့် ဆလိုဗက်ကီးယားတို့ ဖြစ်ကြသည်။

၂၀၂၁ ခုနှစ်စာရင်းဇယားအရ EU နိုင်ငံများ၏ သဘာဝဓာတ်ငွေ့ တင်သွင်းရာ ရင်းမြစ်၏ ၄၅ ရာခိုင်နှုန်းမှာ ရုရှားထံမှဖြစ်သည်။ ရုရှားသည် ဥရောပသို့ ပိုက်လိုင်း ၁၂ ခုဖြင့် ဓာတ်ငွေ့ဖြန့်ဖြူးပေးနေခြင်းဖြစ်ပြီး တိုက်ရိုက်ပိုက်လိုင်းသုံးခု (ဖင်လန်၊ အက်စတိုနီးယားနှင့် လတ်ဗီးယား)၊ ဘီလာရုစ်ကို ဖြတ်သန်းသော ပိုက် လိုင်းလေးခု (လစ်သူယေးနီးယားနှင့် ပိုလန်သို့)၊ ယူကရိန်းကို ဖြတ်သန်းသော ပိုက်လိုင်းငါးခု (ဆလိုဗက်ကီး ယား၊ ရိုမေးနီးယား၊ ဟန်ဂေရီနှင့် ပိုလန်သို့) ဖြစ်ကြသည်။ ၂၀၁၁ ခုနှစ်၌ ပင်လယ်နက်ကို ဖြတ်သန်းလျက် ဂျာမနီသို့ ဓာတ်ငွေ့တိုက်ရိုက်ပေးပို့သော Nord Stream ပိုက်လိုင်းကို ဖွင့်လှစ်ခဲ့သည်။

၂၀၁၇ ခုနှစ်မှစတင်၍ ရုရှားသည် ဥရောပအတွက် သဘာဝဓာတ်ငွေ့ရည် (Liquefied Natural Gas-LNG) ရောင်းချသူ ဖြစ်လာပြီးနောက် Yamal LNG ကုမ္ပဏီလုပ်ငန်းများကို ထိုနှစ်အတွင်း စတင်ခဲ့သည်။ နောက်ပိုင်းနှစ်များ၌ ဥရောပသို့ တင်ပို့သော ရုရှားဓာတ်ငွေ့၏ ခြောက်ရာခိုင်နှုန်းမှာ LNG ဓာတ် ငွေ့အရည်များဖြစ်သည်။

တစ်ဖန် ရေနံတင်ပို့နေသော ကမ္ဘာ့နိုင်ငံများကို လေ့လာကြည့်လျှင် ဆော်ဒီအာရေဗျ (အမေရိကန် ဒေါ်လာ ၁၁၃.၇ ဘီလျံ၊ ကမ္ဘာ့စျေးကွက်၏ ၁၇.၂ ရာခိုင်နှုန်း)၊ ရုရှား (အမေရိကန် ဒေါ်လာ ၇၂.၆ ဘီလျံ၊ ကမ္ဘာ့စျေးကွက်၏ ၁၁ ရာခိုင်နှုန်း)၊ အီရတ် (အမေရိကန် ဒေါ်လာ ၅၀.၈ ဘီလျံ၊ ကမ္ဘာ့စျေးကွက်၏ ၇.၇ ရာ ခိုင်နှုန်း)၊ အမေရိကန် (အမေရိကန် ဒေါ်လာ ၅၀.၃ ဘီလျံ၊ ကမ္ဘာ့စျေးကွက်၏ ၇.၆ ရာခိုင်နှုန်း)၊ ယူအေအီး (အမေရိကန် ဒေါ်လာ ၄၇.၉ ဘီလျံ၊ ကမ္ဘာ့စျေးကွက်၏ ၇.၂ ရာခိုင်နှုန်း)၊ ကနေဒါ (အမေရိကန် ဒေါ်လာ ၄၇.၆ ဘီလျံ၊ ကမ္ဘာ့စျေးကွက်၏ ၇.၂ ရာခိုင်နှုန်း)၊ ကူဝိတ် (အမေရိကန် ဒေါ်လာ ၂၈.၃ ဘီလျံ၊ ကမ္ဘာ့စျေးကွက်၏ ၄.၃ ရာခိုင်နှုန်း)၊ နိုင်ဂျီးရီးယား (အမေရိကန် ဒေါ်လာ ၂၅.၂ ဘီလျံ၊ ကမ္ဘာ့စျေးကွက်၏ ၃.၈ ရာခိုင်နှုန်း)၊ ကာဇက်စတန် (အမေရိကန် ဒေါ်လာ ၂၃.၇ ဘီလျံ၊ ကမ္ဘာ့စျေးကွက်၏ ၃.၆ ရာခိုင်နှုန်း)၊ နော်ဝေ (အမေရိကန် ဒေါ်လာ ၂၂.၇ ဘီလျံ၊ ကမ္ဘာ့စျေးကွက်၏ ၃.၄ ရာခိုင်နှုန်း) ဟု အစဉ်လိုက် တွေ့ရမည်။

ရုရှား၏ ရေနံ အဓိက တင်ပို့ ရောင်းချသော နိုင်ငံများမှာ ဥရောပ နှင့် တရုတ်ဖြစ်သည်။ ပြည်ပရေနံ တင်ပို့မှု၏ ရာခိုင်နှုန်း ၉၀ ဖြစ်သည်။ ရုရှားသည် ပင်လယ်ရေကြောင်းနှင့် ပိုက်လိုင်းများကို သုံးစွဲကာ တစ်ရက်လျှင် ရေနံစိမ်းစည်ပေါင်း ၂.၈၅ သန်းကို ပို့ဆောင်လျက် ရှိသည်။

ဥရောပနိုင်ငံများသည် ရေနံကို အများဆုံးဝယ်ယူပြီး လောင်စာဆီ အဆင့် ရေနံကို ဝယ်ယူသည့် တစ်ခု တည်းသောနိုင်ငံမှာ တရုတ်နိုင်ငံ ဖြစ်သည်။ ရုရှားရေနံကို အဓိက ဝယ်ယူကြသော ကမ္ဘာ့နိုင်ငံများမှာ ဂျာမနီ၊ နယ်သာလန်၊ အမေရိကန်၊ ပိုလန်နှင့် တောင်ကိုရီးယားတို့ ဖြစ်ကြသည်။ ဥရောပပြင်ပမှ ရုရှား ရေနံ ဝယ်ယူသည့် တရုတ်နှင့် အမေရိကန် နိုင်ငံတို့ ရှိနေသည့်တိုင် ၂၀၂၁ ခုနှစ် နိုဝင်ဘာစာရင်းအရ  ဥရောပနိုင်ငံ များ၏ ရေနံတင်သွင်းမှုမှာ အမေရိကန်ပြည်ထောင်စု၏ ခုနစ်ဆအထိ မြင့်မားပါသည်။ အချို့သော အရှေ့ ဥရောပနိုင်ငံများမှာ ရုရှား၏ ရေနံ အပေါ် အပြည့်အဝ မှီခိုနေရသည်။

နိုင်ငံအလိုက် ရေနံသုံးစွဲမှု စုစုပေါင်းမှ ရုရှားရေနံအပေါ် မှီခိုနေရသော ရာခိုင်နှုန်းများမှာ လစ်သူယေး နီးယား (၈၃ ရာခိုင်နှုန်း)၊ ဖင်လန် (၈၀ ရာခိုင်နှုန်း)၊ ဆလိုဗက်ကီးယား (၇၄ ရာခိုင်နှုန်း)၊ ပိုလန် (၅၈ ရာခိုင်နှုန်း)၊ ဟန်ဂေရီ (၄၃ ရာခိုင်နှုန်း)၊ အက်စတိုနီးယား (၃၄ ရာခိုင်နှုန်း)၊ ဂျာမနီ (၃၀ ရာခိုင်နှုန်း)၊ နော်ဝေ (၂၅ ရာခိုင်နှုန်း)၊ ဘယ်လ်ဂျီယမ် (၂၃ ရာခိုင်နှုန်း)၊ တူရကီ (၂၁ ရာခိုင်နှုန်း)၊ ဒိန်းမတ် (၁၅ ရာခိုင်နှုန်း) နှင့် စပိန် (၁၁ ရာခိုင်နှုန်း) တို့ ဖြစ်ကြသည်။

ရုရှားသည် ရေနံသာမက ကျောက်မီးသွေး၊ သဘာဝဓာတ်ငွေ့နှင့် ရေနံထွက်ပစ္စည်းများ အဓိက ထုတ်လုပ်သော နိုင်ငံဖြစ်သည်။ ရုရှား၏ သဘာဝတွင်းထွက် လောင်စာဆီလုပ်ငန်းသည် ၂၀၁၉ ခုနှစ်၌ ရေနံစည်ပေါင်း ၁၁ ဘီလျံမှ လောင်စာချက်လုပ် ထုတ်ယူခဲ့ကြောင်း နိုင်ငံတကာ စွမ်းအင်အဖွဲ့အစည်း (IEA) က ဖော်ပြခဲ့သည်။

ဥရောပနိုင်ငံ အများစုအနေနှင့် စွမ်းအင်နှင့် ရာသီဥတုဒဏ်ခံနိုင်သော အနွေးဓာတ်ရရှိရန် အလို့ငှာ ရုရှား၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ကို သုံးစွဲကြရသည်။ ထို့ပြင် ရုရှား ရေနံကိုချက်လုပ်ကာ ဓာတ်ဆီနှင့် အခြားရေနံထွက် ကုန်ချောများ ထုတ်လုပ်ရသည်။

၂၀၂၁ ခုနှစ်၌ EU သည် ရုရှား ထံမှ စွမ်းအင်ရင်းမြစ်တန်ဖိုး အမေရိကန် ဒေါ်လာ ၁၀၈ ဘီလျံ (ယူရို ၉၉ ဘီလျံ) ဖိုး ဝယ်ယူခဲ့သည်။ လွန်ခဲ့သော ဆယ်စုနှစ် ၂၀၁၂ ခုနှစ် က EU သည် ရုရှားထံမှ  အမေရိကန် ဒေါ်လာ ၁၇၃ ဘီလျံ (ယူရို ၁၅၇ ဘီလျံ) ထိ စွမ်းအင်ရင်းမြစ်များကို ဝယ်ယူခဲ့ရသည်။

 

ယူကရိန်းစစ်ပွဲနှင့် ဆန်ရှင်၊ စွမ်းအင်

ရုရှားတို့၏ အထူးစစ်ဆင်ရေး စတင်ချိန်၊ ယူကရိန်းနိုင်ငံအတွင်းသို့ ရုရှားတပ်များ ကျူးကျော်ဝင်ရောက် သည်မှစ၍ အမေရိကန်ဦးဆောင်သော ကမ္ဘာ့နိုင်ငံများက ရုရှားအပေါ် တားမြစ်ကန့်သတ် ပိတ်ဆို့မှုများ (Sanctions) ချမှတ်ခဲ့သည်။

၂၀၂၂ခုနှစ် မတ် ၁၁ ရက်တွင် အမေရိကန်ပြည်ထောင်စု၊ EU နှင့် G7 နိုင်ငံများက ရုရှားအပေါ် စီးပွားရေးအရ ပိုမိုတင်းကျပ် ကန့်သတ် ပိတ်ဆို့ခဲ့ရာ (၁) ရုရှားအား အထူးအခွင့်အရေးပေး နိုင်ငံအဆင့်မှ ပယ်ဖျက်ခြင်း၊ (၂) ဘဏ္ဍာရေးအဖွဲ့အစည်းပေါင်းစုံက အထူးအခွင့်အရေးပေး ချေးငှားမှုများကို ငြင်းဆိုခြင်း၊ (၃) ရုရှား ရေပေါ်ဆီသူဋ္ဌေးများနှင့် မိသားစုဝင်များကို အပြည့်အဝ ပိတ်ဆို့အရေးယူခြင်း၊ (၄) ရုရှားနိုင်ငံသို့ ဇိမ်ခံပစ္စည်း တင်ပို့မှုများကို ရပ်ဆိုင်းခြင်း၊ (၅) ရုရှားစီးပွားရေး ရေခံမြေခံမှ ပေါ်ထွက်လာသော ကဏ္ဍပေါင်းစုံရှိ ကုန်စည်များ အမေရိကန်သို့ တင်သွင်းခွင့် ပိတ်ပင်ခြင်း၊ (၆) ကိုင်တွယ် သုံးစွဲနေသော ငွေကြေးအပါအဝင် ဆန်ရှင်ချမှတ်မှုမှ ရှောင်တိမ်းသွားခြင်း ဖြစ်ပေါ်မလာစေရန် ဘဏ္ဍာရေးဌာနသို့ လမ်းညွှန်ချက်ပေးခြင်း နှင့် (၇) ရုရှားဖက်ဒရေးရှင်း စီးပွားရေး၏ မည်သည့်ကဏ္ဍ၌မဆို ရင်းနှီးမြှုပ်နှံမှုအသစ်များကို တားဆီးထိန်းချုပ်နိုင်မည့် အခွင့်အာဏာ ထူထောင်ခြင်းတို့ ပါဝင်သည်။

လက်ရှိကာလတွင် ရုရှား၏ သဘာဝရင်းမြစ်ပိုင်ဆိုင်မှုများကို ပြန်လည်စိစစ်ကြည့်သောအခါ ကမ္ဘာ့စျေးကွက်အတွင်း တစ်ရက်လျှင် ရေနံစည်သန်းပေါင်း ၇.၅ သန်း (ကမ္ဘာ့ကုန်သွယ်မှု၏ ၁၃.၃ ရာခိုင်နှုန်း) နှင့် ဘဘာဝဓာတ်ငွေ့ ကုဗမီတာ ၂၂၆  ဘီလျံ (ကမ္ဘာ့ကုန်သွယ်မှု၏ ၂၉.၇ ရာခိုင်နှုန်း) ကို ထုတ်လုပ် ရောင်းချလျက်ရှိသည်။

ရုရှားသည် ကမ္ဘာ့ကျောက်မီးသွေးတင်ပို့မှု ဒုတိယအကြီးဆုံး၊ ကမ္ဘာ့သဘာဝဓာတ်မြေသြဇာ တင်ပို့မှု တတိယအကြီးဆုံးနိုင်ငံ ဖြစ်သည်။ ထို့ပြင် ဂျုံ၊ တိုက်တေနီယမ်၊ နီကယ်နှင့် ပယ်လာဒီယမ်ကို ထိပ် တန်းတင်ပို့နေသော နိုင်ငံလည်းဖြစ်သည်။

တစ်ချိန်တည်းတွင် ရုရှားသည် စက်မှုထိပ်သီး ရှစ်နိုင်ငံအုပ်စု (G8) အဖွဲ့ဝင်နိုင်ငံဖြစ်ပြီး ကွန်ပျူတာ၊ စမတ်ဖုန်း၊ ဆယ်လူလာပစ္စည်းများ၊ ဆေးကုသမှုဆိုင်ရာ ပစ္စည်းကိရိယာများနှင့် ဆေးဝါးများကို တင်သွင်းနေရသည်။

ဆန်ရှင်၏ အရှိန်အဟုန်ကို ရုရှားအနေနှင့် ထိခိုက်ခံစားရသကဲ့သို့ ချမှတ်ခဲ့သော နိုင်ငံအသီးသီးမှာလည်း အထူးသဖြင့် လောင်စာနှင့် စွမ်းအင်ကဏ္ဍ စျေးနှုန်းများ မြင့်တက်လာခဲ့သည်။ မတ်လ ပထမပတ် အတွင်း ရေနံစျေးသည် တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၁၃၉ ဒေါ်လာ ကျော်ခဲ့ပြီး ၁၄ နှစ်တာအတွင်း အမြင့်ဆုံးစျေးနှုန်းဖြစ်သွားခဲ့၏။ အမေရိကန်က ရုရှား၏ စွမ်းအင် အရင်းအမြစ်များကို တင်သွင်းခွင့် ပိတ်မည်ဖြစ်ကြောင်း အရိပ်အမြွက်ထွက်ပေါ်လာချိန်၌ ဤသို့ စျေးတက်ခဲ့ခြင်းဖြစ်သည်။ ဥရောပမှ ခေါင်း ဆောင်များကမူ ဤလုပ်ဆောင်ချက် အပေါ်လိုလိုလားလား မရှိခဲ့ကြပါ။

နယ်သာလန်ဝန်ကြီးချုပ် မာ့က်ရ ုက “နာသာခံခက် အမှန်တရားကတော့ ကျွန်တော်တို့ဟာ ရုရှားဓာတ်ငွေ့နဲ့ ရုရှားရေနံအပေါ် အလွန်အမင်း မှီခိုနေကြရဆဲ ဖြစ်နေတာပါ။ ဥရောပကုမ္ပဏီတွေကို ရုရှားမှာ စီး ပွားရေးလုပ်နေရာကနေ ဇွတ်ထွက်ခိုင်းလိုက်ရင် ကြီးမားတဲ့အကျိုးဆက် က ယူကရိန်းအပါအဝင် ဥရောပ တိုက်သာမက တစ်ကမ္ဘာလုံး ‘သွား ထိ’ လိမ့်မယ်။ ကျွန်တော်တို့ ဖြည်းဖြည်းချင်း မှီခိုမှုလျှော့ချနိုင်ဖို့ အချိန် ယူရလိမ့်မယ်” ဟု ပြောကြားခဲ့သည်။

အမေရိကန်ပြည်ထောင်စု၌ ၂၀၀၈ ခုနှစ်အတွင်း ဓာတ်ငွေ့တစ်ဂါလန်လျှင် ၄.၁၁ ဒေါ်လာသာ ရှိခဲ့ရာ မှ ယခုအခါ ဒေသအလိုက် တစ်ဂါလန်ပေါက်စျေးများမှာ ကယ်လီဖိုးနီးယား (၅.၃၄ ဒေါ်လာ)၊ ဟာဝိုင်အီ (၄.၇၀ ဒေါ်လာ)၊ အိုရီဂွန် (၄.၅၁ ဒေါ်လာ)၊ နီဗာဒါ (၄.၅၉ ဒေါ်လာ) နှင့် ၀ါရှင်တန် (၄.၄၅ ဒေါ်လာ) အထိ မြင့်တက်လျက်ရှိသည်။

လောင်စာပြဿနာအဖြစ် ရုရှားနိုင်ငံမှ ရေနံတင်သွင်းမှုကို ဒဏ်ခတ်ပိတ်ဆို့ရန် ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများအတွင်း တောင်းဆိုမှုများ တိုးမြင့်လာပြီးနောက် မတ်လ ၂၁ ရက်၌ WTI နှင့်  ကမ္ဘာ့ရေနံစိမ်း စံနှုန်းနှစ်ခုစလုံးတွင် ရေနံစိမ်း စျေးနှုန်း ၇.၁ ရာခိုင်နှုန်းသို့ ခုန်တက် သွားခဲ့သည်။ “တကယ်လို့ ခုအတိုင်း ဖြစ်လာခဲ့ရင် EU အဖွဲ့ဝင် နိုင်ငံတွေ အနေနဲ့ ရုရှားရဲ့ရေနံကို အလွန်အကျွံ မှီခိုနေရတဲ့အတွက် အချိန်တို အတွင်းမှာ သူတို့အနေနဲ့ တခြား ရေနံရောင်းချသူကို ဘယ်လိုရှာတွေ့ နိုင်မလဲဆိုတာ ရှင်းရှင်းလင်း မသိ ရသေးပါဘူး” ဟု Commerzbank Research မှ စွမ်းအင်ပညာရှင် ကာစတန် ဖရစ်ချ်က မတ် ၂၂ ရက်၌ မှတ်ချက်ပြု ပြောကြားခဲ့သည်။

ပိတ်ဆို့မှုဆန်ရှင်လုပ်သော ဦးဆောင်နိုင်ငံများအနေနှင့် ရေနံ၊ ဓာတ်ငွေ့နှင့် လောင်စာဆီဆိုင်ရာ အခက်အခဲများ ရင်ဆိုင်နေကြရသော်လည်း ရုရှားအပေါ် မိတ်ဝတ် မပျက် ဆက်ဆံလျက်ရှိသော အိန္ဒိယ နှင့် တရုတ်နိုင်ငံတို့မှာမူ ရုရှား၏စွမ်းအင်ရင်းမြစ်များကို မူလစျေးထက် လျှော့ပေးသည့်နှုန်းထားကို ရယူနိုင်ခဲ့ကြသည်။

ကမ္ဘာ့တတိယအကြီးဆုံး ရေနံ တင်သွင်းသည့်နိုင်ငံ၊ သုံးစွဲသည့် နိုင်ငံလည်းဖြစ်သော အိန္ဒိယရှိ ရေနံ စက်ရုံများသည် ဖေဖော်ဝါရီ ၂၄ ရက်၊ စစ်ပွဲစတင်ချိန်ကတည်းက လျှော့စျေးဖြင့် ရောင်းချသည့် ရုရှား ရေနံများကို ချက်ချင်း လေလံဆွဲကာ ဝယ်ယူခဲ့ကြသည်။ အိန္ဒိယသည် ၂၀၂၁ ခုနှစ် တစ်နှစ်လုံးတွင် ရေနံ စည် ၁၆ သန်းနီးပါး ဝယ်ယူခဲ့ခြင်း ဖြစ်သော်လည်း ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်မှ စတင်ကာ ရုရှား ရေနံစည် အနည်းဆုံး ၁၃ သန်းကို ဝယ်ယူခဲ့သည်။

တရုတ်နိုင်ငံအနေနှင့် ကာဗွန် လျှော့ချရေး - ၂၀၆၀ စီမံချက်အရ ကျောက်မီးသွေးသုံးစွဲမည့် နေရာတွင် ရုရှား၏ဓာတ်ငွေ့နှင့် LNG ကို အစားထိုးနိုင်ခြင်း၊ BPနှင့် Shell ကဲ့သို့ အနောက်အုပ်စု ကုမ္ပဏီကြီးများက ရုရှားမှ ထွက်ခွာသွားသည့် အတွက် တရုတ်ကုမ္ပဏီကြီးများ နေရာဝင်ယူနိုင်ခြင်း၊ တာမင်နစ္စတန် မှ ဓာတ်ငွေ့တင်သွင်းနေရသော တရုတ်အနေနှင့် ရုရှားဓာတ်ငွေ့စျေးနှုန်းသည် တရုတ်စားသုံးသူများအတွက် အချိုသာဆုံးနှုန်းထား ဖြစ်နေခြင်း စသည့်အချက်များက တရုတ် နှင့် ရုရှားအကြား စွမ်းအင်ဆိုင်ရာ သဘောတူညီချက်အသစ်များ ရရှိလာစေရန် တွန်းအားပေးလျက်ရှိသည်။

 

ရူဘယ်ငွေနှင့် ရောင်းချမည်

စစ်ပွဲ စတင်ခဲ့သည့်  ရက်သတ္တပတ်များအတွင်း ရုရှား၏ ပိုင်ဆိုင်မှုများကို ပိတ်ဆို့ရန် အနောက်အုပ်စု က ဆုံးဖြတ်ခဲ့သည့်အတွက် ရုရှားက ဥရောပသမဂ္ဂ နိုင်ငံများနှင့်အမေရိကန်ကို ကုန်စည်ရောင်းချရာတွင် အမေရိကန်ဒေါ်လာ၊ ယူရိုငွေ စသည်တို့ဖြင့် တွက်ချက်ခြင်းမှာ အဓိပ္ပာယ်မရှိတော့ကြောင်း ရုရှား သမ္မတ ပူတင်က မတ် ၂၃ ရက်တွင်  ရုရှားအစိုးရအဖွဲ့ဝင်များနှင့် ဗွီဒီယိုဆွေးနွေးစဉ် ပြောကြားခဲ့သည်ဟု ကရင်မလင်နန်းတော် ဝက်ဘ်ဆိုက်၏ သတင်းများက ဖော်ပြခဲ့သည်။

ရုရှားအနေဖြင့် အချိန်တိုအတွင်း ဘက်စုံနည်းလမ်းများကို အကောင်အထည်ဖော်သွားမည် ဖြစ်ပြီး ပထမအနေဖြင့် ‘မိတ်ဆွေရင်းချာ မဟုတ်သည့်နိုင်ငံများ’ အား သဘာဝဓာတ်ငွေ့ရောင်းချရာတွင် ရုရှားနိုင်ငံသုံးငွေ ရူဘယ်နှင့် ပြောင်းလဲ တွက်ချက်သွားမည်ဖြစ်သည်။ ရုရှားဘက်က စာချုပ်ပါသတ်မှတ် ထားသည့် အရေအတွက်နှင့်စျေးနှုန်းအတိုင်း သဘာဝဓာတ်ငွေ့ဆက်လက်ရောင်းချ ပံ့ပိုးပေးမည်ဖြစ်ပြီး ရုရှားအစိုးရနှင့် ဗဟိုဘဏ်က ရက်သတ္တပတ်အတွင်း ရူဘယ်အသုံးပြုခြင်းဆိုင်ရာ တွက်ချက်မှုများကို စ တင်အတည်ပြုမည်ဖြစ်ကြောင်း ပူတင်က ပြောကြားခဲ့သည်။

အမေရိကန်နှင့် မဟာမိတ်များ ပါဝင်သော စက်မှုထိပ်သီး ခုနစ်နိုင်ငံ အုပ်စု (G7) က ရုရှားဓာတ်ငွေ့ဝယ် ယူရာတွင် ရူဘယ်ငွေဖြင့် ပေးချေရန် အဆိုကို ငြင်းပယ်ခဲ့ကြသည်။

ထိုအတောအတွင်း ဧပြီ ၁ ရက် မှစတင်ကာ ရုရှား၏ သဘာဝဓာတ်ငွေ့ကို မိတ်ဆွေရင်းချာမဟုတ်သော နိုင်ငံများအတွက် ရူဘယ်ငွေဖြင့်သာ ရောင်းချမည့် အမိန့်ဒီကရီကို သမ္မတ ပူတင်က လက်မှတ်ရေးထိုးလိုက်ပြီ ဖြစ်သည်။

မတ်လ ၂၃ ရက်၌ ဂျာမနီနိုင်ငံ ဝန်ကြီးချုပ် အိုလက်ဗ်ရှော့ဇ်က သဘာဝဓာတ်ငွေ့ ရောင်းဝယ်ရာတွင် ပေးချေရမည့်ငွေကြေးမှာ ဆက်စပ်စာချုပ်များ၏ အစိတ်အပိုင်းဖြစ်ကြောင်း၊ ငွေပေးချေမှုမှာ များသောအားဖြင့် ယူရိုငွေ သို့မဟုတ် ဒေါ်လာဖြင့် ပြုလုပ်ခဲ့ကြကြောင်း၊ “သဘော တူညီချက်နဲ့ စာချုပ်အများစုက ငွေပေးချေမှုကို ဘယ်လို လုပ်ဆောင်မယ်ဆိုတာ အတိအကျ ဖော်ပြထားပြီးသားဖြစ်ပါတယ်” ဟု ပြောဆိုကာ ရူဘယ်ငွေဖြင့် ပေးချေရေး ရုရှား သမ္မတ ဗလာဒီမာပူတင်၏ ကြေညာချက်ကို  ပယ်ချခဲ့သည်။ သို့သော် သမ္မတ ပူတင်၏ “နောက်မဆုတ် စတမ်း” ရူဘယ်အမိန့်ဒီကရီ ထွက်လာသောအခါ ဂျာမနီ၌ မတ်လ ၃၀ ရက်တွင် အရေး ပေါ်အစည်းအဝေး ကျင်းပကာ လိပ်ခဲတည်းလည်း ဖြစ်နေသော အရောင်းအဝယ်ဆိုင်ရာ ငွေကြေးအမျိုးအစားကို ပြေလည်အောင်ညှိနှိုင်း၍ မရခဲ့လျှင် အိမ်ထောင်စုအလိုက် ဓာတ်ငွေ့ခွဲတမ်း ဖြင့် သုံးစွဲသွားရန်အထိ စီမံချက်ရေးဆွဲနေရပြီဖြစ်သည်။

 

စွမ်းအင်ကျည်ဆန်၊ ဘဏ္ဍာရေးကျည်ဆန်

ရုရှားသည် ယူကရိန်းစစ်ပွဲကို ဆင်နွှဲနေရသည့်အားလျော်စွာ ရေနံနှင့် ဓာတ်ငွေ့ရောင်းရငွေများကို အသည်းအသန်လိုအပ်နေမည် ဖြစ်သည်။ သူ့ပြိုင်ဘက် အနောက်အုပ်စု ကလည်း ကရင်မလင်၏ ဘဏ္ဍာရေး အခြေအနေကို ဆန်ရှင်ပေါင်းစုံ သုံး၍ “လည်ပင်းညှစ်” ထားခြင်းအားဖြင့် ရုရှားပြည်တွင်း၌ ကုန်ပစ္စည်းများ စျေးတက်ခြင်း၊ ပြတ်လပ်ခြင်းတို့ ဖြစ်ပေါ်စေရန် ကြံဆောင်လျက် ရှိသည်။ သို့သော် လှုပ်ရှားမှုတိုင်း၌ ကမ္ဘာလုံးဆိုင်ရာ အချိတ်အဆက်၊ ဆင့်ကဲလှိုင်းလုံးများ ရိုက်ခတ်သည့် အတွက် “မရွယ်ဘဲ စော်ကဲ မင်းဖြစ်”သွားနိုင်သကဲ့သို့၊ “ပြောတော့ မူး၊ လူးတော့ အိုင်”လည်း ဖြစ်သွားနိုင် သည်။

အမေရိကန်သမ္မတ ဘိုင်ဒင်က လောင်စာဆီစျေး မတက်စေရန်အတွက် သူ့နိုင်ငံ၏ မဟာဗျူဟာ မြောက်ကုန်စည်အဖြစ် ထိန်းသိမ်းထားသော ရေနံခွဲတမ်းမှ စည်ပေါင်း သန်း ၁၈၀ ကို ထုတ်ရောင်းပေးမည် ဟု မတ်လအနှောင်းပိုင်း၌ ကြေညာခဲ့သည်။ ဤဆောင်ရွက်ချက်သည် ၁၉၇၀ ပြည့်နှစ်နောက်ပိုင်း ဗျူဟာမြောက် အရန်ကုန်စည်ထဲမှ အများပြည်သူသုံးအဖြစ် ထုတ်ပေးလိုက်သော အကြီးမားဆုံး ဖြေလျှော့မှုဖြစ်သည်။

အမေရိကန်နှင့် ကနေဒါတို့သည် ရုရှားထံမှ ရေနံတင်သွင်းမှုကို လုံးဝပိတ်ပင်ခဲ့ကြပြီး ရေနံကုမ္ပဏီ အများစုကလည်း ရုရှား၏ စွမ်းအင်ထုတ်ကုန်များကို အဝယ်ရပ်ခဲ့သည်။ သို့ဖြစ်၍ တစ်ရက်လျှင် ရေနံစည် သုံးသန်းခန့် လိုအပ်ချက်ပေါ်ပေါက်နေပြီး အမေရိကန် အရန်ရေနံဖြည့်တင်းမှုကလည်း အလျဉ်မီအောင် ဖြည့်ဆည်းပေးနိုင်မည်မဟုတ်ပေ။ အမေရိကန်ပြည်ထောင်စုအတွင်း ဓာတ်ဆီစျေးနှုန်းမှာ ယခင်နှစ်က ပျမ်းမျှစျေးထက် တစ်ဂါလန်လျှင် အမေရိကန်ဒေါ်လာ ၁.၅ ဒေါ်လာ နီးပါး မြင့်တက်နေပြီး ဖောက်သည် တို့၏ ယုံကြည်မှုမှာ ပျက်သုဉ်းလျက် ရှိသည်။ ဒီဇယ်စျေးကြီးမြင့်မှုသည် လယ်သမားများ၊ ရေကြောင်းကုန် သွယ်သူများကို အထိနာစေပြီး အနောက်တိုင်းစီးပွားရေး၏ ပ့ံပိုးမှုကွင်းဆက်ပြတ်တောက်ခြင်းကို သိသာလာစေသည်။

တစ်ဖန် ရေနံဟူသည် မြေကြီး အတွင်း၊ သိုလှောင်ကန်အတွင်း ထုတ်သမျှရသည့်ပစ္စည်းဟု တွေး ထင်ကြသည့်တိုင် ကမ္ဘာ့ရေနံရောင်း နိုင်ငံများအဖွဲ့ (OPEC) ၏ နှစ်အလိုက် ကြမ်းခင်းစျေး၊ အတည်ပြု စျေးနှင့် ကြိုတင်ကာလသတ် စည်းမျဉ်းနှင့်အညီ  စျေးကွက်အရောင်းအဝယ် ပြုရသော ကုန်ပစ္စည်းဖြစ်သည်။ အနောက်အုပ်စု နိုင်ငံအချို့၏ ရေနံ တိုးထုတ်ရန် တောင်းဆိုမှုများကို    ရုရှားအပါအဝင် အိုပက်မဟာမိတ် နိုင်ငံအားလုံးက ပယ်ချခဲ့ပါသည်။ သူတို့၏ နှစ်အလိုက် ရေနံ ထုတ်လုပ်မှု အစီအစဉ်အတိုင်း ခရီးဆက် ကြပါလိမ့်မည်။

မည်သို့ဆိုစေ လစ်ဘရယ်အစီအစဉ်ကို ချပြကာ ဒီမိုကရေစီဟု တွင်တွင်အော်ခဲ့သော၊ ကမ္ဘာအနှံ့ ကျူးကျော်စစ်ပေါင်းစုံကို အကြောင်းပြချက်မျိုးစုံဖြင့် ဆင်နွှဲခဲ့ဖူးသော အမေရိကန်ပြည်ထောင်စု၏ အုပ်စု ဖွဲ့အတွေးအခေါ် (Groupthink) အတိမ်အနက်၊ အချိုးအကွေ့၊ အတွန်းအတိုက်၊ အတက်အဆုတ် အနာဂတ်ကို ရေးရေးမျှ မြင်ရပြီဟု ဆိုနိုင်ပါသည်။

ထိုအုပ်စုကြီးအား ရည်ညွှန်းသော စကားကို  ၂၀၁၈ ခုနှစ်အတွင်း သမ္မတပူတင် ပြောခဲ့ဖူးပါ၏။

“... တကယ်လို့များ တစ်ယောက်ယောက်က ရုရှားကို အမြစ်ဖြတ် ချေမှုန်းဖို့ ဆုံးဖြတ်ခဲ့ရင် ကျွန်တော်တို့မှာ ဥပဒေအရ တုံ့ပြန်ကာကွယ်ခွင့် ရှိပါတယ်။ ဒါဟာ လူသား မျိုးနွယ်ကိုရော၊ ကမ္ဘာကြီးကိုပါ ကပ်သင့်စေသလို ဖြစ်သွားပါလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော်ဟာ ရုရှားနိုင်ငံသား၊ ဒီတိုင်းပြည်ရဲ့ အကြီးအကဲ။ ရုရှားမပါတဲ့ ကမ္ဘာကြီးအဖြစ် ကျွန်တော်တို့ ဘာကြောင့်များ လိုအပ်နေကြတာလဲ။”

 


READ NEXT
Cancel OK