Top News

လျှပ်စစ်ပုံမှန်မရခြင်း၊ အထွေထွေစျေးနှုန်းမြင့်တက်ခြင်းနှင့် ပြင်းပြင်းထန်ထန်နစ်နာခဲ့သည့် မြန်မာ့ကုန်ထုတ်လုပ်ငန်းများ
24htopnews | September 18, 2024 1:12 AM CST

မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ထုတ်လုပ်မှုအခြေအနေများ မတ်လတွင် လေးလအတွင်း အမြန်ဆုံးဆုတ်ယုတ်လာကြောင်း၊ အဓိက တွေ့ရှိချက်များအနေဖြင့် ထုတ်လုပ်မှုမှာ နောက်ဆုံးအောက်တိုဘာမှစပြီး အနက်ရှိုင်းဆုံးနှုန်းဖြင့် ကျဆင်းလာခဲ့ကြောင်း ၂၀၂၂ ခု နှစ် မတ်လအတွက် ထုတ်ပြန်သည့် S&P Global မြန်မာထုတ်လုပ်မှု PMI (Manufacturing Purchasing Manager’s Index - ထည့် ကုန်ဝယ်ယူရေးမန်နေဂျာများ၏အညွှန်း) စစ်တမ်းအရ သိရသည်။

အလားတူ အာဆီယံ PMI သည် ဝယ်လိုအားအခြေအနေများ အားပျော့လာနေချိန်တွင် ခြောက်လ မြောက်အနိမ့်ဆုံးသို့ နိမ့်ဆင်းသွားကြောင်း၊ အာဆီယံနိုင်ငံများအနက် မတ်လတွင် ထုတ်လုပ်မှု ကျဆင်း သွားမှုကို ပြသခဲ့ကြသည့် နှစ်ခုတည်းသော နိုင်ငံများမှာ မလေးရှားနှင့် မြန်မာနိုင်ငံတို့ဖြစ်သည်။

 

အာဆီယံကုန်ထုတ်လုပ်မှု

အာဆီယံထုတ်လုပ်ရေးကဏ္ဍ တစ်ဝန်းတွင် လုပ်ကိုင်မှုအခြေအနေများမှာ နောက်ဆုံး S&P Global ဝယ်ယူရေးမန်နေဂျာများ၏ အညွှန်းကိန်း (PMI) အရ မတ်လတွင် အတော်အသင့်ပိုကောင်းလာခဲ့ရာ လက်ရှိတိုးတက်မှုအစဉ်ကို ခြောက်လသို့ ဆွဲဆန့်ပေးလိုက်သည်ဟု ဖော်ပြထားသည်။

ထုတ်လုပ်မှုနှင့်အော်ဒါအသစ်များ ဆက်တိုးရလာမှုက အဓိက အကျဆုံး PMI ကို ပံ့ပိုးပေးခဲ့သည်။ သို့သော်လည်း ထုတ်လုပ်သူတို့က လုပ်သားအင်အား ထပ်မံကျဆင်းလာမှုကို ထောက်ပြခဲ့ကြသည်။ ယင်းအတောအတွင်း ပစ္စည်းပေးသွင်းရေး ကွင်းဆက်များထဲ အခက်အခဲများ ဆက်ရှိနေခြင်းက ငွေကြေးဖောင်းပွမှု ဖိအားပေးမှုများကို တွန်းတင်ပေးခဲ့သည်။

အာဆီယံအဖွဲ့ဝင် ခုနစ်နိုင်ငံအနက် ငါးနိုင်ငံက မတ်လတွင် တိုးတက်ထုတ်လုပ်မှုကို မှတ်တမ်းတင်နိုင်ခဲ့ကြပြီး စင်ကာပူသည် ထပ်ပြီး ထိပ်ဆုံးမှ ဦးဆောင်နေသည်။ စင်ကာပူ၏ အဓိကအကျဆုံး PMI မှာ ဖေဖော်ဝါရီတွင် မြင်ခဲ့ကြရသည့် စံချိန်တင်ဂဏန်း ၅၅ ထက် နိမ့်ဆင်း သွားခဲ့သော်လည်း နောက်ဆုံးကိန်းဂဏန်းက ထုတ်လုပ်သူတို့၏လုပ်ငန်းများ သိသိသာသာ တိုးချဲ့လာမှုကို ထပ်မံပြီး အချက်ပြလိုက်သည်။

ဖိလစ်ပိုင်နိုင်ငံ၏ ကုန်စည် ထုတ်လုပ်သူတို့က အဓိက PMI ကို ၅၃.၂ သို့ တင်လိုက်ခြင်းဖြင့် ဒုတိယ အမြန်ဆုံးဦးမော့မှုကို မှတ်တမ်းတင်လိုက်သည်။ ထို့ပြင် လုပ်ကိုင်မှု အခြေအနေများ၏ နောက်ဆုံးတိုးတက်လာမှုမှာ သုံးနှစ်ကျော်အတွင်း  အမြန်ဆုံးဖြစ်လာသည်။

ထိုင်းနှင့် ဗီယက်နမ်နှစ်နိုင်ငံစလုံး၏ အဓိကအကျဆုံး PMI ကိန်းဂဏန်းမှာ ၅၁.၈ နှင့် ၅၁.၇ အသီးသီးဖြင့် ဖေဖော်ဝါရီလ၏ လတ်တလော စံချိန်တင်မြင့်တက်မှုများမှ နိမ့်ဆင်းသွားခဲ့သည်။ သို့သော်လည်း ထိုင်းကုန်စည်ထုတ်လုပ်သူတို့သည် စစ်တမ်းကို စတင်ခဲ့သည့် ၂၀၁၅ ခု နှစ် ဒီဇင်ဘာလမှစပြီး ဒုတိယအမြန်ဆုံးဦးမော့မှုကို မှတ်တမ်းတင်ခဲ့ကြသည်။

အင်ဒိုနီးရှားက မတ်လတွင် အချက်ပြလိုက်သည့်အညွှန်းကိန်းမှာ အဓိကအားဖြင့်ခြောက်လအတွင်း အနိမ့်ဆုုံးဖြစ်ခဲ့သည့် ဖေဖော်ဝါလရီ၏ တိုးတက်မှုနှုန်းနှင့်တစ်ပြေးညီရှိခဲ့သည်။ ၅၁.၃ တွင်ရှိနေခဲ့သည့် အဓိကအကျဆုံး PMI က အင်ဒိုနီးရှားထုတ်လုပ်ရေးကဏ္ဍ ဒသမ ဂဏန်းမျှ ဦးမော့လာခြင်းကို ညွှန်ပြနေသည်။

မတ်လတွင် ထုတ်လုပ်မှုကျဆင်းသွားမှုကို ပြသခဲ့ကြသည့်နိုင်ငံများမှာ မလေးရှားနှင့်မြန်မာနိုင်ငံဖြစ်ကြောင်း၊ မလေးရှားနိုင်ငံ၏ အဓိကအကျဆုံး PMI ၄၉.၆ ကို ထိုးဆင်းသွားပြီး ငါးလကြာခဲ့သည့် တိုးတက်မှုအစဉ်ကို အဆုံးသတ်ပစ်လိုက်ကြောင်း၊ မြန်မာနိုင်ငံတွင်  အဓိကအကျဆုံး PMI ကိန်းဂဏန်း ၄၇ မှာ သုံး လဆက်တိုက် ပိုမြန်သည့်နှုန်းဖြင့် ကျဆင်းမှုကို ပြနေကြောင်း ဖော်ပြထားသည်။        

         

ကျဆင်းနေဆဲ မြန်မာ့ကုန်ထုတ်လုပ်မှု

မြန်မာနိုင်ငံတွင် ထုတ်လုပ်သူတို့ ရင်ဆိုင်ခဲ့ရသည့်လုပ်ကိုင်မှုအခြေအနေများမှာ မတ်လတွင် ထပ်မံပြီး ဆုတ်ယုတ်ခဲ့သည်။ ကုန်ကြမ်းပြတ်တောက်မှုများ၊ သွင်းကုန်ကုန်ကျစရိတ်များ တိုးလာခဲ့ခြင်းနှင့်လျှပ်စစ်မီး ပြတ်တောက်မှုများက ထုတ်လုပ်မှုအပေါ် လေးလံစွာ ဖိစီးခဲ့ကြောင်း အစီရင်ခံမှုများရှိခဲ့ပြီး တချို့ဖြစ်ရပ်များတွင် လုပ်ငန်းများကို  ယာယီပိတ်သိမ်းရမှုများပင် ရှိခဲ့ကြောင်း ၂၀၂၂ ခု နှစ် မတ်လအတွက် ထုတ်ပြန်သည့် S&P Global မြန်မာထုတ်လုပ်မှု PMI (Manufacturing Purchasing Manager’s Index -  ထည့် ကုန်ဝယ်ယူရေး မန်နေဂျာများ၏အညွှန်း) စစ်တမ်းအရ သိရသည်။

S&P Globalမှ စီးပွားရေးပညာရှင် Maryan Baluch က “မြန်မာနိုင်ငံရဲ့ ထုတ်လုပ်ရေးကဏ္ဍအတွက် နောက်ဆုံး PMI ဒေတာက မတ်လမှာ ထုတ်လုပ်မှုအခြေအနေတွေ ထပ်မံပြီး ဆုတ်ယုတ်လာခဲ့ခြင်းကို ဖော်ပြနေပါတယ်။ လျှပ်စစ်မီး ပုံမမှန်မှုတွေ၊ ပစ္စည်းပေးသွင်းမှု ပြတ်တောက်မှုတွေနဲ့ စျေးနှုန်းတွေမြင့်တက်လာခဲ့တွေကြောင် ့လုပ်ငန်း လုပ်ကိုင်မှုတွေမှာ အပြင်းအထန် နစ်နာခဲ့ကြရပါတယ်။ တချို့ကိစ္စ တွေမှာဆိုရင် စက်ရုံတွေကို ယာယီပိတ်ခဲ့ရမှုတွေပါ အစီရင်ခံမှုတွေရှိပါတယ်”ဟု ပြောကြားခဲ့သည်။

တစ်ချိန်တည်းမှာပင် စီးပွားရေးလုပ်ငန်းများက ဝယ်လိုအားအား ပျော့လာခဲ့ပြီး အော်ဒါအသစ်များမှာ ငါးလအတွင်း အမြန်ဆုံးနှုန်းဖြင့် ကျဆင်းလာခဲ့ကြောင်း ဖော်ပြကြသည်။  ပစ္စည်းပေးသွင်းရေး ကွင်းဆက်များပါ ဖိအားပေးမှုကို ဆက်လက်ခံစားနေရပြီး သွင်းကုန်အတွက် ပစ္စည်းပေးသွင်းမှု အချိန်များမှာ နှစ်နှစ် အတွင်း အကြာရှည်ဆုံးသို့ မြင့်တက်သွားခဲ့သည်။ ကုမ္ပဏီများက ၎င်းတို့၏ လုပ်သားဦးရေကို ဆက်လက်ပြီး တိုးမြှင့်ခဲ့ကြခြင်းမှာ အားရစရာ ကောင်းခဲ့သော်လည်း အလုပ်နေရာ အသစ်ဖန်တီးမှုနှုန်းမှာ မသိသာခဲ့ပေ။

ယင်းကာလအတွင်း ငွေကြေး ဖောင်းပွမှုဖိအားများမှာ ကုန်စည် ထုတ်လုပ်ရေးကဏ္ဍတစ်ဝန်းတွင် ပြင်းထန်လာခဲ့သည်။ သွင်းကုန်စျေးနှုန်းများ မှတ်တမ်းထဲတွင် အမြန်ဆုံးနှုန်းသို့ မြင့်တက်သွားခဲ့ချိန်မှာ ရောင်းစျေးများမှာ စစ်တမ်းသမိုင်းထဲတွင် ဒုတိယအမြန်ဆုံးနှုန်းဖြစ်လာသည်။

အဓိကအကျဆုံး S&P Global မြန်မာထုတ်လုပ်မှု PMI - ထုတ်လုပ်မှုလုပ်ကိုင်နိုင်စွမ်းကို ဖော်ပြပေးသည့် ပေါင်းစပ်ထားသည့်တစ်ခုတည်းသော ကိန်းဂဏန်းကို မတ်လတွင် ၄၇.၁ တွင် မှတ်တမ်းတင်ခဲ့ရာ ဖေဖော်ဝါရီလ၏ ၄၇.၃ထက် မသိမသာနိမ့်ကျသွားခြင်းဖြင့် ကဏ္ဍ၏ စွမ်းဆောင်နိုင်စွမ်းအခြေအနေ ၁၉ လ ဆက်တိုက်ဆုတ်ယုတ်လာမှုကို အချက်ပြနေသည်။

“ဒါ့အပြင် နောက်ဆုံးလက ထုတ်လုပ်မှုထဲမှာရော အလုပ်အသစ်များထဲပါ ငါးလအတွင်း အနက်ရှိုင်းဆုံး ကျဆင်းမှုကို ထောက်ပြနေပြီး ထုတ်လုပ်မှုထဲက ကျဆင်းမှုမှာ စုစုပေါင်း ရောင်းချရမှုများထဲတွင် မြင်ရသည့်ကျဆင်းမှုထက် သိသိသာသာများလျက်ရှိနေဆဲဖြစ်ပါတယ်”ဟု ၎င်းက ဆိုသည်။

နောက်ဆုံးဒေတာအရ မတ်လတွင် ထုတ်လုပ်မှုထပ်ပြီး ကျဆင်းလာခဲ့ခြင်းကို ညွှန်ပြနေပြီး ငါးလအတွင်း အနက်ရှိုင်းဆုံးနှုန်းဖြစ်လာသည်။ ထုတ်လုပ်မှုကျဆင်းခဲ့ခြင်းအတွက် ရောင်းချရမှုများ ကျဆင်းလာမှုကို သာမက လျှပ်စစ်မီးပြတ်တောက်မှုများနှင့် ကုန်ကြမ်းပစ္စည်းများ ရှားပါးမှုကိုပါ အပြစ်တင်ရမည်ဖြစ်ကြောင်း၊ လုပ်ငန်းသစ်စုစုပေါင်းသည်လည်း ပြီးခဲ့သည့်အောက်တိုဘာလမှစပြီး အမြန်ဆုံးနှုန်းဖြင့် ကျဆင်းလာခဲ့ပြီး ကုမ္ပဏီများက သုံးစွဲသူများထံတွင် ငွေရေးကြေးရေးအခက်အခဲများ ရှိနေခြင်းနှင့်ရောင်းစျေးများ အတော်အတန်ကြီးမြင့်လာမှုက အော်ဒါအသစ်များ၏ပမာဏကို နှိမ့်ချခဲ့ကြောင်း သုံးသပ်ဖော်ပြခဲ့ကြသည်။

၂၀၂၀ ပြည့်နှစ် မတ်လမှစပြီး မြင်ခဲ့ကြရသည့်အတိုင်း ကုမ္ပဏီများသည် ပထမသုံးလပတ်အကုန်ပိုင်းတွင် ၎င်းင်းတို့၏ ဝယ်ယူမှုများကို လျှော့ချခဲ့ကြသည်။ ကုမ္ပဏီများက ၎င်းတို့၏ ဝယ်ယူမှုများလျှော့ချခဲ့ရခြင်းကို ရောင်းချရမှုများ နည်းလာခြင်းနှင့်ရှိနေဆဲ လက်ကျန်စာရင်းများကို တိုးပြီးအသုံးချနေရခြင်းဖြင့် ရှင်းပြကြသည်။ သို့ဖြစ်၍ မြန်မာနိုင်ငံတွင်း  ထုတ်လုပ်သူတို့ လက်ထဲတွင်ကျန်ရှိနေသည့် လက်ကျန်စာရင်းများမှာ မတ်လတွင် သိသာသည့်အရှိန်ဖြင့် ထပ်မံပြီး ကျဆင်းလာခဲ့သည်။

လျှပ်စစ်မီးပြတ်တောက်မှုများနှင့်ကုန်ကြမ်းများနှင့်ဝန်ထမ်းမလုံလောက်မှုများက မပြီးဘဲကျန်ရစ်နေသည့်အလုပ်များကို တိုးလာစေခဲ့သည်။ လက်ကျန်အလုပ်များ စုစည်းလာမှုနှုန်းမှာ မှတ်တမ်းထဲတွင် ဒုတိယအမြန်ဆုံးဖြစ်လာခြင်းမှာ မှတ်သားရမည့်အချက်ဖြစ်သည်။

“ကုမ္ပဏီတွေက သူတို့ရဲ့ ဝန်ထမ်းဦးရေကို ဆက်တိုးခန့်ခဲ့ကြသော်လည်း နောက်ဆုံးအလုပ်နေရာ တိုးလာမှုမှာ မသိမသာမျှသာ ဖြစ်ခဲ့ပြီး လေးလအတွင်း အားအပျော့ဆုံးဖြစ်သည်။ လူအသစ်ငှားရမ်းရန် လိုအပ်ချက် ဆက်လက်အား နည်းလာမယ်ဆိုပါက လာမည့်လအတွင်း အလုပ်နေရာများ တန့်သွားနိုင်ပါတယ်”ဟု စီးပွားရေးပညာရှင် Maryan Baluch က ပြောကြားသည်။

မတ်လတွင် လုပ်ငန်းများပြီးဆုံးရန် ကြာမြင့်ချိန်များ အသစ်တစ်ဖန် တိုးလာခဲ့အတွက် လုပ်ငန်းများက ပစ္စည်းပေးသွင်းရေး ကွင်းဆက်များထဲတွင် အခက်အခဲရှိနေခြင်းကို ထောက်ပြခဲ့ကြသည်။ ကုန်ကြမ်းပစ္စည်းများ ရှားပါးမှုနှင့် ပို့ဆောင်ရေးကြန့်ကြာမှုများကြောင့် နှစ်နှစ် အတွင်း အကြာမြင့်ဆုံးဖြစ်လာသည့် ပစ္စည်းပေးသွင်းမှုအချိန်များ ပိုကြန့်ကြာလာခဲ့ရကြောင်း ဖော်ပြခဲ့ကြသည်။

လာမည့် ၁၂ လအတွင်း ထုတ်လုပ်ရေးမျှော်မှန်းချက်အနေဖြင့် ကုမ္ပဏီများက ထုတ်လုပ်မှုမှာ ယေဘုယျအားဖြင့် မပြောင်းမလဲရှိနေမည်ဟုမျှော်လင့်ကြသည်။ ကုမ္ပဏီများစွာတို့က လျှပ်စစ်မီးပြတ် တောက်မှုများနှင့် ကုန်ကြမ်းရှားပါးမှုများ ဆက်ရှိနေခြင်းက အနာဂတ်တွင် ၎င်းတို့၏ထုတ်လုပ်နိုင်စွမ်းကို ထိခိုက်စေမည်ဟု ထောက်ပြခဲ့ကြသည်။

“ခြုံပြီးပြောရရင် ထုတ်လုပ်ရေးကဏ္ဍဟာ ၂၀၂၀ ပြည့်နှစ်မှာ ကူးစက်မြန်ရောဂါ၊ ၂၀၂၁ ခုနှစ်မှာ  နိုင်ငံရေးအပြောင်းအလဲနဲ့ ရင်ဆိုင်ခဲ့ရတဲ့ နောက်ဆုံးနှစ်နှစ်ကာလအတွင်းက ပြင်းထန်တဲ့အခက်အခဲတွေကို ကျော်လွှားဖို့ ဆက်လက်ပြီး ရုန်းကန်နေခဲ့ရပါတယ်။ နောက်ပြီး  ပြည်တွင်းထဲကရော ဒေသတွင်းကပါ နိုင်ငံရေးမတည်ငြိမ်မှုများက လာမည့်လများအတွင်း မြန်မာနိုင်ငံရဲ့ထုတ်လုပ်ရေးဏ္ဍနဲ့ ၎င်းတို့ရဲ့စွမ်းဆောင်နိုင်စွမ်းတို့နဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေနဲ့ မရေရာမှုတွေ ပိုလို့ပင် တိုးမြှင့်ပေးသကဲ့သို့ ရှိနေပါတယ်” ဟု S&P Global မှ စီးပွားရေးပညာရှင် Maryan Baluch က သုံးသပ်ပြောကြားသည်။


READ NEXT
Cancel OK