Top News

၂၀၂၄ MFF အမျိုးသမီးဖူဆယ်ဖိတ်ခေါ်ပြိုင်ပွဲကျင်းပပြီးဆုံးခဲ့ပြီး နောက်ဆုံးဗိုလ်လုပွဲတွင် YRG အသင်းက Divine အသင်းကို(၃-၀) ဂိုးဖြင့် အနိုင်ရရှိ 
24htopnews | September 17, 2024 7:12 PM CST

၂၀၂၄ MFF အမျိုးသမီးဖူဆယ်ဖိတ်ခေါ်ပြိုင်ပွဲ(MFF Women Futsal Invitation Cup)ကျင်းပပြီးဆုံးခဲ့ပြီး နောက်ဆုံးဗိုလ်လုပွဲတွင် YRG အသင်းက Divine အသင်းကို(၃-၀) ဂိုးဖြင့် အနိုင်ရရှိခဲ့ကာ ချန်ပီယံဆုရရှိခဲ့ကြောင်း သိရသည်။

၂၀၂၄ MFF အမျိုးသမီးဖူဆယ်ဖိတ်ခေါ်ပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲနှင့် တတိယနေရာလုပွဲများကို စက်တင်ဘာ ၁၆ ရက်က ရန်ကုန်မြို့ရှိ MFF ဖူဆယ်အားကစားရုံတွင် ကျင်းပခဲ့ခြင်းဖြစ်သည်။

ဦးစွာတတိယနေရာလုပွဲအဖြစ် Generations အသင်းနှင့်  Pacific Sun Far အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ Pacific Sun Far အသင်းက(၃-၂) ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

ထို့နောက် ဗိုလ်လုပွဲအဖြစ် YRG အသင်းနှင့် Divine အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ YRG အသင်းက (၃-၀) ဂိုးဖြင့် အနိုင်ရရှိခဲ့ကာ ချန်ပီယံဆုရရှိခဲ့ခြင်း ဖြစ်သည်။

ပြိုင်ပွဲအပြီးတွင် ချန်ပီယံဆုရရှိခဲ့သည့် YRG အသင်းကို ဆုကြေးငွေ ကျပ်သိန်း(၃၀)၊ ဒုတိယဆုရ Divine အသင်းကို ဆုကြေးငွေ ကျပ်သိန်း(၂၀)၊ တတိယဆုရ Pacific Sun Far အသင်းကို ဆုကြေးငွေ ကျပ်(၁၅) သိန်း ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

၂၀၂၄ MFF အမျိုးသမီးဖူဆယ်ဖိတ်ခေါ်ပြိုင်ပွဲကို  ပြီးခဲ့သည့်စက်တင်ဘာ ၁၁ ရက်မှစ၍ MFF ဖူဆယ်အားကစားရုံတွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး ပြိုင်ပွဲကို YRG အသင်း၊ Divine အသင်း၊ Pacific Sun Far အသင်း၊ Generations အသင်းနှင့် Phoenix အသင်း ၅ သင်းဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

ယင်းပြိုင်ပွဲဝင် အသင်း ၅ သင်းကို အုပ်စုပတ်လည်စနစ်ဖြင့် ယှဉ်ပြိုင်ကစားစေပြီး ထိပ်ဆုံးရပ်တည်မှုရ အသင်းနှစ်သင်းကို ဗိုလ်လုပွဲ၊ အဆင့်(၃၊ ၄) ရ အသင်းနှစ်သင်းကို တတိယလုပွဲ ဆက်လက်ကစားစေခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF) သည် ၂၀၂၄ MFF အမျိုးသမီးဖူဆယ်ဖိတ်ခေါ်ပြိုင်ပွဲမှ ထူးချွန်ကစားသမားများကို ရွေးချယ်၍ ပဏာမမြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်း ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းသည် ယခုနှစ်ကုန်ပိုင်းတွင် ကျင်းပမည့် အာဆီယံအမျိုးသမီးဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲ၊ လာမည့်နှစ်ဆန်းပိုင်းတွင် ကျင်းပမည့် အာရှဖလား အမျိုးသမီးဖူဆယ်ခြေစစ်ပွဲများ ယှဉ်ပြိုင်ရမည်ဖြစ်သည်။

 


READ NEXT
Cancel OK