Top News

ချန်ပီယံလိဂ် အုပ်စုပွဲစဉ်-၆ ပွဲကြိုသုံးသပ်ချက်
24htopnews | September 17, 2024 5:13 PM CST

အေဂျက်စ် - အတ္တလန်တာ (မြန်မာစံတော်ချိန် ဒီဇင်ဘာ ၁၀ ရက် နံနက် ၀၀:၂၅ နာရီ)

ဒီပွဲက အုပ်စုဒုတိယနေရာအတွက် အရေးကြီးတဲ့ပွဲဖြစ်တယ်။ နိုင်တဲ့အသင်း နောက်တစ်ဆင့်တက်ပြီး၊ ရှုံးတဲ့အသင်း ယူရိုပါလိဂ်ကို ဆင်းကစားရမယ်။ အတ္တလန်တာအတွက်အားသာချက်ဖြစ်တာက (၁)မှတ်သာအနေအထားမှာ သရေကစားခွင့်ရှိနေတာပါပဲ။ ဒါကပဲ အိမ်ရှင်အေဂျက်စ်အတွက်ဖိအားဖြစ်နိုင်တယ်။ နှစ်သင်းစလုံးရဲ့ခြေစွမ်းက အားရစရာပါ။ ဒါပေမဲ့ မစ်ဂျီလန်းကို သရေကျခဲ့တဲ့ပွဲတုန်းက ဂိုးကံခေမှုမျိုးသာဖြစ်ခဲ့ရင် အတ္တလန်တာ အဝေးကွင်းမှာ ဒုက္ခရောက်သွားနိုင်တယ်။ ပုံမှန်အားဖြင့်တော့ ဒီလိုပွဲမျိုးမှာ အိမ်ရှင်ဘက်ကိုပဲ အလေးသာပေးချင်တယ်။ 

မစ်ဂျီလန်း - လီဗာပူးလ် (မြန်မာစံတော်ချိန် ဒီဇင်ဘာ ၁၀ ရက် နံနက် ၀၀:၂၅ နာရီ)

လီဗာပူးလ်က အုပ်စုဗိုလ်နေရာ သေချာပြီးသားအသင်းဖြစ်ပြီး၊ မစ်ဂျီလန်းကလည်း ဥရောပပွဲစဉ်တွေကို နှုတ်ဆက်ဖို့ သေချာပြီးသားအသင်းဖြစ်တယ်။ လီဗာပူးလ်မှာ ဒဏ်ရာပြဿနာတွေရှိတယ်။ ပြီးတော့ ပရီးမီးယားလိဂ်တိုက်ပွဲတွေကလည်း အရေးကြီးနေတယ်။ ဒိန်းမတ်ကို သွားကစားရမယ့်ပွဲကို အရန်ကစားသမားတွေနဲ့ပဲ သွားဖို့ လုံးဝသေချာပါတယ်။ မစ်ဂျီလန်းကသာ မျှော်လင့်ချက်မရှိတော့ပေမဲ့ အဓိကကစားသမားတွေနဲ့ အိမ်ကွင်းမှာ ဂုဏ်သိက္ခာအတွက် ကစားမှာဖြစ်တယ်။ သရေကျသွားနိုင်ပါတယ်။ 

ဆာလ်ဇ်ဘာ့ဂ် - အက်သလက်တီကို (မြန်မာစံတော်ချိန် ဒီဇင်ဘာ ၁၀ ရက် နံနက် ၂:၃၀ နာရီ)

ဒီပွဲက စိတ်ဝင်စားစရာကောင်းတယ်။ မျှလည်း မျှတယ်။ အက်သလက်တီကိုက ပိုကောင်းတဲ့အသင်းဖြစ်ပြီး၊ အမှတ်ကလည်း တစ်မှတ်ပဲ လိုတယ်။ ဆာလ်ဇ်ဘာ့ဂ်ကတော့ အက်သလက်တီကိုကို ဒုက္ခပေးနိုင်တဲ့ ခြေစွမ်းမျိုး ပိုင်ဆိုင်ထားတယ်။ ဒါပေမဲ့ (၃)မှတ်လိုနေပြီး၊ ကစားရမှာ သူတို့အိမ်ကွင်း ဖြစ်နေတယ်။ ပထမအကျော့ အက်သလက်တီကိုကွင်းမှာတုန်းက အက်သလက်တီကိုက (၃-၂)ဂိုးနဲ့ အကြိတ်အနယ် ကစားခဲ့ရတယ်။ ဒီပွဲကလည်း ပထမအကျော့တုန်းကလိုပဲ အကြိတ်အနယ်ရှိမယ့်ပွဲပါ။ အက်သလက်တီကိုက အတွေ့အကြုံရင့်ပြီး၊ လက်ရှိရလဒ်တွေကလည်း ကောင်းပါတယ်။ သရေလောက်တော့ ထိန်းကစားနိုင်မယ်ထင်တယ်။ 

ဘိုင်ယန်မြူးနစ် - လိုကိုမိုးတစ်မော်စကို (မြန်မာစံတော်ချိန် ဒီဇင်ဘာ ၁၀ ရက် နံနက် ၂:၃၀ နာရီ)

ဘိုင်ယန်မြူးနစ်က အုပ်စုဗိုလ်နေရာကို အပြတ်အသတ် သေချာပြီးသားအသင်းဖြစ်ပေမဲ့ လိုကိုမိုးတစ်မော်စကိုကတော့ အမှတ်လိုနေတယ်။ ဘိုင်ယန်မြူးနစ်ဆီက (၃)မှတ်ယူဖို့ လိုနေတဲ့အသင်းလည်းဖြစ်တယ်။ ခက်တာက တစ်မှတ်လိုတယ်ဆိုတာထက်တောင် ဖိအားပိုကြီးပြီး အလှမ်းလည်း ပိုဝေးသွားတယ်။ ဘိုင်ယန်မြူးနစ်က အက်သလက်တီကိုနဲ့တုန်းကတောင် အရန်တွေနဲ့ ကစားခဲ့တာ။ အခုအိမ်ကွင်းပွဲမှာလည်း လူငယ်တွေပဲကစားမှာ သေချာတယ်။ ဒါပေမဲ့ အရည်အသွေးက ကွာခြားလွန်းပါတယ်။ ဘိုင်ယန်မြူးနစ် (၂-ဝ၊ ၃-ဝ)လောက်ဖြစ်မယ်။ 

အင်တာမီလန် - ရှက်တာဒိုးနက် (မြန်မာစံတော်ချိန် ဒီဇင်ဘာ ၁၀ ရက် နံနက် ၂:၃၀ နာရီ)

အင်တာမီလန်က ပြီးခဲ့တဲ့ပွဲမှာ မိုချန်ဂလာဘတ်ကို အနိုင်ရခဲ့ပြီး၊ ရှက်တာဒိုးနက်ကလည်း ရီးယဲလ်မက်ဒရစ်ကို အနိုင်ယူခဲ့တာကြောင့် ဒီအုပ်စုက (၄)သင်းစလုံး မျှော်လင့်ချက်ရှိနေတဲ့ ရှားရှားပါးပါးအုပ်စုဖြစ်တယ်။ ပထမအကျော့တုန်းက ရှက်တာဒိုးနက်အသင်းရဲ့ကွင်းမှာ ဂိုးမရှိသရေကျခဲ့ပြီး ရှက်တာဒိုးနက်က သရေကစားဖို့ ပြန်မျှော်လင့်ရမှာဖြစ်တယ်။ အင်တာမီလန်က အုပ်စုနောက်ဆုံးနေရာမှာရှိပေမဲ့ နိုင်တာနဲ့ သေချာပေါက် ရှုံးထွက်အဆင့်တက်မှာဖြစ်ပြိး လက်ရှိခြေစွမ်းအရလည်း အခွင့်အရေးအပြည့်အဝရှိနေတာ တွေ့ရတယ်။ ပြီးခဲ့တဲ့ရာသီက ယူရိုပါလိဂ်မှာ ဒီနှစ်သင်းတွေ့တော့ အင်တာမီလန်က အိမ်ကွင်းမှာ ဂိုးမိုးရွာခဲ့ဖူးပြီး၊ ဒီပွဲကတော့ ရှက်တာဒိုးနက်ရဲ့ ခြေစွမ်းကြောင့် မလွယ်ကူပါဘူး။ ဒါပေမဲ့ အင်တာမီလန် နိုင်ပွဲရလိမ့်မယ်။ 

ရီးယဲလ်မက်ဒရစ် - မိုချန်ဂလာဘတ် (မြန်မာစံတော်ချိန် ဒီဇင်ဘာ ၁၀ ရက် နံနက် ၂:၃၀ နာရီ)

ရီးယဲလ်မက်ဒရစ်ကတော့ တစ်ရာသီလုံး ဖြစ်ချင်တိုင်းဖြစ်နေခဲ့သမျှ နောက်ဆုံးအချိန်အထိ ရုန်းကန်ရမယ့်အခြေအနေကို ကြုံတွေ့နေရပြီ။ သရေတောင် ကျလို့မရဘူး။ သရေကျခဲ့ရင်လည်း ရှက်တာဒိုးနက်က ရှုံးမှဖြစ်မယ့် အခြေအနေမျိုးဖြစ်သွားတယ်။ ဒါပေမဲ့ ဒီလောက် ရလဒ်တွေ ဖြစ်ချင်တိုင်းဖြစ်၊ ရှက်တာဒိုးနက်လိုအသင်းကို နှစ်ကျော့စလုံး ရှုံးခဲ့တာတောင် ဒီအချိန်အထိ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရှိနေသေးတာ ရီးယဲလ် ကံကောင်းပါတယ်။ နောက်ဆုံးပွဲက အိမ်ကွင်းပွဲလည်းဖြစ်တယ်။ နိုင်ပွဲရရင် ဘယ်လိုပဲဖြစ်ဖြစ် နောက်တစ်ဆင့်ကို တက်သွားလိမ့်မယ်ဆိုတဲ့အခွင့်အရေးကို သူတို့ ဆုပ်ကိုင်ထားဆဲဖြစ်တယ်။ မိုချန်ဂလာဘတ်က နောက်ပိုင်းပွဲတွေမှာ သရေပွဲတွေ များလာတယ်။ ခြေစွမ်းကတော့ ပြောစရာမလိုအောင် ကောင်းတယ်။ တစ်ဦးချင်းအရည်အသွေးမြင့်သလို၊ အသင်းလိုက်စုဖွဲ့ပုံကလည်း အပြစ်ပြောစရာမရှိဘူး။ ရီးယဲလ်ထက်တောင် ပိုကောင်းသေးတယ်။ ဒါပေမဲ့ ရီးယဲလ်မှာ ပွဲအဖြေပြောင်းနိုင်သူတွေရှိသလို၊ အတွေ့အကြုံလည်း ရင့်တယ်။ ဒီပွဲတော့ နိုင်ပွဲယူမှာပါ။ 

မန်စီးတီး - မာဆေးလ် (မြန်မာစံတော်ချိန် ဒီဇင်ဘာ ၁၀ ရက် နံနက် ၂:၃၀ နာရီ)

မာဆေးလ်က ပြီးခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ပထမဆုံး နိုင်ပွဲပြန်ရခဲ့တယ်။ ပြင်သစ်လီဂူးမှာလည်း ရလဒ်တွေက ဆက်တိုက်ပြန်ကောင်းလာတာ တွေ့ရတယ်။ မန်စီးတီးကတော့ အုပ်စုဗိုလ်နေရာ သေချာပြီးသားဖြစ်လို့ အဓိကကစားသမားတွေ သေချာပေါက် အနားပေးမှာပါ။ မာဆေးလ်ကသာ ယူရိုပါလိဂ် ဝင်ခွင့်တစ်နေရာအတွက် (၃)မှတ်ရရင်တောင် စိတ်မချရတဲ့ အနေအထားဖြစ်တယ်။ မန်စီးတီးကလည်း အမှတ်မလိုပေမဲ့ ဆိုးဆိုးရွားရွားတော့ ကစားမှာမဟုတ်ဘူး။ မန်စီးတီး နိုင်မယ်။ 

အိုလံပီယာကော့စ် - ပေါ်တို (မြန်မာစံတော်ချိန် ဒီဇင်ဘာ ၁၀ ရက် နံနက် ၂:၃၀ နာရီ)

အိုလံပီယာကော့စ်က မာဆေးလ်နဲ့ အမှတ်အပြိုင်လုရမယ့် အနေအထားဖြစ်နေတယ်။ ဒါပေမဲ့ မာဆေးလ်က အဝေးကွင်းမှာ မန်စီးတီးနဲ့ ကစားရမှာဖြစ်ပြီး မာဆေးလ်သာရှုံးရင် ဒီပွဲရလဒ်တောင် စောင့်စရာမလိုဘဲ ယူရိုပါလိဂ်ဝင်ခွင့်ရပါပြီ။ ဒါပေမဲ့ ကိုယ့်ပွဲကိုယ်အနိုင်ကစားရင် ပိုစိတ်ချရတယ်။ ပေါ်တိုကလည်း အမှတ်မလိုတော့ဘူး။ အုပ်စုဒုတိယနေရာ သေချာနေတဲ့အသင်းဖြစ်တယ်။ လူငယ်အင်အား၊ အရန်အင်အားကိုပဲ အားပြုလိမ့်မယ်။ အိုလံပီယာကော့စ်ကို ကြိုက်ပါတယ်။ 


READ NEXT
Cancel OK