Top News

၁၉၉၃-၉၄ ရာသီကတင်ရှိထားသော ဒီပို့တီဗိုအသင်း၏ လာလီဂါခံစစ်ပိုင်းစံချိန်မှတ်တမ်းတစ်ခုအား အက်သလက်တီကိုအသင်း လိုက်မီခဲ့
24htopnews | September 17, 2024 5:13 PM CST

ပြီးခဲ့သည့်စနေနေ့က ယှဉ်ပြိုင်ကစားခဲ့သော စပိန်လာလီဂါပွဲစဉ် (၁၂) အက်သလက်တီကို (၂-၀) ဗယ်လာဒိုလစ်ပွဲစဉ်အပြီးတွင် အက်သလက်တီကိုအသင်းသည် လွန်ခဲ့သည့် (၂၆)နှစ်က ဒီပို့တီဗိုအသင်း တင်ရှိထားသော လာလီဂါ၏ ခံစစ်ပိုင်းစံချိန် မှတ်တမ်းတစ်ခုအား လိုက်မီခဲ့ကြောင်း သိရသည်။

အက်သလက်တီကိုအသင်းသည် ယခုရာသီ လာလီဂါပွဲစဉ် (၁၂) ပြီးဆုံးချိန်တွင် (၁၀)ပွဲသာကစားရသေးပြီး ယင်း (၁၀)ပွဲတွင် ခံစစ်ပိုင်းမှ ပေးဂိုး (၂)ဂိုးသာ ခွင့်ပြုထားရသည်။ ထို့ကြောင့် ၁၉၉၃-၉၄ ရာသီက ဒီပို့တီဗိုအသင်း တင်ရှိခဲ့သော လာလီဂါရာသီအစ (၁၀)ပွဲကစားပြီး (၂)ဂိုးသာခွင့်ပြုခဲ့ရသည့် ခံစစ်ပိုင်းစံချိန်မှတ်တမ်းကို ယခုအခါ အက်သလက်တီကိုအသင်းက လိုက်မီခဲ့ခြင်းဖြစ်သည်။

အက်သလက်တီကိုအသင်းသည် ယခုရာသီ ဥရောပထိပ်တန်းလိဂ် (၅)ခုတွင် ပေးဂိုးအနည်းဆုံးအသင်းအဖြစ် ရပ်တည်နေသလို၊ ပွဲစဉ် (၁၀)ပွဲ ကစားပြီးချိန်တွင် ဂိုးမပေးရသည့်ပွဲ (Clean Sheet) (၈)ပွဲ အထိရယူနိုင်ခဲ့ခြင်းမှာလည်း ဥရောပထိပ်တန်းလိဂ် (၅)ခုတွင် အများဆုံးအဖြစ် ရပ်တည်နေသည်။ 

အဆိုပါ ၁၉၉၃-၉၄ ရာသီတွင် ဒီပို့တီဗိုအသင်းသည် ပွဲစဉ် (၁၁) ကစားအပြီးတွင်မူ ပေးဂိုး (၅)ဂိုးအထိ ရှိခဲ့သောကြောင့် အက်သလက်တီကို အသင်းအနေဖြင့် လာမည့်ပွဲစဉ်တွင် ပေးဂိုး (၃)ဂိုးအောက်သာရှိပါက စံချိန်သစ်တင်နိုင်မည်ဖြစ်သည်။


READ NEXT
Cancel OK