Top News

ရှားပါး ငှက်မျိုးစိတ် အောက်ချင်းငှက်များကို မကွေးတိုင်းအတွင်း မှောင်ခို အရောင်းအဝယ် ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်နေသဖြင့် ထိထိရောက်ရောက် အရေးယူစေလိုကြောင်း ဒေသခံများပြောကြား
24htopnews | September 17, 2024 3:12 PM CST

ရှားပါး ငှက်မျိုးဖြစ်သည့် အောက်ချင်းငှက်များကို မကွေးတိုင်းအတွင်း မှောင်ခိုအရောင်းအဝယ် ကျယ်ကျယ်ပြန့်ပြန့် လုပ်မှုများရှိနေသဖြင့် အသိပညာပေးမှုများ ပြုလုပ်၍ ထိထိရောက်ရောက် ဖော်ထုတ်အရေးယူမှုများ ပြုလုပ်စေလိုကြောင်း ဒေသခံများက ပြောကြားသည်။

ချင်းတိုင်းရင်းသားတို့၏ အထွတ်အမြတ်ထားရာ ရှားပါး ငှက်မျိုးစိတ်ဝင် အောက်ချင်းငှက်များကို မကွေးတိုင်းဒေသကြီးအတွင်း တရားမဝင် ဖမ်းဆီးရောင်းချနေမှုများ ရှိနေသဖြင့် ဒေသခံများက မျိုးသုဉ်း ပျောက်ကွယ်သွားမည်ကို စိုးရိမ်နေကြပြီး အောက်ချင်းငှက်များနှင့် ပတ်သက်၍ အသိပညာပေးမှုများ ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်ရန်နှင့် အရောင်းအဝယ်ပြုလုပ်နေသူများအား ထိထိရောက်ရောက် ဖော်ထေုတ် အရေးယူမှုများပြုလုပ်ရန် လိုလားကြောင်း မကွေးတိုင်းဒေသကြီး ဒေသခံများက ပြောကြားသည်။

“ကျွန်တော်တို့ဘက်မှာ ဒီလိုမျိုး မလုပ်ကြပါဘူး။ အခုဖြစ်နေတာက မင်းတုန်း၊ မင်းလှ၊ သရက် စတဲ့ဘက်တွေမှာ အရောင်းအဝယ် ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေတယ်လို့ ကြားသိရပါတယ်။ ဒီအောက်ချင်းငှက်က ကမ္ဘာ့ရှားပါး ငှက်မျိုးထဲမှာ ပါဝင်သလို မြန်မာနိုင်ငံမှာလည်း ထိန်းသိမ်းမှုတွေလုပ်နေတဲ့ ငှက်မျိုးပါ။ နောက်ပြီး ကျွန်တော်တို့ ချင်းတိုင်းရင်းသားတွေ အထွတ်အမြတ်ထားတဲ့ ငှက်ပါ။ ကျွန်တော်တို့ ဘိုးဘွားတွေတုန်းကဆို အောက်ချင်းငှက်အမွေးကိုတောင် ကျော်မသွားကြပါဘူး။ အခုဒီလိုတွေ လုပ်နေတာကို ဒေသခံတွေကို ကျယ်ကျယ်ပြန့်ပြန့် အသိပေးပြီး မှောင်ခို အရောင်းအဝယ် လုပ်နေသူတွေကိုလည်း ဖော်ထုတ်အရေးယူမှုတွေ ပြုလုပ်စေလိုပါတယ်”ဟု ငဖဲမြို့နယ် ဒေသခံ ချင်းတိုင်းရင်းသား ကိုရန်အောင်ထွန်းက ပြောကြားသည်။

အဆိုပါ အောက်ချင်း အရှင်တစ်ကောင်ကို မှောင်ခိုစျေးကွက်တွင် ကျပ် ၅၀၀၀၀ ကျော် အထိပေါက်စျေးရှိနေပြီး ပြည်ပ ဝယ်လက်များနှင့် ချိတ်ဆက် အရောင်းအဝယ် ပြုလုပ်နေကြောင်းနှင့် အောက်ချင်းငှက်အရှင်အပြင် အသေကောင်များ၊ အောက်ချင်းငှက်၏ ဦးခေါင်းများကိုလည်း အရောင်းအဝယ် ပြုလုပ်နေကြကြောင်း ဒေသခံများက ပြောကြားသည်။

“ဒီလို အရောင်းအဝယ် လုပ်နေတဲ့လူတွေက အွန်လိုင်းကနေတစ်ဆင့် အရောင်းအဝယ် လုပ်နေကြပြီး ပြည်ပကို ပို့နေကြတယ်လို့ ကြားသိရပါတယ်။ ပြီးခဲ့တဲ့ လကလည်း ဒီလို ငှက်မျိုးစုံ အရောင်းအဝယ် ပြုလုပ်နေတဲ့ လူတွေဆီကနေ အောက်ချင်းငှက်၊ အောက်လောင်ငှက် အပါအဝင် ရစ်တို့၊ ဒေါင်းအကောင် ၄၀ ကျော် ဖမ်းဆီးရမိခဲ့ပါတယ်။ ဒီငှက်တွေကိုတော့ ဘေးမဲ့တောကို ပြန်လွှတ်တာမျိုးတွေ လုပ်ထားပါတယ်။ အောက်ချင်းငှက်နဲ့ ပတ်သက်ပြီးတော့လည်း အသိပညာပေး ဗီနိုင်းတွေ ကပ်တာမျိုးတွေ လုပ်ထားပါတယ်။ အောက်ချင်းငှက် အရောင်းအဝယ်လုပ်ဖို့ လက်ဝယ်ထားရှိသူကို အနည်းဆုံး ထောင်ဒဏ် သုံးနှစ်အထိ အရေးယူအပြစ်ပေးနိုင်ပါတယ်”ဟု   မကွေးတိုင်းဒေသကြီး သစ်တောဦးစီးမှူး ဦးမြင့်သိန်းခိုင်က ပြောကြားသည်။

မကွေးတိုင်းဒေသကြီးအတွင်း အောက်ချင်းငှက် အရောင်းအဝယ်ပြုလုပ်မှုနှင့် ပတ်သက်ပြီး နှစ်ကြိမ်အထိ ဖမ်းဆီးအရေးယူများ ပြုလုပ်ခဲ့ကြောင်း သိရသည်။  


READ NEXT
Cancel OK