Top News

ရေစကြိုမြို့နယ် ဧရာဝတီမြစ်ကမ်းဘေး ဗလဗကျေးရွာမှာ မြစ်ရေကျဆင်းချိန်တွင် ကမ်းပြိုမှု ပြန်လည်ဖြစ်ပေါ်နေ၍ သက်ဆိုင်ရာက အရေးပေါ် ကာကွယ်ရေးလုပ်ငန်းများ လုပ်ဆောင်ပေးနေရ
24htopnews | September 17, 2024 3:12 PM CST

ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ် ဧရာဝတီ မြစ်ကမ်းဘေးရှိ ဗလဗကျေးရွာမှာ ယခုနိုဝင်ဘာလ မြစ်ရေကျဆင်းချိန်တွင် ကမ်းပြိုမှု ပြန်လည်ဖြစ်ပေါ်နေမှုအတွက် သက်ဆိုင်ရာမှ အရေးပေါ် ကာကွယ်ရေးလုပ်ငန်းများ လုပ်ဆောင်ပေးနေရကြောင်း သိရသည်။

ကမ်းပြိုမှုကြောင့် ကျေးရွာဘုန်းတော်ကြီးကျောင်းနှင့် ၎င်းဘုန်းတော်ကြီးကျောင်း အောက်ဖက်ရှိ စိုက်ပျိုးမြေနေရာများ ရေတိုက်စားခံနေရပြီး ကျေးရွာဘုန်းတော်ကြီးကျောင်းမှာ ထက်ဝက်ခန့်ထိ ကမ်းပြိုမှုအတွင်း ပြိုကျသွားပြီဖြစ်ကြောင်း သိရသည်။

ကျေးရွာဘုန်းကြီးကျောင်းမြေနေရာ ပြိုကျမှုရပ်တန့်ရေးနှင့် ရှေးဟောင်းဓမ္မရံသီ စေတီတော် ကမ်းပြိုမှုကာကွယ်ရေးအတွက် သဲအိပ်ချခြင်း၊ ကမ်းပါးတွင် ၀ါးဖောင်တွဲများ ချထားခြင်း၊ Stealcable Groyne ချထား၍ ရေလမ်းကြောင်းလွှဲခြင်းနှင့် ကမ်းပါးအား Polyfelt ခင်းအုပ်ခြင်းများအား မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အရေးပေါ် လုပ်ဆောင်ပေးနေကြောင်း သိရသည်။

မြစ်ရေပြန်ကျလာပြီး သဲလွှဲကို ရေစီးကြောင်းက တိုက်စားနေလို့ ကမ်းပြန်ပြိုနေတယ်။ ဘုန်းကြီးကျောင်းအနီးမှာ ကမ်းပြိုတာ ပိုများတယ်။ မနေ့ညကကို ကမ်းပြိုတာ ထက်ဖြစ်တဲ့အတွက် ဘုန်းကြီးကျောင်းရဲ့ နေရာတချို့ ပါသွားတယ်။ ဘုန်းကြီးကျောင်းရဲ့ ရွှေ့ရသမျှပစ္စည်းတွေကတော့ ကြိုရွှေ့ထားတယ်။ ရွှေ့မရတဲ့ ပင်မအဆောက်အအုံကတော့ ပြိုနေတုန်းပဲ။ ရွာဦးစေတီမပါရင်တော့ ကျေနပ်ပါပြီ။ သက်ဆိုင်ရာကလည်း ကမ်းပြိုကာကွယ်ရေး လုပ်ပေးနေပါတယ် ဟု ဗလဗကျေးရွာမှ ဦးအေးမောင်ထွန်းက ပြောကြားသည်။

ရေစကြိုမြို့နယ် ဧရာဝတီမြစ်ကမ်း ဘေးရှိ ဗလဗကျေးရွာမှာ ယခုနှစ်ဇွန်လကုန်ပိုင်းမှစ၍ ကမ်းပြိုမှုကြောင့် နေအိမ် ၃၀ နီး ပါး ရွှေ့ပြောင်းထားရပြီး မြေစျေးနှုန်းကြီးမြင့်မှုကြောင့် နေအိမ်ရွှေ့ပြောင်းထားရသူများမှာ နေထိုင်ရေး အခက်အခဲများ ကြုံတွေ့နေရပြီး မြစ်ရေတိုက်စားမှုကြောင့် မြေနေရာ ဆုံးရှုံးခဲ့သူများမှာ လက်ရှိတွင် နီးစပ်ရာဆွေမျိုးများထံတွင် နေထိုင်နေရပြီး မြေတစ်ဧကလျှင် ကျပ်သိန်း ၁၀၀ ကျော်ထိ မြင့်တက်လာခြင်း ကြောင့် ဝယ်ယူနိုင်ခြင်း မရှိသည့်အတွက် အခက်အခဲများ ကြုံတွေ့နေကြောင်း သိရသည်။

မြေဝယ်နိုင်တဲ့သူကတော့ ဝယ်နေရတာပေါ့။ မြေမဝယ်နိုင်တဲ့သူ စိုက်ပျိုးမြေ ကမ်းပြိုတဲ့ထဲ ပါသွားတဲ့ သူကတော့ သူများ အိမ်ကပ်နေရတာပေါ့။ မြေမဝယ်နိုင်လို့ ဆွေမျိုးတော်စပ်သူ အိမ်ဝိုင်းထဲ တဲထိုးဖြစ်သလို နေရတာပေါ့။ လုပ်စားမြေကလည်း ကမ်းပြိုတဲ့ထဲ ပါသွားတော့ စားသောက်ရေးလည်း အတော်ခက်ပါတယ် ဟု ဗလဗကျေးရွာသား တစ်ဦးက ပြောကြားသည်။

ကမ်းပြိုမှုကြောင့် နေအိမ်ရွှေ့ပြောင်းရသူများအား ပခုက္ကူခရိုင် ဘေးအန္တရာယ်စီမံ ခန့်ခွဲမှုကော်မတီမှ နေအိမ်တစ်လုံးလျှင် ရွှေ့ ပြောင်းစရိတ် တစ်သိန်းကျပ်၊ စားနပ်ရိက္ခာ တစ်ပတ်စာနှင့် ကယ်ဆယ်ရေးပစ္စည်း ကိုး မျိုးအား ထောက်ပံ့ပေးထားသည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်တွင် ဗလဗ ကျေးရွာမှာ ကမ်းပြိုမှုကြောင့် နေအိမ် ၆၈ လုံးရွှေ့ပြောင်းထားရသည့်အပြင် စိုက်ပျိုး မြေဧက ၇၀၀ နီးပါး ပြိုကျဆုံးရှုံးခဲ့ပြီး ယခုနှစ်တွင် အိမ်ခြေ ၃၀ နီးပါး ထပ်မံရွှေ့ပြောင်း ထားရကြောင်း သိရသည်။

ရေစကြိုမြို့နယ် ဗလဗကျေးရွာ ကမ်းပြိုမှု ကာကွယ်ရေးအတွက် တိုင်းဒေသကြီး အစိုးရမှ ကျပ်သန်း ၁၅၀ ချထားပေးပြီး ကမ္ဘာ့ဘဏ်ချေးငွေဖြင့် ဆောင်ရွက်နေသည့် မန္တလေး-ညောင်ဦးကြား ဧရာဝတီမြစ်ကြောင်း ထိန်းသိမ်းရေးအစီအစဉ်မှလည်း ဗလဗ ကျေးရွာအနီး မြစ်ကြောင်းအား ထိန်းသိမ်းပြုပြင်မှု လုပ်ဆောင်နေသည်။


READ NEXT
Cancel OK