Top News

မြန်မာနိုင်ငံတွင် Ford ၊ Daewoo ၊ Suzuki နှင့် Scania အမှတ်တံဆိပ်များဖြင့် မော်တော်ကား ထုတ်လုပ် ရောင်းချမှုလုပ်ငန်းကို နိုင်ငံပေါင်းခြောက်နိုင်ငံက ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာသန်း ၆၄၀ ကျော်ဖြင့် ဝင်ရောက်လုပ်ကိုင်လျက်ရှိ
24htopnews | September 17, 2024 3:12 PM CST

လက်ရှိအချိန်အထိ မြန်မာနိုင်ငံ၏ မော်တော်ယာဉ် တပ်ဆင်ထုတ်လုပ် ရောင်းချမှုလုပ်ငန်းကဏ္ဍတွင် Ford ၊ Daewoo ၊ Suzuki နှင့် Scania အမှတ်တံဆိပ်များဖြင့် မော်တော်ကား တပ်ဆင်ထုတ်လုပ် ရောင်း  ချမှုလုပ်ငန်းကို နိုင်ငံပေါင်းခြောက်နိုင်ငံက  နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ သန်း ၆၄၀ ကျော်အထိ ဝင်ရောက်ထားပြီး စင်ကာပူနိုင်ငံက အများဆုံး ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦး စီးဌာနမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး တောင်ဒဂုံစက်မှုဇုန်တွင် ဂျပန်နိုင်ငံ Suzuki (Myanmar)Motor Co.,Ltd က ရာနှုန်းပြည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖြင့် ဒေါ်လာခုနစ်သန်းမြှုပ်နှံကာ Suzuki အမှတ်တံဆိပ် မော်တော်ယာဉ် တပ်ဆင်ထုတ်လုပ်ရောင်းချခြင်း လုပ်ငန်းလုပ်ကိုင်လျက်ရှိသည်။

တရုတ်ကုမ္ပဏီ Khaing Khaing Sang Da Group Co.,Ltd က ဖက်စပ်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖြင့် ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန် ၃၊ ၄တွင် ဒေါ်လာနှစ်သန်းကျော်မြှုပ်နှံကာ မော်တော်ယာဉ်ထုတ်လုပ် ခြင်းနှင့် ရောင်းချခြင်း လုပ်ကိုင်လျက်ရှိသည်။

မလေးရှားကုမ္ပဏီ  Tan Chong Motor (Myanmar) Co.,Ltd က ရာနှုန်းပြည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖြင့်လှိုင်သာယာစက်မှုဇုန်(၁)နှင့် ပဲခူးတိုင်းဒေသကြီးရှိ စက်မှုဇုန် နယ်မြေတို့တွင် Nissan အမှတ်တံဆိပ် မော်တော်ကား ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်းကို ဒေါ်လာသန်း ၅၆၀ နီးပါးမြှုပ်နှံကာ  လုပ် ကိုင်လျက်ရှိသည်။

စင်ကာပူကုမ္ပဏီ SC AUTO (Myanmar) Company Limited က ဖက်စပ်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်အတွင်း Scania အမှတ်တံဆိပ် ခရီးသည်တင်ယာဉ်များ တပ်ဆင်

ထုတ်လုပ် ရောင်းချခြင်း၊ပြုပြင်ခြင်းနှင့် ထိန်းသိမ်းရေးလုပ်ငန်း လုပ်ကိုင်လျက်ရှိသည်။

စင်ကာပူကုမ္ပဏီ  CAPITAL MOTORS Limited က ဖက်စပ် နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုဖြင့် Ford အမှတ်တံဆိပ် မော်တော်ယာဉ်များ ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်းကို ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်

(အရှေ့) စက်မှုဇုန်တွင်လည်းကောင်း၊ ဟောင်ကောင်ကုမ္ပဏီ Gold AYA Motors International Group Co.,Ltd က ဖက်စပ်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖြင့် မန္တလေးတိုင်းဒေသကြီးအတွင်း ဒေါ်လာ ၁၅ သန်းကျော် မြှုပ်နှံ၍ လည်းကောင်း၊ စင်ကာပူကုမ္ပဏီ Shwe Daehan Motors Co.,Ltd က ရာနှုန်းပြည့်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖြင့် သာဓုကုန်စက်မှုဇုန်၌ ဒေါ်လာ ၁၀ သန်းနီးပါးမြှုပ်နှံ၍လည်းကောင်း မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များ ထုတ်လုပ်ရောင်းချခြင်းနှင့်ရောင်း ချပြီးနောက်ပိုင်း ဝန်ဆောင်မှုပေးခြင်း လုပ်ငန်းကိုလည်း လုပ်ကိုင်လျက်ရှိသည်။

မလေးရှားကုမ္ပဏီ Go Excellent (Myanmar) Co.,Ltd  က ဖက်စပ်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖြင့် ရန်ကုန်တိုင်းဒေသကြီး  ရွှေလင်ပန်းစက်မှုမြို့တွင်  ဒေါ်လာ ခုနစ်သန်းကျော်မြှုပ်နှံကာ မော်တော်ယာဉ်တပ် ဆင်ထုတ်လုပ်ခြင်း လုပ်ငန်းလုပ်ကိုင်လျက် ရှိသည်။

ကိုရီးယားကုမ္ပဏီ Daewoo Bus Myanmar Co., Ltd က ဖက်စပ်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် မင်္ဂလာဒုံမြို့နယ်အတွင်း ဒေါ်လာ ငါးသန်းနီးပါးမြှုပ်နှံကာ ခရီးသည်တင် မော်တော်ယာဉ်များ တပ်ဆင်ထုတ်လုပ် ရောင်းချခြင်းလုပ်ငန်းနှင့် ပြုပြင်ခြင်းလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန မှ သိရသည်။

မြန်မာနိုင်ငံ၏ မော်တော်ယာဉ် ထုတ်လုပ်တပ်ဆင် ရောင်းချခြင်းလုပ်ငန်းကဏ္ဍတွင် စင်ကာပူ၊ ဟောင်ကောင်၊ မလေးရှား၊ ကိုရီးယား၊ တရုတ်နှင့် ဂျပန်နိုင်ငံတို့က ဒေါ်လာ သန်း ၆၄ဝကျော်မြှုပ်နှံကာ ဝင်ရောက် လုပ်ကိုင်နေခြင်းဖြစ်သည်။               

 

 


READ NEXT
Cancel OK