Top News

မြန်မာနိုင်ငံသည် Precursor အများဆုံး ထုတ်လုပ်သည့် နိုင်ငံကြီးနှစ်ခုကြား တည်ရှိနေပြီး နယ်စပ်ဝင်ထွက်ပေါက်များ အပြည့်အ၀ ထိန်းချုပ်ရန် ခက်ခဲမှုသည် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးတွင် စိန်ခေါ်မှုတစ်ရပ်ဖြစ်နေဟု ဆို
24htopnews | September 17, 2024 3:12 PM CST

မြန်မာနိုင်ငံသည် Precursor အများဆုံး ထုတ်လုပ်သည့် နိုင်ငံကြီးနှစ်ခုကြား တည်ရှိနေပြီး နယ်စပ်ဝင်ထွက်ပေါက်များ အပြည့်အ၀ ထိန်းချုပ်ရန် ခက်ခဲမှုသည် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးတွင် စိန်ခေါ်မှု တစ်ရပ် ဖြစ်နေကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက ပြောကြားသည်။

၎င်းက “ကျွန်တော်တို့နိုင်ငံဟာ ပထဝီအနေအထားအရ Precursor အများဆုံး ထုတ်လုပ်တဲ့ နိုင်ငံကြီးနှစ်နိုင်ငံကြားမှာ တည်ရှိနေပြီး နယ်စပ်ဝင်ထွက်ပေါက်များ အပြည့်အဝထိန်းချုပ်ရန်ခက်ခဲမှုက မူးယစ် ဆေးဝါးတားဆီးနှိမ်နင်းရေးမှာ စိန်ခေါ်မှုတစ်ရပ်ဖြစ်နေပါတယ် ဟုပြောကြားသည်။

နိုဝင်ဘာ ၇ ရက်က နေပြည်တော်ရှိ   M Gallery ဟိုတယ်တွင်ကျင်းပသည့် ဒေသတွင်း Precursor ထိန်းချုပ်ရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အဆင့် ညီလာခံ၌ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက အဖွင့်အမှာစကား ပြောကြားရာတွင် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

၂၀၁၈ ခုနှစ်အတွင်း Precursor အမျိုးအစားအလိုက် ဖမ်းဆီးရမိမှုသည် ကဖင်း ၂၀၁၆၁ ကီလိုကို မြန်မာ-လာအို နယ်စပ်နှင့် မြန်မာ-တရုတ် နယ်စပ်တွင်လည်းကောင်း၊ ဆူဒိုအက်ဖီဒရင်း၊ အက်ဆီဒရင်းဆေးပြား၊ အမှုန့် ၂၃၆ ဒသမ ၅ ကီလို အား ဘိန်းချက်စခန်းအချို့တွင် လည်းကောင်း၊  ဆာလဖျူရစ် အက်စ် ၆၂၁၃၅ လီတာ၊ ဟိုက်ဒရိုကလိုရစ် အက်စစ် ၁၆၆၁၅၃ လီတာ၊ အီသိုင်း၊ အီသာ ၁၉၁၇၉၄ လီတာ၊ အက်စီတုန်း ၅၄၂၆၀ ကို မြန်မာ-တရုတ်နယ်စပ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့ပြင် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုနိုင်သည့် Precursor  ဖြစ်သည့် ဆိုဒီယမ်ဆိုင်ရာနိုက် ၂၃၅၅၀ ကီလိုအား မြန်မာ-ထိုင်းနယ်စပ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

နယ်မြေလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးမှု အားနည်းသည့် ဝေးလံသော နယ်စပ်ဒေသများတွင် မူးယစ်ဆေးဝါးထုတ်လုပ်မှုကို စုံစမ်းသတင်းရယူပြီး တပ်မတော်တပ်ရင်း တပ်ဖွဲ့များနှင့် ပူးပေါင်း၍ ဘိန်းချက်စခန်းများကို ၁၉၉၁ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ ဘိန်းချက်စခန်းပေါင်း ၁၉၄ ခုဖမ်းဆီးခဲ့ပြီး စိတ်ကြွ ရူးသွပ်ဆေးပြားရိုက်စက် ၆၁ ခု ဖော်ထုတ် သိမ်းဆည်းခဲ့ကြောင်း ဒုတိယဝန်ကြီးက ဆိုသည်။

ဗိုလ်ချုပ်အောင်သူက “မူးယစ်ဆေးဝါး ထုတ်လုပ်သူများဟာ ဆက်စပ်နိုင်ငံများရဲ့ နယ်နိမိတ်၊ နိုင်ငံရေးကွဲပြားမှု၊ ဥပဒေမတူမှုတွေကို အခွင့်ကောင်းယူပြီး တစ်နိုင်ငံနှင့် တစ်နိုင်ငံ ကူးလူးသွားလာကာ မူးယစ်ဆေးဝါး ထုတ်လုပ်မှုနဲ့ တရားမဝင် ရောင်းဝယ်ဖောက်ကားမှုတွေကို ကျူးလွန်နေကြတယ်ဆိုတာ အားလုံးအသိပဲဖြစ်ပါတယ်။ Precursor မရှိရင် မူးယစ်ဆေးဝါးမရှိ၊ သုံးစွဲသူမရှိလျှင် မူးယစ်ဆေးဝါး မရှိဆိုတဲ့ ဆောင်ပုဒ်အတိုင်း မူးယစ်ဆေးဝါးပြဿနာကို ထိန်းချုပ်တား ဆီးနှိမ်နင်းရာမှာ ဒေသတွင်းနိုင်ငံများသာမက နိုင်ငံတကာ အဖွဲ့အစည်းများမှလည်း ပူးပေါင်း ဆောင်ရွက်သွားရန် လိုအပ်မှာဖြစ်ပါတယ်  ဟုပြောကြားသည်။

၂၀၁၈ ခုနှစ်အတွင်း မြန်မာနိုင်ငံအတွင်းသို့ မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့်  Precursor များ ဝင်ရောက်ရာ  လမ်းကြောင်းသည် မြန်မာနယ်စပ်မှ မူဆယ်-ကွတ်ခိုင်-သိန်းနီ-လားရှိုး-မိုင်းရယ်-ဝမ်ဟိုင်းဒေသများ၊ “ဝအထူးဒေသ၊ ကိုးကန့်အထူးဒေသများ၊ မူဆယ်-ကွတ်ခိုင်-လားရှိုး-ပြင်ဦးလွင်-မန္တလေးမှ ရှမ်းပြည်နယ် ( တောင်ပိုင်း/အရှေ့ပိုင်း) ဒေသများ၊ ကရင် ပြည်နယ်၊ မြဝတီ-သထုံ-ပဲခူးမှ အခြားဒေသများ၊ မဲခေါင်မြစ်ကြောင်းကိုဖြတ်သန်း၍ တာချီလိတ်၊ မိုင်းဆတ်-မိုင်းဖြတ်မှတစ်ဆင့် အခြားဒေသများသို့ သယ်ဆောင်လျက် ရှိကြောင်း ဖမ်းဆီးရမိမှုဖြစ်စဉ်များအရ သုံးသပ်တွေ့ရှိရကြောင်း ဒုတိယဝန်ကြီးက ဆိုသည်။


READ NEXT
Cancel OK