Top News

NCA အကောင်အထည်ဖော်မှုတွင် တစ်ဆို့နေသော အကြောင်းရင်းများအား အဖြေရှာဆွေးနွေးမည့် KNU ၏ အရေးပေါ်အစည်းအဝေး စတင်ပြုလုပ်နေပြီး ယုံကြည်မှုတည်ဆောက်ရေးကို အခြေခံကာ အဖြေရှာနိုင်ရေး ဆွေးနွေးမည်ဟု KNU ကြေညာ
24htopnews | September 17, 2024 3:12 PM CST

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) အကောင်အထည်ဖော်မှုတွင် တစ်ဆို့နေသော အကြောင်းရင်းများကို အဖြေရှာဆွေးနွေးသွားမည့် ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ခြောက်ကြိမ်မြောက် ဗဟိုအမြဲတမ်းကော်မတီ အရေးပေါ်အစည်းအဝေးကို KNU ဗဟိုဌာနချုပ်တည်ရှိရာ လော်ခီးလာတွင် နိုဝင်ဘာ ၆ ရက်မှ စတင်ပြုလုပ်နေပြီး ယုံကြည်မှုတည်ဆောက်ရေးကို အခြေခံကာ အဖြေရှာနိုင်ရေး ဆွေးနွေးသွားမည်ဟု KNU က ကြေညာသည်။

ထို့ပြင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံဆွေးနွေးပွဲ သုံးကြိမ်ပြုလုပ်၍ ဒီမိုကရေစီနှင့် ဖက်ဒရယ် အခြေခံမူများကို ချမှတ်သွားမည်ဟု အစိုးရနှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်ထိပ်သီးခေါင်းဆောင်များ၏ သီးသန့်အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့သော်လည်း နက်ရှိုင်းသော ကွာဟမှုများကို အဖြေရှာရန် လိုအပ်နေသည်ဟုလည်း KNU ၏ Facebook Page ဖြစ်သော Karen National Union Headquarters က နိုဝင်ဘာ ၆ ရက်တွင် ဖော်ပြခဲ့သည်။

တစ်ဖက်တွင်လည်း NCA စာချုပ်ပါ အချက်များနှင့်ပတ်သက်၍ အကောင်အထည် မဖော်နိုင်သေးသည့် အချက်များလည်း ရှိနေရာ ထိုသို့သော အကြောင်းအရာအားလုံးနှင့်စပ်လျဉ်း၍ ယုံကြည်မှု တည်ဆောက်ရေးကို အခြေခံပြီး မည်ကဲ့သို့ အဖြေရှာနိုင်ရေး စသည့်ကိစ္စများကိုလည်း နိုဝင်ဘာ ၆ ရက်မှ ၁၀ ရက်အထိ ငါးရက်ကြာ ပြုလုပ်မည့် KNU ၏ အရေးပေါ်အစည်းအဝေးတွင် ဆွေးနွေးသွားမည်ဖြစ်ကြောင်း Karen National Union Headquarters က ဖော်ပြခဲ့သည်။

KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး အနေဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)  ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ထံသို့ အောက်တိုဘာ ၂၇ ရက်စွဲဖြင့် အကြောင်းကြားစာတစ်စောင် ပေးပို့ခဲ့ပြီး စာပါအကြောင်းအရာ အရ  KNU  သည် ဒီမိုကရေစီကို အခြေခံပြီး ဖွဲ့စည်းထားသော အဖွဲ့အစည်းဖြစ်သည့်အလျောက် အဖွဲ့အစည်းအနေဖြင့် စုပေါင်းတာဝန်ယူမှု၊ တာဝန်ခံမှုနှင့်အတူ ဆုံးဖြတ်ချက်ချမှတ်ခြင်း လုပ်ငန်းစဉ်များတွင် တစ်ဦးချင်းစီက တာဝန်ယူမှု၊ တာဝန်ခံမှုများနှင့် ပွင့်လင်းမြင်သာမှုများရှိရမည်ဟု ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးက ရေးသားထားသည်။

ထိုသို့ဖြစ်သောကြောင့် အောက်တိုဘာ ၁၅-၁၆ ရက်တွင် နေပြည်တော်၌ ပြုလုပ်ခဲ့သော အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ သီးသန့်အစည်းအဝေး၏ သဘောတူညီချက်များအား အဖွဲ့အစည်းအတွင်း ပြန်လည်ချပြခြင်း၊ ဆွေးနွေးခြင်း၊ အတည်ပြုခြင်း၊ညှိနှိုင်းလုပ်ဆောင်ခြင်းနှင့် ဆုံးဖြတ်ချက်ချခြင်းများကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း KNU မှ ပေးပို့သည့်စာတွင် ဖော်ပြခဲ့သည်။

ထို့ကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အကောင်အထည်ဖော်မှုအသစ်ဖြစ်သည့် ယန္တရား၊ မူဘောင်နှင့် ဆုံးဖြတ်ချက်ချမည့် ပုံစံအား အဖွဲ့ဝင်များအားလုံးနှင့် ကရင်ပြည်သူလူထုထံ နားလည်ရန်နှင့်သဘောတူညီမှု ရယူရန် လိုအပ်နေသေးသည့်အတွက် လတ်တလော ကျင်းပမည့် ငြိမ်းချမ်းရေးဖြစ်စဉ် ဆိုင်ရာအစည်းအဝေးများတွင် KNU ၏ တက်ရောက်ပါဝင်မှုများအား ယာယီဆိုင်းငံ့ထားကြောင်း NRPC ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ထံ KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးက စာရေးသားပေးပို့၍ အသိပေးခဲ့သည်။

KNU ၏ အဆိုပါပေးပို့စာ လူမှုကွန်ရက်တွင် ပြန့်နှံ့ခဲ့ပြီးနောက် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ပတ်သက်၍ စိုးရိမ်မှုများ ရှိခဲ့သော်လည်း KNU အနေဖြင့်မူ NCA ကို အခြေခံသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဖြင့် ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေး ရရှိရန်အတွက် တစိုက်မတ်မတ် ဆောင်ရွက်သွားမည်ဟု သန္နိဋ္ဌာန် ချထားကြောင်း KNU က အောက်တိုဘာ ၂၉ ရက်တွင် ကြေညာခဲ့သည်။

ယခု ပြုလုပ်နေသည့် KNU ၏ အရေးပေါ်အစည်းအဝေးသို့ KNU/KNLA စစ်ဦး စီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီနှင့် ဒုတိယစစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဘောကျော်ဟဲတို့ အပါအဝင် KNU တပ်မဟာ (၇) ခုမှ တပ်ပိုင်းဆိုင်ရာ ခေါင်းဆောင်များလည်း တက်ရောက်နေကြောင်း သိရသည်။


READ NEXT
Cancel OK