Top News

အဂတိလိုက်စားမှုဖြင့် တရားစွဲဆို ဖမ်းဆီးခံထားရသည့် ရဲအုပ် ချစ်ကိုကိုအား သန်းထွဋ်အောင်၏ ဖခင်မှ ကျပ်သိန်း ၃၀ ကို လေးကြိမ်ခွဲပြီး ပေးခဲ့ကြောင်း အဂတိကော်မရှင်က တရားခွင်တွင် ထွက်ဆို
24htopnews | September 17, 2024 3:12 PM CST

သရုပ်ဆောင် အောင်ရဲထွေး အသတ်ခံရမှုတွင် အဂတိလိုက်စားမှုဖြင့် တရားစွဲဆို ဖမ်းဆီးခံထားရသည့် ရဲအုပ် ချစ်ကိုကိုအား သန်းထွဋ်အောင်၏ ဖခင်က ကျပ်သိန်း ၃၀ ကို လေးကြိမ်ခွဲပြီး ပေးခဲ့ကြောင်း နိုဝင်ဘာ ၆ ရက် ရုံးချိန်းတွင် တရားလို အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၊ အမှုစစ်နှင့် တရားစွဲဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမိုးနိုင်က တရားခွင်တွင် ထွက်ဆိုခဲ့သည်။

နိုဝင်ဘာ ၆ ရက်ရုံးချိန်းတွင် သရုပ်ဆောင် အောင်ရဲထွေး အသတ်ခံရမှုကို ရုပ်သိမ်းခဲ့ရာတွင် တံစိုးလက်ဆောင် ရယူခဲ့သည်ဟုဆိုပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ် မ ၅၆ နှင့် တရားစွဲဆိုခံထားရသည့် ရဲဲအုပ် ချစ်ကိုကိုအား ရုံးထုတ်ခဲ့သည်။

အဆိုပါ ရုံးချိန်းတွင် တရားလို ဦးမိုးနိုင်က သက်သေခံ တင်ပြခြင်းများ လုပ်ဆောင်ခဲ့ပြီး အောင်ရဲထွေး အသတ်ခံရမှုဖြစ်စဉ်အား ပြန်လည် ထွက်ဆိုခဲ့သည်။

ယင်းသို့ ထွက်ဆိုရာတွင် ရဲအုပ်ချစ်ကိုကို၏ ရှေ့နေမှ  တရားလို ထွက်ဆိုချက်များမှာ ကိုယ်တိုင်မြင်တွေ့ ကြားသိရခြင်း မဟုတ်သဖြင့် သက်သေခံ ဥပဒေပုဒ်မ ၆၀ အရ တစ်ဆင့်ကြား သက်သေခံချက်မှာ သက်သေခံ မဝင်သဖြင့် ရုံးတော်မှ လက်ခံခြင်း မပြုရန် ကန့်ကွက် လျှောက်ထားခဲ့သည်။

ကန့်ကွက် လျှောက်ထားရာတွင် နိုင်ငံတော်ဘက်မှ ဥပဒေအရာရှိက တရားလိုမှာ အမှုစစ်ဖြစ်သဖြင့်  ၎င်း၏ စစ်ဆေးပေါ်ပေါက်ချက်များကိုသာ ထွက်ဆိုခြင်းကြောင့် တရားရုံးတော်က ဆက်လက် မှတ်တမ်းတင်ပြီး တရားလိုအား ဆက်လက် စစ်ဆေးခဲ့သည်။

စစ်ဆေးရာတွင် ရဲအုပ်ချစ်ကိုကို၏ ရှေ့နေက တရားလို၏ ထွက်ဆိုချက်များမှာ ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၁၆၂/၁၆၂ (၁)အရ ရဲထံအစစ်ခံ ထွက်ဆိုခဲ့သည့် ထွက်ချက်များသာဖြစ်ပြီး ယခုအမှုတွင်လည်း ရဲအုပ် ချစ်ကိုကိုထံမှ ငွေကြေးတစ်စုံတစ်ရာ သိမ်းဆည်းခဲ့ခြင်း မရှိသဖြင့် တရားလို၏ ထွက်ဆိုချက်များအား သက်သေခံအဖြစ် တင်သွင်းထွက်ဆိုခြင်း မပြုသင့်ကြောင်း တရားရုံးမှာ ကန့်ကွက် လျှောက်ထားခဲ့ရာ နိုင်ငံတော်ဘက်မှ ဥပဒေအရာရှိက တရားလိုသည် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေအရ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အမှုမှာ အမှုစစ်အဖြစ် လိုက်ပါဆောင်ရွက်တာကြောင့် ကိုယ်တိုင်သိရှိမှုတွေကို ထွက်ဆိုခဲ့ခြင်းကြောင့် မှတ်တမ်း တင်သင့်ကြောင်း ပြန်လည် လျှောက်လဲ တင်ပြခဲ့သည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး အကျယ်တဝင့် လျှောက်လဲချက်ပေးရန် ရုံးချိန်းအား နိုဝင်ဘာ ၁၄ ရက်သို့ ပြန်လည် ချိန်းဆိုခဲ့သည်။

အောင်ရဲထွေးအမှုတွင် ရန်ကုန်တိုင်းဒေသကြီး ဥပဒေအရာရှိချုပ်ဟောင်း ဦးဟန်ထူးမှာ ကျပ်သိန်း ၁၅၀၊ ဘလူးလေဘယ်လ် တစ်လုံး၊ အကျႌတစ်ထည်၊ ခရိုင်ဥပဒေအရာရှိ ဦးကိုကိုလေးမှ ကျပ်သိန်း ၁၃၀၊ ဂိုးလေဘယ်လ် တစ်လုံး၊ ဒုခရိုင် ဥပဒေအရာရှိ ဒေါ်သစ်သစ်ခင်မှာ ကျပ်သိန်း ၃၀၊ ပါတိတ်လုံခြည် တစ်ထည်၊ ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးမှ  ဒုတိယခရိုင် တရားသူကြီး ဦးအောင်ကြည်က ကျပ်သိန်း ၃၀၀၊ ရဲအုပ် ချစ်ကိုကိုမှ ကျပ်သိန်း ၃၀၊ ရန်ကုန်တိုင်းဒေသကြီး ဥပဒေအရာရှိ ဦးသိန်းဇော်က ကျပ်သိန်း ၅၀ ရယူခဲ့သည်ဟု အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် က ထုတ်ပြန်ထားသည်။

ဇူလိုင် ၃၁ ရက် နံနက် ၁၀ နာရီတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က သမ္မတအိမ်တော်တွင် ပြည်ထောင်စု တရားသူကြီးချုပ်၊ ပြည်ထောင်စု ရှေ့နေချုပ်နှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌတို့အား နိုင်ငံတော်သမ္မတက ခေါ်ယူတွေ့ဆုံခဲ့ပြီး အောင်ရဲထွေးအမှု ရုပ်သိမ်းခြင်း၏ နောက်ခံအကြောင်းရင်းများ၊ အခြားဆက်နွှယ် ပတ်သက်မှုများနှင့်စပ်လျဉ်း၍ တိတိကျကျ စိစစ်ပြီး ဥပဒေနှင့်အညီ မှန်မှန်ကန်ကန် ဆောင်ရွက်ရန် လမ်းညွှန် မှာကြားခဲ့သည်။

ယင်းသို့ မှာကြားအပြီးတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ကျော်စောသတင်းအဖြစ် သတ်မှတ်ပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းကာ စစ်ဆေးရာမှ တံစိုးလက်ဆောင် ရယူမှုများ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။                                              

 


READ NEXT
Cancel OK