Top News

တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ၏ မြန်မာနိုင်ငံချစ်ကြည်ရေး ခရီးစဉ်အတွင်း ကျောက်ဖြူစီးပွားရေးဇုန်နှင့် နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ MoU များ ရေးထိုးရန်ရှိ 
24htopnews | September 17, 2024 2:12 PM CST

တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ၏ မြန်မာပြည်သို့ ချစ်ကြည်ရေးလာရောက်သော ခရီးစဉ်တွင် နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ MoU နှင့် ကျောက်ဖြူစီးပွားရေးဇုန်နှင့် ပတ်သက်သည့် MoU များ ရေးထိုးရန်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားသည်။

ဇန်နဝါရီ ၉ ရက်က နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရုံး၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ၏ မြန်မာပြည်သို့လာရောက်သော ခရီးစဉ်တွင် မည်သည့် MoU များ လက်မှတ်ရေးထိုးရန် ရှိမလဲဆိုသည့် မီဒီယာများ၏ မေးမြန်းမှုကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ဘက်က နှစ်ခု၊ သုံးခုပေါ့။ တစ်ခုကတော့ ကုန်သွယ်ရေးနဲ့ပတ်သက်ပြီးတဲ့အခါကျတော့ DG အဆင့် ပူးတွဲကော်မတီ တစ်ခုဖွဲ့ဖို့၊ နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ MoU ထိုးဖို့ရယ်၊ နောက်တစ်ခုကတော့ ကျောက်ဖြူပေါ့။(ကျောက်ဖြူကရော ဘာတွေထိုးမှာလဲ) ပထမ  Framework Agreement က ထိုးပြီးပြီ။ ထိုးပြီးတဲ့အခါကျတော့ ကွန်ဆက်ရှင်နယ် Agreement ရယ်၊ နှစ်ခုထိုးမှာပေါ့။ ဒါက တော့ Framework အောက်မှာရှိတဲ့ဟာတွေပေါ့။ ခုနစ်ခုလားမသိဘူး ရှိတယ်။ အဲဒီထဲက နှစ်ခုထိုးမှာပါ။ အဲဒါဆိုရင်တော့ တော်တော်လုပ်ငန်းစလို့ရပြီပေါ့” ဟု ဒုတိယဝန်ကြီးက ပြောကြားသည်။

ကျောက်ဖြူစီးပွားရေးဇုန်နှင့် ပတ်သက်၍  Framework Agreement လက်မှတ်ရေးထိုးပြီးသည့်အချိန်မှစ၍ EIA . SIA လုပ်ငန်းများကို စတင်လုပ်ဆောင်နေပြီဖြစ်ပြီး လက်ရှိရေးထိုးမည့် စာချုပ်နှစ်ခုအရ ဆိပ်ကမ်းလုပ်ဆောင်ခြင်းအပိုင်း အပါအဝင် ယင်းနှင့်ပတ်သက်သည်များကို အကောင်အထည်ဖော် သွားမည်ဖြစ်ကြောင်း၊ စက်မှုဇုန်နှင့်ပတ်သက်၍လည်း ထပ်မံညှိနှိုင်းသွားမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။

ရင်းနှီးမြှုပ်နှံမှု ပမာဏက ဘယ်လောက်ရှိမလဲဆိုသည့် မေးမြန်းမှုကို “အဲဒါကတော့ ကျွန်တော်တို့က အသေးစိတ်ပြန်ပြီးတော့ ခန့်မှန်းရဦးမှာပါ။ ပထမတုန်းကတော့ သူတို့ Project တစ်ခုလုံးအတွက် ခုနစ်ဘီလျံ လောက် US ဒေါ်လာပေါ့။ အဲဒီလောက်မှန်းတာပေါ့။  Deep Sea Port ကတော့ ကျွန်တော်တို့က နည်းနည်းလေး ပြန်တန်ဖိုး လျှော့ချလိုက်ပြီးတော့ တစ်ဘီလျံကျော်ကျော်လောက်နဲ့လုပ်ဖို့ပေါ့။ အခု ပထမဆုံးကတော့  Deep Sea Port စပြီး လုပ်နေပါပြီ” ဟု ဒုတိယဝန်ကြီးက ပြန်လည်ဖြေကြားသည်။

စိုက်ပျိုးရေးနှင့်ပတ်သက်သည့် MOU သုံးခု၊ လေးခုခန့် လက်မှတ်ရေးထိုးရန်ရှိပြီး ဆန်ကွဲတင်ပို့ရန်ကိစ္စ၊ ကျွဲနွားအရှင်တင်ပို့ရန်ကိစ္စ၊ တစ်သျှူးငှက်ပျောကိစ္စ စသည်များ ပါဝင်ကြောင်း၊ ကုန်သွယ်မှုတွင် အတားအဆီး ဖြစ်နေသည်များကို ဖြေလျှော့ရန်ထက် ၎င်းတို့၏  Standard ကို လိုက်မီအောင် လုပ်ရမည့် သဘောမျိုးဖြစ်နေကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။

 

 


READ NEXT
Cancel OK