Top News

ပြစ်မှုနှင့်ပြစ်ဒဏ် မမျှသည့်အပြင် အသက် ၁၈ နှစ်မပြည့်သေးသူတစ်ဦးအား ထောင်ဒဏ်ခုနစ်နှစ် ချမှတ်ခဲ့ခြင်းနှင့်ပတ်သက်၍ မကွေးခရိုုင်တရားရုုံးကိုု ဆန္ဒပြအော်ဟစ်ပြစ်တင်မှုများဖြစ်ပွား
24htopnews | September 16, 2024 10:12 PM CST

ပြစ်မှုနှင့် ပြစ်ဒဏ် မမျှသည့်အပြင် အသက် ၁၈ နှစ်မပြည့်သေးသူတစ်ဦးအား ထောင်ဒဏ် ခုနစ်နှစ်ချမှတ်ခဲ့ခြင်းနှင့်ပတ်သက်၍ မကွေးခရိုင်တရားရုံးကို ထောင်ဒဏ်ချမှတ်ခံံရသူ၏ မိဘဆွေမျိုးများက မတ် ၁၅ ရက်က ဆန္ဒပြခဲ့ကြပြီး တရားရုံးအား မကျေနပ်ချက်များကို အော်ဟစ်ပြစ်တင်မှုများ တရားရုံးရှေ့တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

၂၀၁၆ ခုုနှစ် အောက်တိုဘာ ၅ ရက်က မကွေးမြို့ ချမ်းမြေ့သာယာရပ်ကွက်တွင် အိုးအိမ်ဦးစီးဌာန၏ အိမ်ရာတစ်ခုတည်ဆောက်စဉ်က ဆေးသုတ်သည့် လုပ်အားခ ရှင်းမပေးသည့်ကိစ္စဖြင့် လူသတ်မှုဖြစ်ခဲ့ကြောင်း၊ ယင်းအိမ်ရာတည်ဆောက်ရေးတွင် ဆေးသုတ်လုပ်ငန်းလက်ခံသည့် ကိုနိုင်ဝင်းက ၎င်း၏ဆေး သုတ်လုပ်ငန်းအတွက် ငွေထုတ်မရသည့်ကိစ္စ စကားများရာမှ အဆိုပါအိမ်ရာကို ဦးဆောင်တည်ဆောက်ခဲ့သည့် ကုမ္ပဏီမှ ဗေကြီးခေါ် ကိုဇော်မျိုးအောင်နှင့် သားကြီးခေါ် ဦးဝင်းရီတို့အား ဓားဖြင့်ထိုးခဲ့ကြောင်း၊ ထို့နောက်ဗေကြီးခေါ် ဇော်မျိုးအောင် သေဆုံး၍ သားကြီးခေါ် ဦးဝင်းရီ ဒဏ်ရာရခဲ့ကြောင်း သိရသည်။

အဆိုပါအမှုတွင် ပြစ်မှုကျူးလွန်ခဲ့သည့် ကိုနိုင်ဝင်းသည် ကိုယ်တိုင်ဝန်ခံ၍ အဖမ်းခံခဲ့ကြောင်း၊ ထိုသို့ အဖမ်းခံခဲ့ပြီးနောက် ကိုုနိုင်ဝင်း၏ညီဖြစ်သူ အသက် ၁၇ နှစ်အရွယ် ကျောက်ခဲခေါ် မောင်အောင်သီဟကိုလည်း အမှုတွင်ပါဝင်သည်ဟုုဆိုုကာ ရဲတပ်ဖွဲ့က ဖမ်းဆီး၍ အမှုတွဲတင်ခဲ့ကြောင်း၊ ယင်းအမှုကို ဦးတေဇအောင်က တရားလိုုပြု၍ ရာဇသတ်ကြီးပုဒ်မ ၃၀၂ (၁)(ခ) /၃၂၆ ဖြင့် တရားစွဲဆိုခဲ့ကြောင်း၊ ယင်းအမှုကို မကွေးခရိုုင်တရားရုုံးက ရာကြီး ၅၁/ ၂၀၁၆ ဖြင့် လက်ခံစစ်ဆေးခဲ့ပြီး မတ် ၁၅ ရက်တွင် ခရိုင်တရားသူကြီး ဒေါ်ထားထားဆွေက ကိုုနိုင်ဝင်းအား ထောင်ဒဏ်အနှစ် ၃ဝနှင့် ကျောက်ခဲခေါ် မောင်အောင်သီဟကိုု ထောင်ဒဏ်ခုနစ်နှစ် ချမှတ်ခဲ့ကြောင်း သိရသည်။

ယင်းသို့ ထောင်ဒဏ်များချမှတ်ခြင်းသည် ပြစ်မှုနှင့် ပြစ်ဒဏ် မမျှသည့်အပြင် ကျောက်ခဲခေါ် မောင်အောင်သီဟသည် အသက် ၁၈ နှစ် မပြည့်သေးသူဖြစ်ပြီး အမှုတွင်လည်း မပါဝင်ဘဲ ဖမ်းဆီးခံခဲ့ရခြင်း၊ ဆေးသုတ်သည့် လုပ်အားခမရရှိသည့်ကိစ္စကို အခြေတည်၍ လူသတ်မှုဖြစ်ခဲ့သော်လည်း လူသတ်မှုကို အမိန့်ချပြီးသည်အထိ လုပ်အားခများ မရရှိသေးခြင်းတို့ကို မကျေနပ်သောကြောင့် ပြစ်ဒဏ်ကျခံရသူများ၏ မိဘဆွေမျိုးများက ဆန္ဒပြ၍ တရားရုံးကို အော်ဟစ်ပြစ်တင်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

“အသိအမှတ်ပြုထားတဲ့ အိမ်ထောင်စုု သန်းခေါင်စာရင်းတွေက အကျုံးမဝင်တော့ဘူးလား။ ကလေး (မောင်အောင်သီဟ) မွေးတဲ့ ၃၀-၁၁-၁၉၉၈ ဆိုတာက အကျုံးမဝင်တော့ဘူးလား။ ပြည်သူကို ဥပဒေက အကာအကွယ်ပေးရမယ်ဆိုတာကြီးက ဘယ်မှာလဲ။ အမေ ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့်သိအောင် ဒီနေရာကနေ လှိုက်လှိုက်လှဲလှဲပြောချင်ပါတယ်” ဟု အမိန့်ချမှတ်ခံခဲ့ရသူများ၏ ဖခင်ဦးခင်မောင်စိုးက မီဒီယာများသိုု့ ပြောကြားခဲ့သည်။

ဦးခင်မောင်စိုးက ၎င်း၏သားအကြီး ကိုနိုင်ဝင်းသည် လုပ်အားခမရသည့်ကိစ္စကြောင့် လူသတ်မှုဖြစ်ခဲ့ရကြောင်း၊ လူသတ်ပြီးချိန်တွင်လည်း မကွေးတိုုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များမှတစ်ဆင့် ရဲတပ်ဖွဲ့သို့ အကြောင်းကြားစေ၍ အဖမ်းခံခဲ့ကြောင်း၊ ကိုနိုင်ဝင်းအား ဖမ်းဆီးပြီး လေးရက်ခန့်အကြာတွင် ၎င်း၏ညီ မောင်အောင်သီဟအား ရဲတပ်ဖွဲ့က ထပ်မံဖမ်းဆီးခဲ့ကြောင်း၊ ထိုသို့ဖမ်းဆီးစဉ်နှင့် တရားရုံးသို့ ရောက်ရှိစဉ်တွင် မောင်အောင်သီဟသည် အသက်မပြည့်သေးဘဲ အမှုတွင်လည်း မပါဝင်ကြောင်းကို မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ချိုလတ်နှင့် ယခင်မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ အလုုပ်သမားဝန်ကြီးဟောင်း ဦးနေမျိုးကျော်တိုု့က တရားရုံးတွင် သက်သေခံ ထွက်ဆိုပေးခဲ့ကြောင်း၊ ယင်းအမှုနှင့်ပတ်သက်၍ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ထံသို့လည်း တိုင်ကြားဖူးကြောင်း၊ ထိုသို့တိုင်ကြားခြင်း၊ လွှတ်တော်ကိုယ်စားလှယ်များအား အကူအညီတောင်းခြင်းများကြောင့် တရားရုုံးက ငြိုးချက်ထား၍ ပြစ်ဒဏ်မကျ ကျသည်အထိ ချလိမ့်မည်ဟု ပြောကြားမှုများကို ကြားသိခဲ့ရပြီး လက်တွေ့လည်း ပြစ်မှုနှင့် ပြစ်ဒဏ် မမျှတစွာ ချမှတ်ခဲ့ကြောင်းကို ဦးခင်မောင်စိုးက ဆက်လက်ပြောကြားသည်။

အဆိုုပါအမှုကိုု လုုိက်ပါကူညီခဲ့သည့် ကိုထွန်းက “ကျွန်တော်တို့က တစ်ဦးတစ်ယောက်တည်းအတွက်၊ ကိုုနိုင်ဝင်းအတွက် တောင်းဆိုနေတာ မဟုတ်ပါဘူး။ မကွေးတိုင်းတစ်တိုင်းလုံးက ပြည်သူတွေ ဖြောင့်မတ်မှန်ကန်တဲ့ တရားရေးဖြစ်ဖို့ တောင်းဆိုနေတာ ဖြစ်တယ်” ဟု ပြောကြားသည်။

ကိုုနိုုင်ဝင်းနှင့် မောင်အောင်သီဟတိုု့၏ရှေ့နေ ဦးထွန်းသိန်းက “တရားရုုံးကတော့ တရားလို လိုပြသက်သေရဲ့ထွက်ဆိုချက်၊ တရားခံ တရားခံပြသက်သေရဲ့ ထွက်ဆိုချက်၊ ပြောရရင် တရားရုံးမှာ ထွက်ဆိုချက်အပေါ်မှာပဲ သုံးသပ်ပြီးတော့ အမိန့်ချတာဖြစ်တယ်။ တရားတာ မတရားတာကတော့ တရားမျှတမှု မရှိတာက ဖမ်းဆီးခဲ့တဲ့ရဲနဲ့ အကြံပေးခဲ့တဲ့ ဥပဒေမှာပဲ တာဝန်ရှိတယ်လို့ ကျွန်တော်မြင်တယ်။ တရားရုံးကတော့ သက်သေထွက်ဆိုချက်ပေါ်မှာပဲ မူတည်ပြီးတော့ အမိန့်ချတာပါ။ အဲဒီအပေါ်မှာမှ မကျေနပ်မှုရှိရင် ရုုံးအဆင့်ဆင့်ရှိမယ်။ အယူခံတွေရှိမယ်” ဟု ပြောကြားသည်။

အဆိုပါအမှုကိုု အမိန့်ချမှတ်ခဲ့ခြင်းနှင့်ပတ်သက်၍ မကွေးခရိုင် တရားရုံး တာဝန်ရှိသူများအား မီဒီယာများက တွေ့ဆုံမေးမြန်းခွင့် တောင်းခဲ့သော်လည်း မကွေးခရိုုင်တရားရုုံး သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ခရိုင်တရားသူကြီး ဒေါ်မြသွေးက “ဖုန်းယူခွင့်မပေးနိုုင်သလို ရုပ်သံယူခွင့်လည်း မပေးနိုင်ဘူး။ မပေးနိုင်ဘူးဆိုတာလည်း ပြောတဲ့အတိုင်း ထည့်ရေးနိုင်တယ်။ စာရွက်နဲ့ ဘောပင်ယူခဲ့ပြီး ပြောတာကို လုုိက်ရေးမှတ်လိုု့ပဲရမယ်။ ဒါမီဒီယာ Law အတိုင်းပဲ။ ရှုပ်တယ်” ဟု ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါအမှုနှင့်ပတ်သက်၍ ဆန္ဒပြသူများသည် မကွေးမြို့နယ်ရဲတပ်ဖွဲ့မှူးထံ ဥပဒေနှင့်အညီ ကြိုတင်စာတင်ခဲ့ကြောင်း၊ မကွေးခရိုင်တရားရုုံးရှေ့မျက်နှာစာတွင် “ယနေ့ ချမှတ်သော တရားသူကြီးအမိန့်သည် ပြစ်မှုနှင့် ပြစ်ဒဏ်မျှတသော တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှု ရှိ မရှိကိုု ပြည်သူတွေအား ချပြနေခြင်းဖြစ်ပါသည်” စသည့်စာသားပါ ဗီနိုင်းဆိုင်းဘုတ်များ စိုက်ထူခဲ့ကြောင်းနှင့် အဆိုပါအမှုနှင့်ပတ်သက်၍ အယူခံဝင်သွားမည်ဖြစ်ကြောင်း သိရသည်။

 


READ NEXT
Cancel OK