Top News

ပြင်သစ်အသင်းအတွက် ကစားခွင့်ရသည်မှာ ဂုဏ်ယူစရာနှင့် အခွင့်ထူးတစ်ခုဟု လက်ရွေးစင်ကစားသမားဘဝမှ အနားယူလိုက်သည့် ဂရီးဇ်မန်း မှတ်ချက်ပြု
24htopnews | October 2, 2024 12:12 PM CST

 

ပြင်သစ်လက်ရွေးစင်အသင်း၏ တိုက်စစ်ကစားသမား ဂရီးဇ်မန်း သည် လက်ရွေးစင်ကစားသမားဘဝမှ အနားယူပြီဖြစ်ကြောင်း အတည်ပြုကြေညာခဲ့ပြီး ပြင်သစ်အသင်းအတွက် ကစားခွင့်ရသည်မှာ ဂုဏ်ယူစရာနှင့် အခွင့်ထူးတစ်ရပ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဂရီးဇ်မန်း (၃၃ နှစ်) သည် ပြင်သစ်လက်ရွေးစင်အဖြစ် ၂၀၁၄ ခုနှစ်တွင် စတင်ရွေးချယ်ခံခဲ့ရပြီး ပွဲပေါင်း ၁၃၇ ပွဲကစားကာ ၄၄ ဂိုး သွင်းယူထားသည်။ ထို့ကြောင့် ပြင်သစ်လက်ရွေးစင်အသင်း၏ တတိယပွဲအများ ဆုံးကစားသမားအဖြစ် ရပ်တည်နေသလို၊ စတုတ္ထဂိုးအများဆုံးကစားသမားအဖြစ်လည်း ရပ်တည်လျက်ရှိသည်။ 

ဂရီးဇ်မန်းသည် လက်ရှိ ပြင်သစ်လက်ရွေးစင်အသင်းနည်းပြ ဒေးရွှမ့်၏ ဦးစားပေးကစားသမားတစ်ဦးအဖြစ် ရပ်တည်နေသော်လည်း အောက်တိုဘာလ နိုင်ငံတကာပွဲစဉ်များ မတိုင်မီ လက်ရွေးစင်ကစားသမားဘဝမှ အနားယူကြောင်း ကြေညာခဲ့ ခြင်းဖြစ်သည်။ 

"အမှတ်တရတွေ အပြည့်ဖြစ်နေတဲ့ နှလုံးသားတစ်ခုနဲ့ အတူ ကျွန်တော့်ဘဝရဲ့ ဒီအခန်းကဏ္ဍကို ပိတ်သိမ်းလိုက်ပါပြီ။ ဒီအသင်းနဲ့အတူ စိန်ခေါ်မှုတွေ၊ အောင်မြင်မှုတွေ၊ မေ့မရနိုင်တဲ့ အခိုက်အတန့်တွေကို ၁၀ နှစ်ကြာ ဖြတ်သန်းခဲ့ပြီးတဲ့နောက် ကျွန်တော့်အတွက် ဘဝစာမျက်နှာအသစ် စတင်ဖို့နဲ့ မျိုးဆက်သစ်တွေအတွက် အခွင့်အရေးပေးဖို့ အခုလိုဆုံးဖြတ်ခဲ့တာပါ။ ဒီအသင်းရဲ့ဝတ်စုံကို ဝတ်ဆင်ခွင့်ရခဲ့တာဟာ ဂုဏ်ယူစရာကောင်းပြီး အခွင့်ထူးတစ်ရပ်ပါပဲ"ဟု ဂရီးဇ်မန်းက ပြောကြားခဲ့သည်။ 

ဂရီးဇ်မန်းအနေဖြင့် ပြင်သစ်အသင်းနှင့်အတူ ၂၀၁၈ ကမ္ဘာ့ဖလား၊ ၂၀၂၁ UEFA Nations League ဖလားများ ဆွတ်ခူးနိုင်ခဲ့ပြီး ယူရို-၂၀၁၆ ပြိုင်ပွဲတွင် သွင်းဂိုး ခြောက်ဂိုးဖြင့် ရွှေဖိနပ်ဆုလည်း သိမ်းပိုက်နိုင်ခဲ့သည်။ ၎င်းသည် ကမ္ဘာ့ဖလားဗိုလ်လုပွဲ နှစ်ကြိမ်၊ ယူရို ဗိုလ်လုပွဲတစ်ကြိမ် တက်ရောက်နိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၃၈ ကြိမ်မှာလည်း ပြင်သစ်အသင်းသမိုင်းတစ်လျှောက် အများဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ ပြင်သစ်လက်ရွေးစင်အသင်းနှင့် ၂၀၁၄ ခုနှစ်တွင် ပွဲဦးထွက်ခဲ့ပြီး နည်းပြ ဒေးရွှမ့်စ်လက်အောက်တွင် အဓိကကစားသမား တစ်ဦးအဖြစ် ကစားခဲ့သူဖြစ်သည်။ 

၂၀၂၃ မတ်လတွင် ၀ါရင့်ဂိုးသမား လိုရစ် လက်ရွေးစင်ကစားသမားဘဝမှ အနားယူသွားပြီးနောက် ပြင်သစ် အသင်း၏ အသင်းခေါင်းဆောင်သစ်အဖြစ် အမ်ဘာပေကို ရွေးချယ်ခဲ့ကာ ဂရီးဇ်မန်းမှာမူ ဒုတိယအသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ခံခဲ့ရသည်။ ပြီးခဲ့သည့် ယူရို-၂၀၂၄ ပြိုင်ပွဲတွင်မူ ပြင်သစ်အသင်း ရုန်းကန်ခဲ့ရပြီး ဂရီးဇ်မန်းမှာလည်း ခြေစွမ်းပြနိုင်ခြင်းမရှိဘဲ ဆီမီးဖိုင်နယ်အဆင့် နှင့်သာ ကျေနပ်ခဲ့ရသည်။

လက်ရှိအချိန်၌ အက်သလက်တီကိုအသင်း၏ တိုက်စစ်ကစားသမားတစ်ဦးအဖြစ် ရပ်တည်နေသည့် ဂရီးဇ်မန်းသည် ကလပ်အသင်းအတွက် ပိုမိုအာရုံစိုက်နိုင်ရန် လက်ရွေးစင်အသင်းမှ အနားယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


READ NEXT
Cancel OK